သတင်း

တပ်မတော်-BGF ပူးပေါင်းအဖွဲ့နှင့် ခွဲထွက် DKBA တို့ တိုက်ပွဲဖြစ်

Want create site? Find Free WordPress Themes and plugins.

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သံလွင်မြစ်အနောက်ဘက်ကမ်းက မိဇိုင်းတောင်တွင် လှုပ်ရှားနေသော တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA-ခွဲထွက်အဖွဲ့) နှင့် တပ်မတော်- ကရင်နယ်ခြား စောင့်တပ် (BGF) ပူးပေါင်းအဖွဲ့တို့ အကြား တိုက်ပွဲဖြစ်ပွားကြောင်း သတင်းရရှိသည်။

အင်အား ၇၀-၈၀ ရှိ DKBA- ခွဲထွက်အဖွဲ့သည် မိဇိုင်းတောင်ပေါ်တွင် လှုပ်ရှားသွားလာနေကြောင်း သတင်းအရ တပ်မတော်က BGF နှင့်ပူးပေါင်း၍ နယ်မြေရှင်းလင်းရေး လုပ်စဉ် မနက် ၈ နာရီမှ ညနေ ၅ နာရီကျော်ထိ တိုက်ပွဲ ဖြစ်ကြောင်း ဒေသခံများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများက ဆိုကြသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “ဟုတ်ပါတယ် မှန်တယ်၊ DKBA-ခွဲထွက်အဖွဲ့နဲ့ မိဇိုင်းတောင်ပေါ်မှာဖြစ်တာပါ။ အဲဒါကတော့ အဲဒီအဖွဲ့တွေ ရှိနေတယ်ဆိုတဲ့ သတင်းအရ သွားရောက် ရှင်းလင်းရင်နဲ့ ထိတွေ့မှု ဖြစ်တာပါ။ အသေးစိတ်တော့ မသိရသေးပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။

မိဇိုင်းတောင်ပေါ်တွင် DKBA-ခွဲထွက်အဖွဲ့သည် ဘုန်းကြီးဝတ်များ၊ ကိုရင်ဝတ်များနှင့် ကျောင်းဒါယိကာများ အဖြစ် လူ ၁၀၀ ဝန်းကျင်ခန့် နေထိုင်လျက်ရှိကြောင်း ပေပင်ဆိပ်ကျေးရွာမှ ဒေသခံ တဦးက ပြောသည်။

မိဇိုင်းတောင်ခြေတွင် မိဇိုင်းကျေးရွာ၊ ပေးပင်ဆိပ်ကျေးရွာ၊ ဝဲပျံကျေးရွာ၊ အောက်မိဇိုင်းကျေးရွာ၊ ဖားပေါင်း ကျေးရွာ စသည့် ကျေးရွာ ၅ ရွာ တည်ရှိပြီး လက်ရှိတွင် အောက်မိဇိုင်းကျေးရွာအနီးက ကျွန်းတောဘုန်းကြီး ကျောင်းသို့ တိမ်းရှောင်လာသူ ၁၅၀ ဝန်းကျင်ခန့် ရှိနေကြောင်း ပေးပင်ဆိပ်ကျေးရွာမှ ကိုစောထီးက ဧရာဝတီသို့ ပြောသည်။

တချို့ကလည်း သံလွင်မြစ်အရှေ့ဘက်ကမ်း ကမမောင်းကျေးရွာဘက်သို့ တိမ်းရှောင်နေကြကြောင်း သိရသည်။

အဆိုပါ အခြေအနေနှင့် ပတ်သက်ပြီး DKBA-ခွဲထွက်အဖွဲ့မှ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောကျော်သက်က “မီးဇိုင်း ကျေးရွာမှာ တပ်မတော်နဲ့ BGF ပူးပေါင်းပြီးတော့ ဝင်ရောက်လာပြီး နယ်မြေရှင်းလင်းရေးလုပ်လို့ ဒီနေ့ မနက် ၈ နာရီကနေ အခုချိန်ထိ တိုက်ပွဲဖြစ်နေတယ်” ဟု ကရင်သတင်းဌာနဖြစ်သော KIC သတင်းဌာနသို့ ပြောထားသည်။

ပြီးခဲ့သော မေလ ၁၇ ရက်ကလည်း ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကောင်းမူရွာအနီးတွင် DKBA-ခွဲထွက်အဖွဲ့နှင့် BGF တို့ ၁၅ မိနစ်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး DKBA-ခွဲထွက်အဖွဲ့မှ တဦးကို ဒဏ်ရာများဖြင့် ဖမ်းဆီး ရမိခဲ့သည်။

ကရင်ပြည်နယ်နယ်ခြားစောင့်တပ်ဖွဲ့ (GBF) အတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူ က “အရင်လမှာ ကျနော် အစည်းအဝေး သွားတယ် အဲဒီဘက်ကိုလေ။ အဲမှာ လူထုနဲ့တွေ့တော့ DKBA-ခွဲထွက် အဖွဲ့တွေ လူ ၇၀-၈၀ လောက်ရှိနေတယ်။ မိုင်းတွေလည်း အများကြီး မြှုပ်ထားတယ်။ ဒါကို ရှင်းလင်းဖို့ ကျနော်တို့လုပ်နေတယ်။ အခု ကျနော်တို့ ပိတ်ဆို့ထားတယ်၊ လုံခြုံရေးယူထားတယ်။ တပ်မတော်နဲ့ BGF ပေါင်းပြီးပေါ့” ဟု ဧရာဝတီသို့ ပြော သည်။

လက်ရှိတွင် တပ်မတော်နှင့် BGF ပူးပေါင်း အင်အား ၄၀၀ လောက်ဖြင့် မီးဇိုင်းတောင်ပေါ်တွင် လှုပ်ရှားနေသော DKBA-ခွဲထွက်အဖွဲ့ကို ဝိုင်းထားပြီး ထိန်းချုပ်ထားကြောင်း၊ မြေမြှုပ်မိုင်းများ ရှင်းလင်းရေးကိုလည်း ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

DKBA-ခွဲထွက်အဖွဲ့ကို ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) မှ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လတုန်းက ထုတ် ပယ်ခံလိုက်သော ဗိုလ်မှူးချုပ် စောကျော်သက်နှင့် ဗိုလ်မှူးကြီး စောဆန်းအောင်တို့ ဦးဆောင် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading