ရာသီတုပ်ကွေးရောဂါ Influenza A H1N1 pdm 09 သံသယရှိလျှင် နီးစပ်ရာ ကျန်းမာရေးဌာနများသို့ သတင်းပေးပို့၍ ကုသမှုခံယူရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဇွန်လ ၂၀ရက် ညက သတင်းထုတ်ပြန်၍ တိုက်တွန်းထားသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာလှက “အခုရာသီကတော့ ရာသီတုပ်ကွေးအဖြစ်များဆုံး အချိန်ဖြစ်တယ်။ အခုကစပြီး စက်တင်ဘာလအထိ ဂရုစိုက်ရပါမယ်။ ဖြစ်ခဲ့ရင် ရောဂါလက္ခဏာတွေကို သိထားဖို့လိုတယ်။ စိုးရိမ်ရတဲ့အခြေအနေမျိုးဆိုရင် ဆေးရုံဆေးခန်းကို အမြန်ဆုံး သွားဖို့ လိုပါတယ်” ဟု နေပြည်တော်ရှိ သတင်းထောက်များကို ပြောသည်။
ဖျားခြင်း၊ နှာရည်ယိုခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ လည်ချောင်းနာခြင်းစသည့် တုပ်ကွေးဆန်သော လက္ခဏာများအပြင် အဖျားကြီးခြင်း ၊ အသက်ရှုရခက်ခဲခြင်း၊ အသက်ရှုကြပ်ခြင်း၊ သတိလစ်ခြင်း၊ ဂနာမငြိမ်ခြင်းစသည့် ရောဂါလက္ခဏာများပေါ်ပေါက်လျှင် နီးစပ်ရာ ကျန်းမာရေး ဌာနများတွင် အမြန်ဆုံး ကုသမှုခံယူရန် လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ကျန်းမာရေး အသိပညာ မြှင့်တင်ရေးဌာနမှ ဒေါက်တာ ဖြူဖြူအေး က “အဖျားအရမ်းကြီးတာ အသက်ရှုရတာ ပုံမှန်မဟုတ်တော့ဘဲ အသက်ရှုရခက်လာတာ၊ ဒီထက် ပိုဆိုးလာပြီးတော့ ဂဏှာမငြိမ်ဖြစ်မယ် သတိလစ်သွားမယ်ဆိုရင် အိမ်မှာ လုံးဝ မထားသင့်ပါဘူး။ ဆေးရုံဆေးခန်းကို အမြန်ဆုံးပို့ဖို့ လိုအပ်ပါတယ်။ ဒါက မိမိရော မိသားစုရော၊ ပတ်ဝန်းကျင်ကရော လိုက်နာဖို့ လိုအပ်ပါတယ်” ဟု ပြောသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် H1N1 ကာကွယ်ရေး အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လမ်းညွှန်ချက်များအတိုင်း နိုင်ငံတကာလေဆိပ်များနှင့် ဆိပ်ကမ်းများတွင် အဖျားစစ်ဆေးသည့် စက်များထားရှိပြီး ကူးစက်ရောဂါ ရှိမရှိ စစ်ဆေးခြင်းလုပ်ငန်းများကို လုပ်ဆောင်နေကြောင်း သိရသည်။
ထို့အပြင် ပြည်သူလူထုအတွင်း တုပ်ကွေး ဆန်သော ရောဂါလက္ခဏာများဖြစ်ပွားမှုနှင့် ပြင်းထန် အဆုတ်ရောင် ရောဂါဖြစ်ပွားမှု စောင့်ကြည့်ခြင်းတို့ကို ယခင်ထက် တိုးမြင့်လုပ်ဆောင်နေပြီး ဆေးရုံများတွင်လည်း ကုသမှုပေးရန် သီးသန့်အခန်းများ ပြင်ဆင်ထားရှိကြောင်း သိရသည်။
ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ကြိုတင်ကာကွယ်ရေး အဖြစ် နှာချေ ချောင်းဆိုးလျှင် ပါးစပ်နှင့် နှာခေါင်းကို ဖုံးအုပ်ကာကွယ်ခြင်း၊ နှာချေချောင်းဆိုးပြီးချိန်၊ ရောဂါပိုးရှိသူအား ကိုင်တွယ်ပြီး ချိန်နှင့် အများသုံးပစ္စည်းများအား ထိတွေ့ကာကွယ်ပြီးချိန်တို့တွင် လက်ဆေးခြင်းးလူထူထပ်နေရာများကို မလိုအပ်ဘဲ သွားလာခြင်းမှ ရှောင်ကြဉ်ခြင်း စသည့်အချက်များကို လိုက်နာကြရန်လည်း တိုက်တွန်း နှိုးဆော်ထားသည်။
ထို့အပြင် H1N1 ကာကွယ်ဆေးသည် ဈေးနှုန်းကြီးမြင့်ပြီး ၄၆ ရာခိုင်နှုန်းခန့်သာ ကာကွယ်နိုင်သဖြင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ်က ကာကွယ်ဆေးထိုးရန် မတိုက်တွန်းကြောင်း၊ ရောဂါကာကွယ်ရန် အတွက် အိပ်ရေးဝဝအိပ်စက်ခြင်း၊ အာဟာရပြည့်ဝရန် စားသုံးခြင်း၊ တကိုယ်ရေသန့်ရှင်းမှု ပြုလုပ်ခြင်းဖြင့် ရောဂါကာကွယ်နိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူများက ဆိုသည်။
သို့ရာတွင် ပြည်သူလူထုအနေဖြင့် H1N1 ကြောင့် အသက်အန္တရာယ်ရှိမည်ကို စိုးရိမ်၍ မိသားစုလိုက် ကာကွယ်ဆေး ထိုးမှုများရှိနေကြကြောင်း၊ အထူးသဖြင့် ကလေးငယ်များအတွက် ကာကွယ်ဆေးထိုးမှု များပြားနေပြီး နေပြည်တော်ရှိ ဈေးကွက်အတွင်း ကာကွယ်ဆေး ပြတ်လတ်သည်အထိ ထိုးနှံမှုများ ရှိနေကြောင်း နေပြည်တော် ပျဉ်းမနားမြို့မှ မဆုလှိုင်ထွန်းက ပြောသည်။
“ဒီဟာက ကူးစက်မြန်တဲ့ရောဂါဆိုတဲ့အတွက် အများကြီး ဖြစ်သွားနိုင်တယ်။ အဲဒီအတွက် စိုးရိမ်တယ်။ ကာကွယ်ဆေးထိုးတယ်။ ကာကွယ်ဆေးနဲ့တင် မလုံလောက်တဲ့အတွက် လက်ဆေးရမယ်ဆိုတာမျိုး၊ လူထူထူနေရာ မသွားတာမျိုး၊ ချောင်းဆိုးရင် မျက်နှာကို အုပ်ရမယ်ဆိုတာမျိုး ထုတ်ပြန်ချက်တွေကိုလည်း သေသေချာချာ လိုက်နာတယ်” ဟု မဆုလှိုင်ထွန်းက ပြောသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် H1N1 နှင့်ပတ်သက်ပြီး သတင်းထုတ်ပြန်ရာတွင် အများပြည်သူ လွယ်ကူစွာ နားလည်နိုင်အောင် ပိုမိုရှင်းလင်းစွာ သတင်းထုတ်ပြန်ပေးရန် လိုအပ်ကြောင်းလည်း ၎င်းက အကြံပြုပြောဆိုသည်။
တုပ်ကွေးဆန်သော ရောဂါလက္ခဏာဖြစ်ပွားမှုကို စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ရန်ကုန် ပြည်သူ့ဆေးရုံကြီး၊ သင်္ကန်းကျွန်းစံပြဆေးရုံကြီး ၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ၊ မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီး၊ မြဝတီပြည်သူ့ဆေးရုံ၊ မူဆယ်ပြည်သူ့ဆေးရုံကြီး မန္တလေးပြည်သူ့ဆေးရုံကြီး၊ စစ်တွေ ပြည်သူ့ဆေးရုံကြီးစသည့် ဆေးရုံကြီး ၈ ခုတွင် လုပ်ဆောင်နေရာမှ မြောက်ဥက္ကလာပဆေးရုံကြီး၊ အင်းစိန်ဆေးရုံကြီး၊ လှိုင်သာယာဆေးရုံကြီးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ဆေးရုံကြီး စုစုပေါင်း ၁၅ ခုတို့တွင် ထပ်မံတိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၉ခုနှစ် ဇန်နဝါရီလမှ ဇွန်လ ၂၀ ရက်အထိ လူနာ ၁၆ ဦးတွင် Influenza A (H1N1) pdm 09 ကို တွေ့ရှိခဲ့သည့်အနက် ၆ လအရွယ်ကလေးငယ်တဦးအပါအဝင် ရန်ကုန်တိုင်းဒေသကြီးမှ ၅ ဦးနှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ ၁ ဦး သေဆုံးခဲ့သည်။
၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ မေလအတွင်း H1N1 ပိုးတွေ့ရသည့် လူနာ ၄ ဦးရှိသော်လည်း ၎င်းတို့မှာ အသက်သေဆုံးခြင်းမရှိခဲ့ဘဲ ရောဂါဖြစ်ပွားမှု များပြားသော ကာလဖြစ်သည့် ဇွန်လအတွင်း ပိုးတွေ့လူနာ ၁၂ ဦးရှိသည့်အနက် ၆ ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်အတွင်း တုပ်ကွေးရောဂါပိုးစစ်ဆေးသူ ၁ထောင်ကျော်အနက် ၄၅၈ ဦးတွင် တုပ်ကွေးရောဂါပိုးတွေ့ခဲ့သည်။ ယင်း ၄၅၈ ဦးအနက် ၄၀၆ ဦးတွင် Influenza A (H1N1) pdm 09 ကို တွေ့ရှိရပြီး သေဆုံးသူ ၃၈ ဦးအထိ ရှိခဲ့သည်။
၂၀၁၈ ခုနှစ်တွင် စစ်ဆေးသူ ၃၆၇ ဦးအနက် တုပ်ကွေးပိုးတွေ့လူနာ ၁၁၈ ဦးမှ ၁၃ ဦးတွင် Influenza A (H1N1) pdm 09 ကို တွေ့ရှိရပြီး သေဆုံးသူ မရှိခဲ့ကြောင်း သိရသည်။
You may also like these stories:
ကူးစက်ပြန့်ပွားမှုနှုန်း မြင့်မားနေတဲ့ H1N1 ရာသီတုပ်ကွေး အကြောင်း
H1N1 ဖြင့် သေဆုံးသူ ၅ ဦးထိရှိလာပြီး ရောဂါပိုးရှိသူ ၂၂ ဦးတွေ့ထား
H1N1 ဖြင့် သေဆုံးသူ ၃ ဦးရှိပြီး၊ ကူးစက်ခံနေရသူ ၇ ဦးရှိနေ