လူကုန်ကူးပွဲစားများနှင့် ပတ်စပို့စ်ဗီဇာအတု လုပ်ပေးသူများအား ထိုင်းနှင့် မြန်မာနိုင်ငံ နှစ်နိုင်ငံပူးပေါင်းပြီး ဖမ်းဆီးအရေးယူမှုဆောင်ရွက်သွားမည်ဟု မြဝတီခရိုင် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တာဝန်ခံ ဒုရဲမှူး ရဲနေဝင်းအောင်က ဧရာဝတီသို့ အတည်ပြုပြောကြားသည်။
ပတ်စပို့စ်၊ ဗီဇာအတုက ထိုင်းနိုင်ငံ၏တံဆိပ်ကို အတုလုပ်ခြင်းဖြစ်သည့်အတွက် ထိုင်းနိုင်ငံက ထိုအမှုကို နိုင်ငံတော်ပုန်ကန်မှုဟု သတ်မှတ်ထားကြောင်း သိရသည်။
“လူကုန်ကူးမှု ပပျောက်ရေးအတွက် လုပ်တာဖြစ်တယ်။ ထိုင်းမှာလည်း မိထားတာရှိတယ်။နောက်ပြီး သူတို့ ထိုင်းနိုင်ငံဥပဒေအရ ပွဲစားတွေကို အရေးယူမယ်။ မြန်မာနိုင်ငံကို ပြန်ပြီးလွှဲပေးမယ်။ မြန်မာနိုင်ငံမှာလည်း အမှုဖွင့်မယ်”ဟု ၎င်းက ဆက်ပြောသည်။
တချို့က MOU ကိုအကြောင်းပြ၍ ပွဲစားများနှင့် သွားရောက်လုပ်ကိုင်ကြသူများသည် တဖက်နိုင်ငံကို ရောက်သည့်အခါ MOU မဟုတ်သည့်အတွက် အလုပ်မရဘဲ ပြန်လာရခြင်းမျိုးရှိပြီး ထိုသို့ တရားမဝင်ပို့ဆောင်မှုများကို ခရီးသွားအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၂၆ ဖြင့် အရေးယူကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် ၂၀၁၆ ခုနှစ်အတွင်း လူကုန်ကူးခံရသူ ၈၆ ဦး၊ ၂၀၁၇ ခုနှစ်တွင် ၈၇ ဦး၊ ၂၀၁၈ ခုနှစ်တွင် ၁၀၆ ဦးနှင့် ၂၀၁၉ ခုနှစ်၊ ဇွန်လထိ ၄၅ ဦးတို့ကို ကယ်တင်၍ မြန်မာဘက်ခြမ်းသို့ ပြန်လည်ပို့ဆောင်ခဲ့သည်ဟု ထိုင်းဘက်ခြမ်းမှ တက်ရောက်လာသော ကိုယ်စားလှယ်များဘက်က တင်ပြချက်အရ သိရကြောင်း KIC သတင်းဌာနတွင် ဖော်ထားသည်။
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ (MAT)မှ ဒါရိုက်တာ ဦးကျော်သောင်းက “မြန်မာနိုင်ငံက အလုပ် အရမ်းရှားပါးတဲ့နိုင်ငံဖြစ်တယ်။ အဲဒီတော့ ရတဲ့အလုပ်ကို ထွက်လုပ်နေရတယ်။အဲဒီစာရွက်စာတမ်းအတု ကိစ္စတွေက အလုပ်အကိုင်ရှားပါးခြင်းနဲ့ လုံးဝကိုဆက်စပ်နေတဲ့အတွက် ဒီကိစ္စပပျောက်ဖို့က တော်တော်ကြီးကို အခြေခံက စရမယ်ထင်တယ်”ဟု သုံးသပ်ပြသည်။
မြဝတီမြို့၌ ၂၀၁၈ခုနှစ်က ဖမ်းဆီးရမိသည့် လူကုန်ကူးမှု ၁မှုတွင် တရားခံ ကျား ၂ဦး၊ မ၂ဦးက အမျိုးသမီး ၂ဦးကို လူကုန်ကူးခဲ့ခြင်းဖြစ်သည်။
အလားတူ ၂၀၁၉ ခုနှစ် ဇွန် ၂၀ ရက်နေ့အထိ ဖမ်းဆီးရမိသော လူကုန်ကူးမှု ၂ မှုတွင် တရားခံက အမျိုးသမီး ၆ ဦး က အမျိုးသမီး ၃ ဦးကို လူကုန်ကူးခဲ့သည်။
ထို့အပြင် တဖက်နိုင်ငံကို ပြင်ပအကျိုးဆောင်လိုင်စင်မရှိဘဲ လူပို့ဆောင်သောသူများကို ပြည်ပအလုပ်အကိုင် ဆိုင်ရာ ဥပဒေဖြင့် အရေးယူထားသူ ၂၀၁၈ ခုနှစ်တွင် ၈မှု၊ ၂၀၁၉ ခုနှစ်တွင် ၅မှုရှိကြောင်း မြဝတီလူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
You may also like these stories:
အက်စစ်ဖြင့် ပက်ခံရပြီး ၈ နှစ်ကြာ ပိတ်လှောင်ခံခဲ့ရသည့် အိမ်အကူအမှု လူကုန်ကူးမှုဖြင့်သာ စွဲချက်တင်
လူကုန်ကူး ခံရသော မြန်မာများကို အိမ်ပြန်ပို့