ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အနီး ဆတ်ရိုးကျချောင်းထဲတွင် ရပ်နားထားသည် တပ်မတော် စစ်ရေယာဉ် ယနေ့ နံနက် အစောပိုင်းက တိုက်ခိုက်ခံရသဖြင့် သဘောၤပေါ်မှ စစ်သည်တချို့ ကျဆုံးသွားကြောင်း သိရသည်။
ယခု တိုက်ခိုက်ခံရသည့် သင်္ဘောအမျိုးအစားသည် အခြားရေယာဉ်များကို ဆွဲရန် သို့မဟုတ် တွန်းရန် အသုံးပြုသည့် တပ်မတော် (ရေ)ပိုင် စစ်သဘောၤတစီး ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် စစ်ရေယာဉ် တိုက်ခိုက်ခံရမှုသည် ပထမဆုံးအကြိမ် ဖြစ်ကြောင်း တပ်မတော်၏ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဧရာဝတီသို့ ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “အဲဒီချောင်းထဲမှာ ရှိနေတဲ့ တပ်မတော် (ရေ) က တွန်းဆွဲယာဉ်တစီးကို ကမ်းပေါ်ကနေ ၁၀၇ မီလီမီတာ ရှော့တိုက်ဒုံးနဲ့ ပစ်သွား တာ။ အဲဒီ ရှော့တိုက်ဒုံးတွေက လောက်ကိုင်မှာလည်း မြို့ကို အဲဒီဒုံးနဲ့ ပစ်ခဲ့ဖူးတာ ရှိတယ်။ ရေယာဉ် ပဲ့ပိုင်း အနည်းငယ် ပျက်စီးသွား တယ်။ စစ်သည်ထိခိုက်မှုတွေ ရှိတယ်” ဟု ပြောသည်။
နံနက် ၃ နာရီ မိနစ် ၃၀ တွင် တိုက်ခိုက်ခံရခြင်း ဖြစ်ပြီး သဘောၤဦးပိုင်း ပျက်စီးသွားကြောင်း၊ စစ်သည် ၂ ဦးကျဆုံး၊ တဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ယင်းအပစ်ခံရသည့် နေ ရာတဝိုက်ကို လုံခြုံရေး တပ်ဖွဲ့ ဝင်များက အသေးစိတ် လိုက်လံ ပိတ်ဆို့ ရှာဖွေလျက် ရှိ ကြောင်း စစ်တွေမြို့ မှ အမည် မဖော်လို သော လုံခြုံရေး အရာရှိတဦးက ပြောသည်။
ထို့သို့ စစ်သင်္ဘောတိုက်ခိုက်ခံရချိန်တွင် ၂ ဖက် အပြန်အလှန် ပစ်ခတ်ကျရာ လက်နက်ကြီးများပါ အသုံးပြုသဖြင့် စစ်တွေမြို့ အနီးရှိ ကျေးတောရွာမထဲသို့ လက်နက်ကြီးတလုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်တွေ တဖက်ကမ်း၊ ကျေးတောရွာမ ကျေးရွာမှ ဦးစောမောင်သိန်း က “မနေ့က ကျနော်တို့ မိသားစုတွေ အိပ်နေတဲ့အချိန်မှာ လက် နက်ကြီးကျည်ကျတယ်။ အချိန်ကတော့ ၃ နာရီ ကျော်ပြီ။ ဘယ်က ပစ်တာလဲတော့ ကျနော်တို့လည်း မသိဘူး”ဟု ဧရာဝတီသို့ ပြောသည်။
ယခုအခါ ပစ်ခတ်မှု ဖြစ်ပွားရာအနီးရှိ ရပ်ကွက်၊ ကျေးရွာများတွင် သက်ဆိုင်ရာ အာဏာပိုင်များက လူဦးရေ စာရင်း စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “အဲဒီတဝိုက်မှာ အသေးစိတ် လိုက်လံ ရှာဖွေ နေတာတွေ ရှိတယ်။ အရင်က အဲဒီနေရာမှာ တိုက်ပွဲ မရှိခဲ့ဘူး။ စစ်တွေမြို့ ပေါ်လို့တောင် ပြောလို့ရတဲ့ နေရာပါ” ဟု ပြောသည်။
ရခိုင်ပြည်နယ်ရှိ ဒေသခံများကမူ တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့ကြား တိုက်ပွဲများတွင် တပ်မတော် (ရေ) မှ ရေထဲမှ ပစ်ကူပေးနေသည်ဟု ပြောဆိုသော်လည်း တပ်မတော်တာဝန်ရှိသူများက ငြင်းဆိုသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “အရင်က စစ်တွေမြို့ လုံခြုံရေး၊ ရေကြောင်း လုံခြုံရေး ဆောင်ရွက်ပေးနေတဲ့ သင်္ဘောတွေ ရှိတယ်။ တိုက်ပွဲတွေမှာ ရေယာဉ်ပေါ် ကနေ ပစ်ကူပေးခဲ့တာတော့ မရှိဘူး။ လုံခြုံရေး လိုက်လံ ဆောင်ရွက်ရတာပဲ ရှိတယ်” ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်မှ စတင်ကာ တပ်မတော်နှင့် AA တို့ အကြား ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး စသည့် မြို့နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားလျက် ရှိရာ စစ်ဘေးရှောင် ၄ သောင်းကျော် အထိ များလာပြီ ဖြစ်သည်။
အစိုးရက AA အဖွဲ့ကို နေပြည်တော် အထိ ဖိတ်ခေါ်၍ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း အောင်မြင်မှုများ မရရှိခဲ့ သလို တပ်မတော်ကလည်း AA ကို အကြမ်းဖက် သောင်းကျန်းသူ အဖြစ်သာ သတ်မှတ်ကြောင်း ထုတ်ဖော် ပြောဆိုထားသည်။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများ ဇွန်လအတွင်း လျော့ကျ သွား ကြောင်း၊ ထိုသို့ လျော့ကျသွားခြင်းမှာ တပ်မတော် အနေဖြင့် လုံခြုံရေး အရ နယ်မြေ စိုးမိုးမှု ပြန်ရရှိလာခြင်းကြောင့် ဖြစ်ကြောင်း တပ်မတော် တာဝန်ရှိသူများက ပြောဆိုသည်။
မြန်မာ့ တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့ကြား တိုက်ပွဲများ ပြင်းထန်လာသည်မှာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလကတည်းက ဖြစ်ပြီး ယခု ၂၀၁၉ ခုနှစ်၊ ဇွန်လသည် တိုက်ပွဲဖြစ်ပွားမှု အနည်းဆုံး အခြေအနေသို့ ရောက်ရှိသွားကြောင်း၊ သို့သော် တိုက်ပွဲများ လျော့ နည်းနေခြင်းမှာ တပ်မတော်က စစ်ဆင်ရေး နယ်မြေတချို့ ကို ရပ်ထားခြင်းကြောင်း ဖြစ်ကြောင်း AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောဆိုသည်။
ထို့ပြင် AA အဖွဲ့ ၏ လက်ချက်ဖြင့် မြန်မာ တပ်မတော်ဘက်မှ ကျဆုံးသူ ၁၂၀၀ ကျော် ရှိကြောင်း၊ တိုက်ပွဲအကြိမ်ပေါင်း ၅၀၀ ကျော် တွင် တပ်မတော်ဘက်မှ ထိခိုက်ကျဆုံးမှုမှာ ၂၀၁၉ ဇန်နဝါရီလတွင် ၈၈ ဦး၊ ဖေဖော်ဝါရီမှာ ၉၂ ဦး၊ မတ်လတွင် ၂၂၀၊ ဧပြီတွင် ၂၅၄ ဦးနှင့် မေလတွင် ၄၉၀ ရှိသဖြင့် စုစုပေါင်း ၁၁၄၄ ဦး ရှိကြောင်း၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၁၉ ဇွန်လ ကျဆုံးစာရင်းကို ထည့် လိုက်ပါက ၁၂၀၀ ကျော်ရှိသည်ဟု ခိုင်သုခက ပြောသည်။
တိုက်ပွဲ အကြိမ်ရေပေါင်းမှာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်နေ့မှ စ၍ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့အထိ မိနစ် ၃၀ အထက် ဖြစ် ခဲ့သည့် တိုက်ပွဲပေါင်း ၂၃၇ ပွဲ ဖြစ်ကြောင်း၊ ဒီဇင်ဘာ ၂၁ ရက်နေ့မှ ဒီဇင်ဘာ ၃၁ အထိ တိုက်ပွဲ ၃ ကြိမ်၊ ၂၀၁၉ ဇန်နဝါရီတွင် ၂၉ ကြိမ်၊ ဖေဖော်ဝါရီတွင် ၃၁ ကြိမ်၊ မတ်လတွင် ၆၁ ကြိမ်၊ ဧပြီတွင် ၂၆ ကြိမ်၊ မေလတွင် ၆၅ ကြိမ်နှင့် ဇွန်လတွင် ၁ ရက်နေ့မှ ၈ ရက် နေ့အထိ ၁၂ ကြိမ် ဖြစ်ကြောင်း AA အဖွဲ့ ထံမှ သိရသည်။
သို့သော် တပ်မတော်၏ ကျဆုံးမှုမှာ AA အဖွဲ့ ၏ ထုတ်ပြန်မှုလောက် မရှိကြောင်း တပ်မတော် တာဝန်ရှိသူများက ငြင်းဆိုခဲ့သည်။
မင်းအောင်ခိုင် ပူးပေါင်းရေးသားသည်။
You may also like these stories:
မင်းပြားတွင် တပ်မတော်နှင့် AA တိုက်ပွဲဖြစ်
AA အဖွဲ့ဝင်ဟု သံသယ ရှိသဖြင့် အရပ်သား ၂၅ဦးကို ထိန်းသိမ်းထား
တပ်မတော် သဘောထားတင်းမာလျှင် ဆွေးနွေးပွဲ ထိခိုက်နိုင်ဟု ဗိုလ်ချုပ် ထွန်းမြတ်နိုင်ပြော