တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA-ခွဲထွက်အဖွဲ့) မှ ဗိုလ်စန္ဒာဝရ ဦးဆောင်သော အင်အား ၃၁ ဦးသည် လက်နက် ၂၈ လက်နှင့်အတူ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) ဖြင့် ဇွန် ၂၂ ရက် တွင် လာရောက် ပူးပေါင်းကြောင်း သတင်းရသည်။
တပ်မတော်- BGF ပူးပေါင်းအဖွဲ့သည် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သံလွင်မြစ် အနောက်ဘက်ကမ်း မိဇိုင်း တောင်ပေါ်တွင် DKBA-ခွဲထွက်အဖွဲ့ အခြေပြု လှုပ်ရှားနေကြောင်း သတင်းအရ နယ်မြေ ရှင်းလင်းရေးလုပ်ရာ ဇွန်လ ၂၁ ရက် မနက် ၈ နာရီမှ ညနေ ၅ နာရီကျော်ထိ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြသည်။
ထို့နောက် ဇွန်လ ၂၂ ရက်တွင် ဗိုလ်စန္ဒာဝရ ဦးဆောင်သော DKBA-ခွဲထွက်အဖွဲ့မှ အင်အား ၃၁ ဦးနှင့် လက်နက် ၂၈ နှင့်အတူ BGF ဖြင့် အပစ်အခတ်ရပ်ပြီး လာရောက် ပူးပေါင်းခဲ့ကြသည်ဟု ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF)မှ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူက ဧရာဝတီသို့ အတိပြု ပြောသည်။
ဗိုလ်မှူးကြီး စောချစ်သူက “ပူးပေါင်းလိုက်တယ်လို့လည်း ပြောရမှာပေါ့။ အခုတော့ မြိုင်ကြီးငူကို ရောက်ပြီ။ လူအင်အားကတော့ ၃၁ ယောက်၊ လက်နက်က ၂၈ လက်၊ သူတို့အဖွဲ့က လူအင်အား ၇၀ ကျော်ရှိတယ်။ လက်နက်က ၄၀ ကျော်ရှိတယ်။ ကျန်တဲ့ လူတွေကတော့ ကျနော်ထင်တာ ကြောက်လန့်ပြီးတော့ ခဏ တိမ်းရှောင်ေ်နတဲ့ သဘောရှိတယ်” ဟု ပြောသည်။
၎င်းက ဆက်၍ “တနေကုန် ပစ်ပြီးမှ ဒီလို ပြန်လာတာဆိုတော့ ပြောရင်လည်း မကောင်းဘူး၊ လက်နက်ချတာတော့ မဟုတ်ဘူး၊ ဒါပေမယ့် ဒီထက်ပိုပြီးတော့ ဆိုးဆိုးဝါးဝါး မဖြစ်ဖို့တော့ ထပ်မလုပ်ချင်တဲ့ သဘောကြောင့်လည်း တယောက်နဲ့တယောက် ခွင့်လွတ်တဲ့ သဘောပြောမလားပေါ့နော်။ ကျနော်ထင်တာ သူတို့ထဲမှာ ကျနော်တို့နဲ့ အရင်တုန်းက တွဲဖူး နေဖူးတဲ့လူတွေလည်း အများကြီးပါပါတယ်။ သူတို့ တပ်နယ်ထဲမှာ သူတို့နေရင် နေမယ်၊ တချို့လည်း မလုပ်တော့ပဲ အရပ်သား အနေနဲ့ နေချင်တဲ့လူတွေလည်း ပါမှာပေါ့ဗျာ” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် DKBA- ခွဲထွက်အဖွဲ့နှင့် တပ်မတော်-BGF ပူးပေါင်းအဖွ့ဲကြား မိBGFဇိုင်းတောင်ပေါ်မှာ တိုက်ပွဲများ မဖြစ်တော့ဘဲ ပြန်လည် ငြိမ်သက်သွားပြီ ဖြစ်ကြောင်းလည်း သိရသည်။
ဇွန်လ ၂၁ ရက်က ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် မိဇိုင်းတောင်ခြေရှိ ဒေသခံ ၁၅၀ ဝန်းကျင်သည် အောက်မိဇိုင်းကျေး ရွာအနီးက ကျွန်းတောကျောင်းသို့ တိမ်းရှောင်နေကြကြောင်း သိရသည်။
DKBA-ခွဲထွက်အဖွဲ့ကို ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) မှ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လတုန်းက ထုတ် ပယ်ခံလိုက်သော ဗိုလ်မှူးချုပ် စောကျော်သက်နှင့် ဗိုလ်မှူးကြီး စောဆန်းအောင်တို့ ဦးဆောင် ဖွဲ့စည်းထားသည်။
ဆက်စပ်ဖတ်ရှူရန် – တပ်မတော်-BGF ပူးပေါင်းအဖွဲ့နှင့် ခွဲထွက် DKBA တို့ တိုက်ပွဲဖြစ်