တရုတ်နိုင်ငံသို့ ဇနီးမယား အဖြစ် ရောင်းစားခံရသည့် အရှေ့တောင်အာရှမှ အမျိုးသမီး ၁၁၀၀ ကျော်ကို တရုတ်ရဲတပ်ဖွဲ့က ယမန်နှစ်မှာ ကယ်တင်လိုက်နိုင်ကြောင်း ယမန်နေ့က ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့နှစ် ဇူလိုင်လမှ ဒီဇင်ဘာလအတွင်း မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ ရဲတပ်ဖွဲ့များနှင့် ပူးတွဲ စစ်ဆင်ရေး လုပ်ဆောင်ခဲ့စဉ်အတွင်း ကလေးငယ် ၁၇ဦးကိုလည်း ကယ်တင်နိုင်ကြောင်း တရုတ် ပြည်သူ့လုံခြုံရေး ဝန်ကြီး ဌာန ကြေညာချက်တွင် ဖော်ပြသည်။
ပြန်ပေးဆွဲ၊ လူကုန်ကူးပြီး ထိမ်းမြားလက်ထပ်သော အရှုပ်တော်ပုံများကို ဖြိုခွဲသည် စစ်ဆင်ရေးအတွင်း နိုင်ငံခြားသား ၂၆၀ အပါအဝင် သံသယရှိသူ ၁၃၀၀ ကျော်ကို ထိန်းသိမ်းနိုင်ခဲ့ကြောင်းလည်း ဖော်ပြသည်။
အဆိုပါ ဝန်ကြီးဌာန ပြောခွင့်ရ ဂေါင်လီက “မကြာခင်နှစ်တွေက ပြည်တွင်း ပြည်ပ ရာဇဝတ်သားတွေဟာ အိမ်နီးချင်းနိုင်ငံ တွေက အမျိုးသမီးတွေကို အလုပ် ဒါမှမဟုတ် အိမ်ထောင်ရေးနဲ့ ဖြှားယောင်းပြီး တရုတ်နိုင်ငံထဲကို ခေါ်ဆောင်ခဲ့တယ်၊ တချို့ကိုဆိုရင် ပြန်ပေးဆွဲပြီး ဇနီးမယား အဖြစ် ရောင်းစားခဲ့တယ်”ဟု ဆိုသည်။
ဆယ်စုနှစ်နှင့် ချ ီကြာသည့် ကလေးတဦးသာ မွေးဖွားရေး မူဝါဒနှင့် ယောင်္ကျားလေး ဦးစားပေးသည့် ထုံးစံကြောင့် တရုတ် နိုင်ငံတွင် အမျိုးသမီး ၃၃ သန်းလိုအပ်နေပြီး အလားတူ အရေအတွက်ရှိသော အမျိုးသားများမှာ အဖေါ်မဲ့နေကြောင်း သိရ သည်။
အဓိကအားဖြင့် ဆင်းရဲနွမ်းပါးမှု ဒဏ်ကို ခံစားနေရသည့် မဲခေါင်ဒေသ နိုင်ငံများမှ အမျိုးသမီးများတချို့သည် တရုတ်နိုင်ငံ မှ အိမ်ထောင်ရေးကို အလောင်းအစား သဖွယ် ပြုလုပ်ကြသည်။
အချို့သော အမျိုးသမီးများမှာ အိမ်ထောင်ရေး အရှုပ်တော်ပုံ၏ သားကောင်ဖြစ်ပြီး ညှင်းပမ်း နှိပ်စက်ခံရခြင်း၊ တရုတ် လူဝင်မှု ကြီးကြပ် ရေး ဥပဒေအရ ဖမ်းဆီးခံရခြင်း၊ ပြည့်တန်ဆာ အဖြစ် စေခိုင်းခံရခြင်းများကြုံတွေ့နေရသည်။
တရုတ်နိုင်ငံ အလယ်ပိုင်း အန်ဟွေးပြည်နယ်မှ အိမ်ထောင်ရေး အေဂျင်စီတခုတွင် ဗီယက်နမ် အမျိုးသမီး ၁၁ ဦးကို ပြည်ဝင်ခွင့်ဗီဇာ ရက်လွန်နေကြောင်း တွေ့ရသည်။
ထိုအေဂျင်စီသည် တရုတ် အမျိုးသား တဦးကို ဗီယက်နမ် အမျိုးသမီး တဦးနှင့် မိတ်ဆက်ပေးရန် ယွမ် ၃၀၀၀ မှ တသောင်း ( ဒေါ်လာ ၄၅၀ မှ ၁၀၅၀၀ ) အထိယူသည်။
အချို့ အမှုများတွင် အလုပ်အကိုင် အေဂျင်စီ အတုများက အလုပ်ပေးမည် ဟုဆိုကာ အမျိုးသမီးများကို တရုတ်နိုင်ငံ သို့ခေါ်ယူပြီး အတင်းအကျပ် လက်ထပ်ပေးရန် ရောင်းစားကြသည်။
ထို့အပြင် အဆိုးရွားဆုံးအမှုများတွင် မလုံခြုံသော နယ်စပ်မှ အမျိုးသမီးများကို ပြန်ပေးဆွဲခြင်း လူကုန်ကူးခြင်းများလည်း ရှိနေကြသည်။