ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ထုံးဗူး ကျေးရွာသား တဦးမှာ စိုက်ခင်းသို့ သွား ရောက်စဉ် မြေမြှပ်မိုင်း နင်းမိသဖြင့် ညာဖက် ခြေထောက် ပြတ်ထွက်သွားသဖြင့် စစ်တွေဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရသည်။
မိုင်းနင်းမိသော အသက် ၄၀ အရွယ် ဦးထွန်းမောင်နှင့် ရွာသား တဦးမှာ ယနေ့ ဇွန်လ ၂၂ ရက်နေ့ နံနက် ၁၀ ရီအချိန်ခန့်က ၎င်းတို့ ရွာအနီး ဘဲငါးရာတောင်တန်းပေါ်တွင် စိုက်ပျိုးထားသည့် စိုက်ခင်းသို့ ဓညှင်းသီးခူးရန် သွားရောက်စဉ် မြေမြှပ်မိုင်းနင်းမိခဲ့ခြင်း ဖြစ်ကြောင်း ကာယကံရှင်ဖြစ်သူ ဦးထွန်းမောင်က ပြောသည်။
မိုင်းဒဏ်ရာ ရရှိခဲ့သူ ဦးထွန်းမောင် က “ဓညှင်းသီး ခူးဖို့ သွားတာ။ ကျနော်နဲ့ အဖော်တယောက်လည်း ပါတယ်။ သူက ရှေ့က သွားတယ်။ ကျနော်က နောက်က။ စိုင်ခင်းတောင် မရောက်လိုက်ဘူး။ ကျနော်က မိုင်းနင်းမိသွားတာ” ဟု စစ်တွေပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေရင်းမှ ဧရာဝတီသို့ ပြန်ပြောပြသည်။
ထိုသို့ မိုင်းနင်းမိသောကြောင့် ဦးထွန်းမောင်မှာ ခြေထောက်ပြတ်ထွက်သွားသည့်အတွက် အဖော်ဖြစ်သူ ရွာသားက ရွာသို့ ပြန်လာပြီး မိသားစုဝင်များနှင့် ကျေးရွာသားများကို အကြောင်းကြားကာ ယိုးတရုတ် တိုက်နယ်ဆေးရုံမှ တဆင့် စစ်တွေ ဆေးရုံသို့ ယူဆောင်လာခဲ့ခြင်း ဖြစ်ကြောင်းလည်း မိသားစုဝင်များက ပြော သည်။
မိုင်းထိ လူနာ ဦးထွန်းမောင်မှာ လူပျိုကြီး ဖြစ်ပြီး မိဘနှစ်ပါးကို လုပ်ကိုင် ကျွေးမွေးနေသူ တဦးဖြစ်သည်။
အဆိုပါ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက ထုံးဗူး ကျေးရွာတွင် အိမ်ခြေ ၅၀ ကျော် ရှိပြီး မြိုတိုင်းရင်း သားများနေထိုင်သည့် ကျေးရွာတရွာဖြစ်သည်။
ယင်း မြိုတိုင်းရင်းသားများနေထိုင်သည့် ဘဲငါးရာတောင်တန်းက ထုံးဗူး ကျေးရွာအနီးဝန်းကျင်းတွင် ယခုနှစ် မတ်လနှင့် ဧပြီလအတွင်း က တပ်မတော်နှင့် AA တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး နှစ်ဖက် စစ်ရေး လှုပ်ရှားသည့် နယ်မြေ တခု ဖြစ်ကြောင်းလည်း သိရသည်။
ရခိုင်ပြည်နယ်တွင် လက်ရှိဖြစ်ပွားနေသော တိုက်ပွဲကာလအတွင်း မြေမြုပ်မိုင်း ပေါက်ကွဲမှုကြောင့် ဒေသခံ ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိသည့် ဖြစ်စဉ်များမှာ တဖြည်းဖြည်း များပြားလာသည်။
ထို့အတွက် မိုင်းအန္တရာယ် နှင့်ပတ်သက်ပြီး အသိပညာပေးရန် လိုအပ်နေသလို တဘက်တွင်လည်း ဒေသခံ ကျေးရွာသားများ၏ ဘဝလုံခြုံမှု ရှိရန် နိုင်ငံတော်အစိုးရအနေဖြင့် စဉ်းစားပေးရန် လိုအပ်နေကြောင်း တိုက်တွန်းမှုများလည်း ရှိသည်။
ယခုနှစ် မတ်လ ၆ ရက်နေ့ကလည်း မြောက်ဦးမြို့နယ် အောက်သားကန်းကျေးရွာသား ၃ ဦး မှာ ရွာနှင့် ၂ မိုင်ခန့်ဝေးသော ၎င်းတို့ပိုင် ဥယျဉ် ခြံသို့ ထင်းခုတ်သွားစဉ် မိုင်းနင်းမိ သောကြောင့် တပ်မတော်သား အငြိမ်စား တဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့သည်။
ဇွန်လ ၁၁ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်၊ သလူချောင်းကျေးရွာအုပ်စု၊ ဖက်ဝန်းချောင်းကျေးရွာမှ ကျေးရွာ အုပ်ချုပ်ရေး တာဝန်ခံ အသက် ၃၉ နှစ်အရွယ် ဦးရဲထွန်းမှာ ရွာအနောက်ဘက် တောင်တန်းသို့ ဇနီးနှင့်အတူ မျှစ်ခူးသွားစဉ် မိုင်းနင်းမိသည့်အတွက် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ယင်းမြို့နယ် အတွင်း မေလ ၂၄ ရက်ရက်နေ့ကလည်း ချောင်းတူ ကျေးရွာသားတဦးဖြစ်သူ အသက် ၁၈ နှစ်အရွယ် ကိုကျော်နိုင်စိုးမှာ ရွာအနောက်ဘက်တောင်းတန်းသို့ ဝါးခုတ်ရန် သွားစဉ် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သလို မေလ ၂၁ ရက်နေ့က ငှက်ပျောချောင်းကျေးရွာသား ၂ ဦး ဖြစ်သည့် ကိုနိုင်ဇော်ဦးနှင့် ကိုမောင်ပုတို့ မှာ အိမ်ဆေက်ရန် တိုင်လုံးများ သွားသယ်ယူရာတွင် မိုင်းနင်းမိ၍ ဒဏ်ရာများ ရရှိခဲ့သည်။
အလားတူ မေလ ၈ ရက်နေ့ကလည်း အဆိုပါ ကျောက်တော်မြို့နယ် ခမောင်းကျေးရွာတွင် နေထိုင်သည့် ကို ပန်းအောင်ချေ (၃၄) နှစ်မှာ ရွာ၏ အနောက်ဘက် တန်းတောင်းသို့ ဝါးခုတ်ရန် သွားရောက်စဉ် မိုင်းနင်းမိ၍ ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့သဖြင့် ကျောက်တော်ဆေးရုံမှနေ တဆင့် စစ်တွေသို့ တက်ရောက် ကုသခဲ့ရသည်။
You may also like these stories:
ပုဏ္ဏားကျွန်း ဂဏန်းမဲရွာထဲ လက်နက်ကြီးကျ ၁ ဦးသေ၊ ၃ ဦး ဒဏ်ရာရ
ကျောက်တော်တွင် မျှစ်ချိုးသွားသည့် ကျေးရွာအုပ်ချုပ်ရေး တာဝန်ခံ တဦး မိုင်းထိ
မြောက်ဦးတွင် ဗုံးသီးကွဲ၍ ရွာသား ၁ ဦးသေ၊ ၃ ဦး ဒဏ်ရာရ
ကျောက်တော်တွင် မြေမြှုပ်မိုင်းကွဲ၍ အရပ်သား ၁ ဦးထိမှန်
စစ်ပွဲလက်ကျန် ဗုံးပေါက်ကွဲမှုကြောင့် နမ့်ခမ်းတွင် ကလေးငယ်နှစ်ဦး သေဆုံး