ရခိုင်ပြည်နယ်တွင် ရက္ခိုင်စစ်တပ် (AA) လက်နက်ကိုင် အဖွဲ့များက လူသားတံတိုင်း အသွင့်ဖြင့် ရွာများကို အကာ ကွယ် ယူရာမှ သာသနိက အဆောက်အအုံများကို အကာအကွယ်ယူ လှုပ်ရှားလာ ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြား ရေး ကော်မတီမှ ယမန်နေ့က နေပြည်တော် စစ်သမိုင်း ပြတိုက်တွင် ပြုလုပ်သည့် သတင်းစာရှင်းပွဲတွင် ပြောသည်။
တပ်မတော် သတင်း မှန်ပြန်ကြားရေးကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “အခု အချိန်မှာ ဘာကိုပါ အကာအကွယ် ယူလာလဲဆိုတော့ သာသနိကအဆောက်အဦတွေကိုပါ အကာ အကွယ်ယူပြီး လှုပ်ရှားလာတာ ကိုတွေ့ရ ပါတယ်” ဟု ပြောသည်။
ဘုန်းကြီးကျောင်းများကို ဝင်ရောက် ရှာဖွေ စစ်ဆေးရာတွင် လုပ်သေနတ်များ ၊ ပစ္စည်းကိရိယာများနှင့် ဆက်စပ်ပစ္စည်းများ သိုလှောင်ထားရှိမှု များ သိမ်းဆည်းရမိကြောင်း၊ ရွာအနီးတွင်လည်း မိုင်းထောင် ခြင်း၊ မိုင်းဆွဲ တိုက်ခိုက်ခြင်း၊ လူသား တံတိုင်းအသွင်နှင့် ရွာများကို အကာကွယ်ယူ၍ ပြုလုပ်မှုများ ရှိနေကြောင်း သူက ဆိုသည်။
တပ်မတော်မှ တာဝန်ရှိသူများနှင့် ရပ်မိ၊ ရပ်ဖတို့ ပူးပေါင်း၍ ဇွန်လ ၂၁ ရက်၊ ညနေပိုင်းက ရခိုင် ပြည်နယ်ရှိ သင်းကျစ် တောင် ဘုရားကုန်းသို့ ဝင်ရောက် ရှာဖွေရာတွင် စစ်ဘေးရှောင်စခန်း ဖွင့်လှစ် ထားသည်ဟ ဆိုသော်လည်း စစ်ဘေးရှာင် စခန်း နှင့် သက်ဆိုင်ခြင်း မရှိသည့် လုပ်သေနတ်များ၊ မိုင်းများနှင့် ဆက်စပ်သည့် ပစ္စည်းများ၊ ရီမုမိုင်းတွင် အသုံးပြုသည့် ကဒ်ပြားများ၊ ခဲ၊ယမ်းနှင့် အဝတ်အထည်များသိမ်း ဆည်းရမိခဲ့ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
လက်ရှိ မြေပြင် အခြေနေ၌ ရွာသားများနှင့် လွှတ်တော်ကိုယ်စားများ ပြောဆိုချက် အရ AA တပ်သည် ဘုန်းကြီး ကျောင်း နှင့် ဘုရားတွင် အခြေချခြင်း မရှိဘဲ တပ်မတော်ဘက်မှ သာ အခြေချ နေထိုင် သည်ကို တွေ့ရကြောင်း၊ တိုက်ပွဲများ ဖြစ် သည့် အခါတွင် AA ဘက်မှ ဘုရား ပေါ်နှင့် ရွာထဲမှ ပစ်ခြင်း ဖြစ်ကြောင်း တပ်မတော်ဘက်မှ စွပ်စွဲချက်များရှိခဲ့ဖူး ကြောင်း ရခိုင်အမျိုးသားပါတီ အဖွဲ့ဝင် ဦးဖေသန်းက ဧရာ ဝတီသို့ ပြောသည်။
ဦးဖေသန်းက “AA တွေက တော့ ရွာထဲမှာ နေ့ခင်းကြီး ဗြောင်ဝင်ပြီး ချဉ်းကပ်ပြီး နေရာယူဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ ဘာလို့လဲ ဆိုတော့ ဒီဘက်မှာလည်း ရွာသားတွေ ရှိတယ်။ ဘယ်ရွာမှာမှ AA တပ်ဖွဲ့နဲ့ ဘုန်းကြီးကျောင်းမှာ နေရာယူပြီး အစိုးရနဲ့ တိုက်ခိုက်တယ်ဆိုတာ မရှိဘူး” ဟု ပြောသည်။
AA တပ်များ ရွာထဲသို့ ပြေးဝင်သွားသည်ဆိုသည့် ထင်မြင် ယူဆချက်များကြောင့် ရွာသားများကို ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း သူက ဆိုသည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်မှ စတင်ကာ တပ်မတော်နှင့် AA တို့ အကြား ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး စသည့် မြို့နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားလျက် ရှိရာ စစ်ဘေးရှောင် ၄ သောင်းကျော် အထိ များလာပြီ ဖြစ်သည်။
အစိုးရက AA အဖွဲ့ကို နေပြည်တော် အထိ ဖိတ်ခေါ်၍ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ သော် လည်း အောင်မြင်မှုများ မရရှိခဲ့ သလို တပ်မတော်ကလည်း AA ကို အကြမ်းဖက် သောင်းကျန်းသူ အဖြစ်သာ သတ်မှတ်ကြောင်း ထုတ်ဖော် ပြောဆိုထားသည်။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများ ဇွန်လအတွင်း လျော့ကျ သွားကြောင်း၊ ထိုသို့ လျော့ကျသွားခြင်းမှာ တပ်မတော် အနေဖြင့် လုံခြုံရေး အရ နယ်မြေ စိုးမိုးမှု ပြန်ရရှိလာခြင်းကြောင့် ဖြစ်ကြောင်း တပ်မတော် တာဝန်ရှိသူများက ပြောဆိုသည်။
မြန်မာ့ တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့ကြား တိုက်ပွဲများ ပြင်းထန်လာသည်မှာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလက တည်း က ဖြစ်ပြီး ယခု ၂၀၁၉ ခုနှစ်၊ ဇွန်လသည် တိုက်ပွဲဖြစ်ပွားမှု အနည်းဆုံး အခြေအနေသို့ ရောက်ရှိသွားကြောင်း၊ သို့သော် တိုက်ပွဲများ လျော့နည်းနေခြင်း မှာ တပ်မတော်က စစ်ဆင်ရေး နယ်မြေတချို့ ကို ရပ်ထားခြင်းကြောင်း ဖြစ်ကြောင်း AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောသည်။
ထို့ပြင် ယမန်နေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အနီး ဆတ်ရိုးကျချောင်းထဲတွင် ရပ်နားထားသည် တပ်မတော် စစ်ရေယာဉ် ယနေ့ နံနက် အစောပိုင်းက တိုက်ခိုက်ခံရသဖြင့် သဘောင်္ပေါ်မှ စစ်သည် ၂ ဦးကျဆုံးသွားကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှု့ရန်
ပုဏ္ဏားကျွန်းရှိ စစ်ဘေးရှောင်စခန်း တပ်မတော် ဝိုင်းထား
ပုဏ္ဏားကျွန်းတွင် အရပ်သား ၁ ဦး မြေမြှုပ်မိုင်း နင်းမိ၍ ခြေပြတ်
စစ်တွေမြို့ အနီးရှိ တပ်မတော် စစ်ရေယာဉ် တိုက်ခိုက်ခံရ၊ စစ်သည်တချို့ ကျဆုံး