ရခိုင်ပြည်နယ်ရှိ မြို့နယ် ၈ ခုနှင့် ချင်းပြည်နယ် ပလက်ဝ မြို့နယ်တို့တွင် ဖြတ်တောက်ထားခြင်းသည် ယင်းဒေသများတွင် တရား ဥပဒေ စိုးမိုးရေးနှင့် အများပြည်သူ အကျိုးအတွက် ပြည်ထောင်စု အစိုးရ အဖွဲ့ ၏ သဘောတူညီချက်ဖြင့် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၇၇ အရ ဆက်သွယ်ရေး အော်ပရေတာများကို အင်တာနက်လိုင်း ဖြတ်တောက်ရန် ဝန်ကြီးဌာနက ညွှန်ကြားခဲ့ခြင်း ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အင်ဂျင်နီယာချုပ် ဦးမျိုးဆွေက ဧရာဝတီသို့ ပြောသည်။
“အစိုးရ အဖွဲ့ ရဲ့ သဘောတူညီချက်နဲ့ပေါ့ဗျာ။ သူတို့ရဲ့ သဘောတူညီချက်နဲ့ ဝန်ကြီးဌာနက ဆောင်ရွက်လို့ ရပါတယ်။ ဝန်ကြီးဌာန အနေနဲ့ အော်ပရေတာတွေကို ညွှန်ကြားလို့ ရတာကိုး။ အော်ပရေတာတွေကလည်း ပူးပေါင်းဆောင်ရွက်ပါတယ်။ အဲဒီဘက်မှ ဖုန်း ပြောလို့ ရဦးမယ်။ SMS တွေ ပို့လို့ ရဦးမယ်။ အင်တာနက် ဝန်ဆောင်မှုကိုပဲ လောလောဆယ် မပေးတာပါ”ဟု အင်ဂျင်နီယာချုပ် ဦးမျိုးဆွေက ရှင်းပြသည်။
အင်တာနက် ဆက်သွယ်ရေး လိုင်း များကို တည်ငြိမ်အေးချမ်းမှု ရရှိပါက ပြန်လည် ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း ဦးမျိုးဆွေက ပြောသော်လည်း အသေးစိတ်ကိုမူ ရှင်းလင်းပြောဆိုခြင်း မပြုပါ။
“ကျနော်တို့က ညွှန်ကြားလာရင် တရားဥပဒေ စိုးမိုးရေး၊ အများပြည်သူအကျိုးအတွက် အဓိကကတော့ဗျာ ရခိုင်က အခြေအနေတွေ ကိုလည်း သိနေတာပဲ။ လူတွေ ဒုက္ခရောက်နေတယ်။ စစ်ဘေးရှောင်တွေ များနေပြီ။ အဲဒါတွေကို ပြောရရင် အင်တာနက်ကလည်း တခုပေါ့ဗျာ။ အဲဒီအတွက်ကို ခေတ္တပိတ်တာပေါ့။ အခြေအနေတွေ ပြန်ပြီး တည်ငြိမ်အေးချမ်းသွားရင် ပြန်ဖွင့်ပေးမှာပါ”ဟု ဦးမျိုးဆွေ က ပြောသည်။
ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၇၇ တွင် ဝန်ကြီးဌာနသည် အများပြည်သူ အကျိုးအတွက် ဆောင်ရွက်ရန် အခြေအနေ ပေါ်ပေါက် သည့်အခါ အစိုးရ အဖွဲ့ ၏ သဘောတူညီချက်ဖြင့် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းအား ယာယီရပ်ဆိုင်းခြင်း၊ သတင်း အချက် အလက်နှင့် ဆက်သွယ်မှုကို ထိန်းချုပ်ခြင်းတို့ကို လုပ်ငန်းလိုင်စင် ရရှိသူအား ညွှန်ကြားနိုင်သည်ဟု ဖော်ပြထားသည်။
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အနေဖြင့် အင်တာနက် ဝန်ဆောင်မှု တခုတည်းကိုသာ ဖြတ်တောက်ခြင်း ဖြစ်ပြီး ဖုန်းပြောဆိုခြင်း၊ စာတိုစနစ် (SMS) ပေးပို့ခြင်းတို့ကို ဆက်လက် ခွင့်ပြုထားကြောင်း၊ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည် ရခိုင်နှင့် ချင်းပြည်နယ်မှ စုစု ပေါင်း မြို့နယ် ၉ ခုကို ယာယီ အင်တာနက်လိုင်း ဖြတ်တောက်ပြီး ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ကာ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် တပ်မတော်နှင့် ရက္ခိုင့် တပ်မတော် (AA)တို့ အကြား တိုက်ပွဲများ စတင် ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင် ရခိုင်၊ မြောက်ပိုင်းဒေသများဖြစ်သည့် ရသေ့တောင်၊ ဘူးသီး တောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးစသည့် မြို့နယ်များတွင် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဆက်လက် ဖြစ်ပွားခဲ့သည်။
တိုက်ပွဲများ ဖြစ်ပွားရာ ယင်းဒေသ တပ်မတော်၏ လှုပ်ရှားဆောင်ရွက်မှုများကို ရခိုင်ဒေသခံ တချို့ က ဖုန်းအင်တာနက်များ အ သုံးပြုပြီး စစ်ကြောင်း လှုပ် ရှားမှု၊ တည်ရှိမှုတို့ကို AA အဖွဲ့ထံ သတင်းပို့မှုများ ရှိနေသည်ဟု လုံခြုံရေး တာဝန်ရှိသူများဘက်မှ ယုံ ကြည်မှုများ ရှိနေသလို ယင်းဒေသတွင် အင်တာနက်ကို ဖြတ်တောက်ရန် လိုအပ်ကြောင်း ပြောဆိုဆွေးနွေးမှုများကို လူမှု ကွန်ရက် တွင် မြင်တွေ့ နေရသည်မှာ ကြာပြီ ဖြစ်သည်။
သို့သော် အစိုးရ၏ လုပ်ဆောင်ချက်ကို သဘောမတူသူများ ရှိနေသည်။
ရခိုင်တွင် အင်တာနက်လိုင်းများ လုံးဝ မရတော့သဖြင့် ကမ္ဘာ အပြင်ဘက်ကို ရောက်သွားသလို ခံစားရကြောင်း၊ ၎င်းတို့ ဒေသတွင် အွန်လိုင်း ဝန်ဆောင်မှု ရရှိနေခြင်းသည် လုံခြုံရေးနှင့် တရား ဥပဒေ စိုးမိုးရေးကို များစွာ အထောက်အကူ ဖြစ်စေကြောင်း၊ ပွင့်လင်း မြင်သာမှု ရှိစွာ ကမ္ဘာကြီးမှ ရခိုင်ပြည်နယ်တွင် ဘာတွေ ဖြစ်နေသလဲဆိုသည်ကို သိအောင် လုပ်၍ ရကြောင်း ဘူးသီးတောင် မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောသည်။
“အခုက အဲဒီလို ဖြတ်လိုက်တယ်ဆိုရင် ဒီမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ မတရားမှုတွေ ရှိတာတွေ ဖြစ်လာရင် ဘယ်လို လုပ် မလဲ။ ဒါတွေကို ဘယ်လိုသိမလဲ။ အစိုးရအနေနဲ့ တမင်တကာ ဒီလို လုပ်ထားတယ်ဆိုရင် ဒီနေရာက လူတွေကို ဒီလိုပဲ တရား ဥပ ဒေ စိုးမိုးမှု မရှိအောင် တဖက်သတ်ကြီး ဒီလိုဖြစ်အောင် တမင်တကာများ ဖန်တီးထားသလားပေါ့နော်။ အဲလိုမျိုး မေးခွန်းတွေ ဖြစ် လာတယ်”ဟု ဦးအောင်သောင်းရွှေက ပြောသည်။
၎င်းက ဆက်၍ “ဒီဆက်သွယ်ရေး ကွန်ရက်တွေ ဆိုတာ စစ်ရေးအမြင်တခုတည်းနဲ့ လုပ်လို့ မရဘူး။ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အများကြီး ရှိတယ်။ ဒါတွေကို ကြည့်ဖို့ လိုတယ်။ ဒါတွေကို မကြည့်ဘဲနဲ့ စစ်ရေးတခု ဖြစ်နေတယ် ဆိုပြီးမှ ဒီလို ဆက် သွယ်ရေး ကွန်ရက်ကို ဖျက်တယ်ဆိုတာ အစိုးရ တရပ်အနေနဲ့ မလုပ်သင့်တဲ့ ကိစ္စတခုပါ”ဟု ပြောသည်။
ယခုလို အင်တာနက်လိုင်းမှာ ဖြတ်တောက်ခြင်းမှာ အစိုးရ၏ တွေးခေါ် မြော်မြင်မှုနှင့် ဆိုင်ကြောင်း၊ အင်တာနက်လိုင်းမှာ တရား ဥပ ဒေ စိုးမိုရေးတခုတည်းအတွက် လုပ်ဆောင်ထားခြင်း မဟုတ်ကြောင်း၊ ပြည်သူများ အချင်းချင်း ဆက်သွယ်ဆောင်ရွက်ရန်၊ နိုင်ငံ ရေး၊ လူမှုရေး၊ စီးပွားရေး ဆက်သွယ်ရန် ဖန်တီးထားသည့် လူမှု ဆက်သွယ်ရေး ကိရိယာ တခုသာ ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီမှ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးသောင်းအေးက ပြောသည်။
“တရား ဥပဒေစိုးမိုးရေးဆိုတာ အစိတ်အပိုင်းလေး တခုပဲ ရှိတယ်။ လက်တွေ့ တရား ဥပဒေ စိုးမိုးရေး လုပ်ရမှာက လက်ရှိ တာဝန် ယူနေတဲ့ အစိုးရကိုယ်တိုင်ပဲလေ။ လုပ်စရာ တခြားနည်းလမ်းတွေ အများကြီး ရှိပါတယ်။ ဒီအစိတ်ပိုင်းလေး တခုကို လုပ်လိုက်ခြင်း အားဖြင့် အင်တာနက်လိုင်းအပေါ်မှာ မီတွယ်ပြီးလုပ်နေတဲ့ အခြား များစွာသော အစိတ်အပိုင်းတွေ ရပ်ဆိုင်းကုန်တာပေါ့”ဟု ဦး သောင်းအေးက ပြောသည်။
ယခုလို ကန့်သတ်မှုမျိုးမှာ တပ်မတော်က ယင်းနယ်မြေတွင် စစ်ဆင်ရေး အရှိန်မြင့်ရန် မိမိ၏ သတင်းလုံခြုံမှုအတွက် အထောက်အကူ ဖြစ်စေရန် မိမိနှင့် ထိတွေ့ မည့် အဖွဲ့ အစည်းနှင့် ယင်းအဖွဲ့ကို ထောက်ခံအားပေးသည့် လူထုအကြား သတင်းကွက်ဆက် ဖြတ် တောက်ရန် အင်တာနက်လိုင်းကို ရှမ်းပြည်နယ်တွင် ဖြတ်တောက်ခဲ့ဖူးကြောင်း၊ ယခု တပ်မတော်က မဟုတ်ဘဲ အစိုးရက လိုင်း ဖြတ်သည်မှာ အံ့သြစရာ ကောင်းနေကြောင်း အမည်မဖော်လိုသော တပ်မတော်အရာရှိကြီးတဦးက ပြောသည်။
“အစိုးရဘက်က တခါမှ ဒါမျိုး လုပ်လေ့လုပ်ထ မရှိဘူး။ ဒီလိုမျိုးလုပ်တာက နိုင်ငံသားများရဲ့ မူလ အခွင့်အရေးကို မလုပ်သင့်ပါဘူး။ အဲဒီလို လုပ်လိုက်ရင် သာမန်ပြည်သူတွေရဲ့ နေ့စဉ် လူမှုဘဝကို သက်ရောက်မှုတွေ အများကြီး ဖြစ်ပါတယ်။ ဒီလို လုပ်လို့လည်း တပ်မတော်အတွက် အကျိုးများစရာ မရှိသလို ဒေသခံတွေရဲ့ မကျေနပ်မှုတွေ အများကြီး ဖြစ်နိုင်ပါတယ်”ဟု ယင်းတပ်မတော် အရာရှိက ပြောသည်။
၎င်းက ဆက်၍ “ဒေသတခုမှာ ဘယ်လိုပဲ ဖိအားပေးလုပ်လုပ် ဒေသခံ ပြည်သူတွေရဲ့ ထောက်ခံမှုမရရင် မအောင်မြင်နိုင်ပါဘူး။ ဒေ သခံ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှု၊ အားပေးထောက်ခံမှုကို ရအောင် မယူနိုင်ဘူးဆိုရင်တော့ ကိုယ့်ဘက်က စစ်ရေးအရှိန် ဘယ် လောက်ပဲ အင်အား အရ ဖြစ်ဖြစ်၊ လက်နက်အရ ဖြစ်ဖြစ် ဘယ်လောက်ပဲ မြှင့်မြှင့် မအောင်မြင်နိုင်ပါဘူး”ဟု သုံးသပ်သည်။
ရခိုင်ပြည်နယ် အရေး လေ့လာ စောင့်ကြည့်သူ ဦးမောင်မောင်စိုးကလည်း အစိုးရ၏ အင်တာနက်လိုင်း ဖြတ်တောက်မှုမှာ လက်ရှိ ပဋိပက္ခကို လျော့ချနိုင်မည့် အဖြေတခုဟု မထင်ကြောင်း ပြောသည်။
“ဆက်သွယ်ရေး ကွန်ရက်ကို ပိတ်တယ်ဆိုပေမယ့် Voice နဲ့ Message ကို ဖွင့်ထားတော့ ဆက်သွယ်လို့ ရနေတာပဲလေ။ အခုက လူမှုကွန်ရက်ကို ကျယ်ကျယ်ပြန့်ပြန့် သုံးမှာဆိုးလို့ ပိတ်တာလို့ပဲ ထင်တယ်။ ဝါဒဖြန့်ချီနေရေး ကိစ္စတွေ အတွက် ပိတ်တာလို့ပဲ ထင်တယ်။ ကျနော်ကတော့ သိပ်မထိရောက်ဘူးလို့ ထင်တယ်”ဟု ၎င်းက သုံးသပ်သည်။
တပ်မတော်ကမူ ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲဖြစ်ပွားလျက်ရှိသည့် မြို့နယ်များတွင် အင်တာနက်လိုင်း ဖြတ်တောက်မှုနှင့် ပတ် သက်၍ တပ်မတော် အနေဖြင့်ဆောင်ရွက်ထားခြင်း မရှိကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူး ချုပ် ဇော်မင်းထွန်းက မနေ့က နေပြည်တော်ရှိ စစ်သမိုင်းပြတိုက်တွင် ကျင်းပပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆို ထားသည်။
လက်ရှိတွင် ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ချင်းပြည်နယ် ပလက်ဝတွင် မြန်မာ့ဆက်သွယ်ရေး (MPT) ၊ Telenor၊ Ooredoo နှင့် Mytel ကုမ္ပဏီများက အင်တာနက် ဝန်ဆောင်မှု အားလုံးကို ရပ်ဆိုင်းထားပြီး ဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန်
နိုင်ငံရေး၊ တည်ငြိမ်ရေး၊ ရွေးကောက်ပွဲနဲ့ သတင်းတုတွေ
အိမ်ပြန်ချိန် မျှော်လင့်ချက် မဲ့နေဆဲ မြန်မာဒုက္ခသည်များ
ကျောက်တန်းပစ်ခတ်မှု လူ့အခွင့်အရေး ကော်မရှင် တွေ့ရှိချက် သမ္မတထံ ပို့
သတင်း မီဒီယာတွေ အရေးယူခံနေရချိန် လွှတ်တော် ဘာကြောင့် နှုတ်ဆိတ်