တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုတွင် တရားခံ ဇေယျာဖြိုးနှင့် အောင်ဝင်းထွန်းတို့၏ပြစ်ဒဏ် မျှတမှုမရှိ ဟု ဆိုကာ အပြိုင်အယူခံ လျှောက်ထားမှု တို့ကို ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော်တွင် ယနေ့ ကြားနာ စစ်ဆေးသည်။
၎င်းတို့နှစ်ဦးကို ချမှတ်ထားသည့် ပြစ်ဒဏ်သည် လျှော့ပေါ့နေသည်ဟု ဆိုကာ တရားလိုများ ဘက်က ပြစ်ဒဏ် တိုး ပြင်ဆင်မှု တင်ခဲ့ခြင်းဖြစ်ပြီး တရားခံများဘက်က ချမှတ်ခဲ့သည့် ပြစ်ဒဏ်များသည် မျှတမှုမရှိဟု ဆိုကာ အယူခံ တင်ခဲ့ခြင်း ဖြစ်သည်။
ဇေယျာဖြိုးအား မူလစွဲချက်ဖြစ်သည့် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂(၁)(ခ)/၁၀၉ အား ပြောင်းလဲကာ မြောက် ပိုင်း ခရိုင် တရားရုံးက ပုဒ်မ ၂၀၁ အရ ထောင်ဒဏ် ၅ နှစ်၊ အောင်ဝင်းထွန်းအား ပုဒ်မ ၂၁၂ ဖြင့် ထောင်ဒဏ် ၃ နှစ် တို့ကို ယခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က အမိန့် ချမှတ်ခဲ့ခြင်း ဖြစ်သည်။
တရားလိုရှေ့နေ တဦးဖြစ်သည့် ဦးခင်မောင်ဌေးက“ပြစ်ဒဏ်တွေက လျှော့လျှာ့ပေါ့ပေါ့ ဖြစ်နေတယ် ထင်လို့ ပြင်ဆင်မှု သွင်းတာပါ၊ ကျနော်တို့လိုပဲ ဥပဒေချုပ် ရုံးကလည်း ဇေယျာဖြိုး ပြစ်ဒဏ်ဟာ မဖြစ်သင့်မဖြစ်ထိုက်လို့ ဆိုပြီး ပြင်ဆင်မှု သွင်းတယ်၊ အောင်ဝင်းထွန်းကိုလည်း ပြစ်ဒဏ်က နည်းတယ်ဆိုပြီး ထပ်လျှောက်တာပါ”ဟု ပြော သည်။
ဇေယျာဖြိုးအပေါ် မူလ စွဲချက် တင်ထားသည့် ပုဒ်မ ၃၀၂(၁)(ခ)/၁၀၉ သည် သေဒဏ် ချမှတ်နိုင်သည့် ပုဒ်မ ဖြစ်ပြီး အောင်ဝင်းထွန်းအား စွဲချက်တင်ခဲ့သည့် ပုဒ်မ ၂၁၂ သည် အမြင့်ဆုံး ထောင်ဒဏ် ၅ နှစ်အထိ ချမှတ် နိုင်သည့် ပုဒ်မ ဖြစ်ကြောင်း သိရသည်။
ယနေ့ တရားခွင်အတွင်း ဥပဒေချုပ်ရုံး ကိုယ်စားလှယ် ရှေ့နေနှင့် တရားလိုရှေ့နေများ၏ ဇေယျာဖြိုးနှင့် အောင်ဝင်းထွန်း တို့အပေါ် ပြစ်ဒဏ်တိုး လျှောက်လဲချက်များအား ၎င်းတို့၏ ရှေ့နေများက ပြန်လည်ချေပ လျှောက်ထားခဲ့သည်။
အောင်ဝင်းထွန်း၏ ရှေ့နေ ဦးကျော်ကျော်ထိုက်က“နှစ်ဖက်လုံးက ပြောနေတဲ့ တူညီတဲ့ အချက်က တရားမျှတမှု မရှိဘူး ဆိုတဲ့ စကားပဲ၊ ဘယ်သူ့အတွက် တရားမျှတမှု မရှိဘူးလဲ ဆိုတာ အမိန့်မချသေးလို့ မသိနိုင်သေးဘူး”ဟု ယနေ့ ကြားနာမှု အခြေအနေ ကို ပြောသည်။
ဇေယျာဖြိုးတဦးတည်း အနေဖြင့်လည်း မှတ်ပုံတင်များစွာ ကိုင်ဆောင်မှုဖြင့် တာမွေမြို့နယ် တရားရုံးက ထောင် ဒဏ် ၂ နှစ်၊ ဗဟန်းမြို့နယ် တရားရုံးက မှတ်ပုံတင်အမှုဖြင့် ထောင်ဒဏ် ၂ နှစ်နှင့် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ အရ ထောင်ဒဏ် ၁ နှစ် စုစုပေါင်း ၅ နှစ် ကျခံစေရန် ချမှတ်ခံထားရသည်။
ထို့အတွက် ဇေယျာဖြိုးသည် ဦးကိုနီအမှုမှ ထောင်ဒဏ် ၅ နှစ်နှင့် မှတ်ပုံတင်အမှုများ အတွက် တရားရုံးနှစ်ခုမှ ထောင်ဒဏ် ၅ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရသည်။
ဦးကိုနီ လုပ်ကြံခံရမှုတွင် သေဒဏ် ချမှတ်ခံထားရသည့် ကြည်လင်းနှင့် အောင်ဝင်းဇော်တို့ အတွက် ပြည်ထောင်စု တရား လွှတ်တော်ချုပ်ထံ တိုက်ရိုက် အယူခံတင်ထားပြီး တရားလိုများဘက်ကလည်း သေဒဏ် အတည်ပြုမိန့် အတွက် အယူခံ တင်ထားမှုရှိကြောင်း ဦးကျော်ကျော်ထိုက်က ပြောသည်။
တရားလိုရှေ့နေများ အနေဖြင့် ကြားနာမှုတွင် ပြည်ထဲရေး ဝန်ကြီးဌာနက အမှုနှင့်ပတ်သက်ပြီး သတင်းစာ ရှင်း လင်းပွဲပါ အချက်အလက်များအား အဓိကထား ထောက်ပြ တင်ပြခဲ့ကြကြောင်းလည်း သိရသည်။
ထိုသတင်းစာ ရှင်းလင်းပွဲတွင် လုပ်ကြံမှုအား တပ်မတော် အရာရှိဟောင်း အောင်ဝင်းခိုင်က နောက်ကွယ်မှ စေခိုင်း ခဲ့ကြောင်းနှင့် ဇေယျာဖြိုးက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ထုတ်ဖော် ပြောကြားထားခြင်း ဖြစ်သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ဥပဒေ အကြံပေးဖြစ်သူ ဦးကိုနီသည် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၉ ရက် နေ့ ညနေပိုင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှေ့တွင် သေနတ်သမား ကြည်လင်း၏ အနီးကပ် ပစ်ခတ် လုပ်ကြံခံခဲ့ ရခြင်း ဖြစ်သည်။
ယင်းဖြစ်ရပ်တွင် ကြည်လင်းအား ဝိုင်းဝန်းဖမ်းဆီးရန် ကြိုးပမ်းခဲ့သည့် လေဆိပ် အငှားယာဉ်မောင်း ဦးနေဝင်းလည်း သေနတ်ထိမှန်ကာ သေဆုံးခဲ့ရသည်။
ထိုလုပ်ကြံမှုတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကြိုးပမ်းခဲ့မှုများကြောင့် ဦးကိုနီ အနေဖြင့် နိုင်ငံရေး အရ လုပ်ကြံခံရခြင်း ဖြစ်ကြောင်း NLD ဘက်က ထုတ်ဖော် ပြောဆိုထားသည်။
You May Also Like These Stories:
ဦးကိုနီအား လုပ်ကြံသူ ကြည်လင်း အပါ ၄ ဦးကို ဖေဖော်ဝါရီ ၁၅ ရက်နေ့ အမိန့်ချမည်
ဦးကိုနီ လုပ်ကြံခံရမှု တရားခံပြ သက်သေ ၂ ဦး ထုတ်ပယ်