ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ရန်ငြိုးရှိသူများအား နေအိမ်မှ သွားရောက်ခေါ်ဆောင်၍ ၃ လောင်း ပြိုင် သတ်ဖြတ်ကာ တွံတေးတူးမြောင်းအတွင်း ပစ်ချခဲ့မှု ဇွန် ၂၁ ရက်ညက ဖြစ်ပွားခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ဇွန်လ ၂၁ ရက်နေ့ ည ၁၀နာရီခန့်က ဇီးဖြူကုန်းကျေးရွာနေ သိန်းဇော်ဦးသည် နေအိမ်တွင် မောင်မောင်၊ နိုင်လင်းထွန်း၊ မောင်မောင်(ခ) ဖားမျက်လုံးတို့နှင့် အတူ အရက်သောက်နေစဉ် ရာအိမ်မှူး ဖိုးထောင် (ခ) ကျင်သောင်း အပါဝင် လူ ၉ ဦး ရောက်ရှိလာ၍ ရဲစခန်းသို့ လိုက်ခဲ့ရန် ခေါ်ဆောင်ကြောင်း၊ ၎င်းတို့ ၄ဦးမှာ သူတို့၏ အမအား သတ်ပစ် မည်ဟု ခြိမ်းခြောက် ပြောဆိုသည့်အတွက် ညီအကို ဝမ်းကွဲများ စုကာ လာရောက်ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့နောက် အုပ်ချုပ်ရေးမှူး၏ အိမ်မှ တဆင့် ၎င်းတို့ ၄ဦးကို ကြိုးတုတ်ကာ စက်လှေဖြင့် တွံတေးမြို့မ ရဲစခန်းသို့ ပို့ဆောင်ရန် ခေါ်ဆောင်လာစဉ် သိန်းဇော်ဦး၊ နိုင်လင်းထွန်းနှင့် မောင်မောင်တို့ကို ဓားများဖြင့် ထိုးခုတ်သတ်ဖြတ်ကာ တွံတေး တူးမြောင်းအတွင်းသို့ ပစ်ချခဲ့ ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ ဆိုထားသည်။
မောင်မောင်(ခ) ဖားမျက်လုံးကိုမူ ဆွေမျိုးတော်စပ်သည့် အတွက် မသတ်ဘဲ ထိုးကြိတ် ဆုံးမကာ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

လာရောက် ခေါ်ဆောင်သူ ၉ ဦးမှာ ဖိုးထောင်(ခ)ကျင်သောင်း၊ ဇော်မင်းထွေး(ခ) ပါစတီး၊ အာကာ၊ စန်းဦး၊ ဖိုးနီ(၁)၊ ဇော်လှမျိုး၊ အောင်ထွဋ်၊ ဖိုးနီ(၂) နှင့် ခွာကြီး ဆိုသူတို့ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဖော်ပြထားသည်။
ယခုအခါ သတ်ဖြတ်သည့် အဖွဲ့မှ ရာအိမ်မှူး ဖိုးထောင်(ခ) ကျင်သောင်းနှင့် ဇော်မင်းထွေး(ခ)ပါစတီး ဆိုသူတို့ ဖမ်းမိထားကြောင်း သိရသည်။
သေဆုံးသူများ၏ အလောင်းများအား ဇွန်လ ၂၃ ရက်နေ့နှင့် ဇွန်လ ၂၄ ရက်နေ့တို့တွင် တွံတေးတူးမြောင်း အတွင်းမှ ပြန်လည် တွေ့ရှိပြီဖြစ်ကြောင်းလည်း သိရသည်။
အမှုတွင် စန်းဦး ပါ ၇ ဦးအား ဖမ်းဆီးရမိခြင်းမရှိသေးဘဲ တွံတေးမြို့မ ရဲစခန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂/၃၆၄/ ၄၅၂/၄၂၇/၁၁၄ တို့ဖြင့် အမှုဖွင့် ကျန်ရှိတရားခံများ ဖမ်းဆီးရမိရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
You may also like these stories:
မြေပုံမြို့နယ်တွင် အုပ်ချုပ်ရေးမှူး ၁ ဦး နေအိမ်အတွင်း ဝင်ရောက် ပစ်သတ်ခံရ
မန္တလေးကျုံးဘေး လူငယ်နှစ်ဦး ဓားထိုးခံရမှုမှ ကျူးလွန်သူများကို ဖမ်းမိ
မန္တလေးတွင် မီနီအိုးဝေ သုံးဘီး ဆိုင်ကယ်သမား လုယက် သတ်ဖြတ်ခံရ