ရခိုင်နှင့် ချင်းပြည်နယ်တွင် အစိုးရက အင်တာနက် ဝန်ဆောင်မှု ဆက်သွယ်ရေး လမ်းကြောင်းများ ဖြတ်တောက်လိုက်ခြင်းသည် “လူမျိုးရေး မုန်းတီးမှု” များကို လျော့ချစေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်း ဖြစ်နိင်ကြောင်း တပ်မတော်၏ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ရခိုင်ပြည်နယ်ရှိ မြို့နယ် ၈ ခုနှင့် ချင်းပြည်နယ် ပလက်ဝ မြို့နယ်တို့တွင် တရား ဥပဒေ စိုးမိုးရေးနှင့် အများပြည်သူ အကျိုးအတွက် အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အင်တာနက်လိုင်းများကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက ဖြတ်တောက်ခဲ့ ရကြောင်း ယင်းဌာနက ထုတ်ပြန်ပြောဆိုထားသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “တခြားနေရာတွေမှာလည်း တိုက်ပွဲတွေ ဖြစ်ခဲ့တာပဲ။ အဲဒီတုန်းက လူမျိုးရေး မုန်းတီးမှုကို ဇောင်းပေးတာ ရှိမှမရှိတာ။ အရင်တုန်းက KNU နဲ့ တပ်မတော်လို့ ရေးတာပဲလေ။ ဗမာ-ကရင်လို့ ရေးတာ တခုမှ မရှိဘူး။ ကချင်မှာလည်း ဒီတိုင်း ပဲ။ KIA နဲ့ တပ်လို့ပဲ ရေးတာပဲ။ ကချင်-ဗမာလို့ ရေးတာမှ မရှိတာ။ ဒီမှာ (ရခိုင်) က အဲလိုမျိုး များတယ်။ ဖြစ်တည်လာမှုကလည်း အဲ လိုမျိုးပါတယ်”ဟု ဧရာဝတီသို့ ယနေ့တွင် ပြောသည်။
နေပြည်တော် တပ်မတော် စစ်သမိုင်းပြတိုက်၌ ဇွန်လ ၂၂ ရက်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက် များက ရခိုင်တွင် အင်တာနက်လိုင်း ပြတ်တောက်နေသည့် ကိစ္စရပ်ကို မေးမြန်းရာ ထိုစဉ်က ၎င်းတို့ မသိသေးကြောင်း တပ်မတော် တာဝန်ရှိသူများက ပြောဆိုခဲ့သည်။
ယင်းနေ့က ဗိုလ် မှူးချုပ် ဇော်မင်းထွန်းက “ကျနော်တို့ အနေနဲ့ သိရှိရခြင်းလည်း မရှိသေးပါဘူး။ တပ်မတော် အနေနဲ့ ဆောင်ရွက်ခဲ့ခြင်းလည်း မရှိပါဘူး” ဟု ပြောသည်။
သို့သော် ယနေ့တွင် ဧရာဝတီက ထပ်မံ ဆက်သွယ်မေးမြန်းကြည့်ရာ လူမျိုးရေး မုန်းတီးမှုများကို လျော့ချရန် အစိုးရ၏ ဆောင်ရွက် ချက် ဖြစ်သည်ဟု တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ကရင်ကလည်း သူ့ရည်မှန်းချက်နဲ့သူပေါ့။ သူ့ပြည်နယ်ကို အသိအမှတ်ပြုအောင် လုပ်တယ်။ ကချင်ကလည်း သူတို့ ဘယ်လိုပဲ ပြောပြော လူမျိုးရေး ခွဲခြားတဲ့ ရည်မှန်းချက်မျိုး မရှိဘူး။ အခု ရခိုင်မှာက လူမျိုးရေး ခွဲခြားတဲ့ ရည်မှန်းချက် လုံးလုံးကို ဖြစ်သွားတာ။ လိုက်ပြီး လှှုံ့ဆော်နေတာလည်း အဲဒါပဲ။ ရခိုင်နဲ့ ဗမာဆိုတာမျိုး ဖြစ်သွားတယ်” ဟု ရှင်းပြသည်။
တပ်မတော် အငြိမ်းစား အရာရှိတဦးက အင်တာနက်လိုင်း ဖြတ်တောက်ရန် အစိုးရက ဦးဆောင်သည် ဆိုသည်မှာ မဖြစ်နိုင်ဘဲ တပ် မတော်၏ တောင်းဆိုမှုကို လိုက်လျောခြင်းသာ ဖြစ်နိုင်ကြောင်း၊ သို့သော် အစိုးရကိုယ်တိုင်က ၎င်းတို့ ဆောင်ရွက်ခြင်းဟု အမည်ခံ လာသည့်အပေါ် အံသြမိကြောင်း ဧရာဝတီသို့ ပြောသည်။
ယခုအခါ အစိုးရက အင်တာနက် ဝန်ဆောင်မှု တခုတည်းကိုသာ ဖြတ်တောက်ခြင်း ဖြစ်ပြီး ဖုန်းပြောဆိုခြင်း၊ စာတိုစနစ် (SMS) ပေး ပို့ခြင်းတို့ကို ဆက်လက် ခွင့်ပြုထားကြောင်း၊ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည် ရခိုင်နှင့် ချင်းပြည်နယ်မှ စုစုပေါင်း မြို့နယ် ၉ ခုကို ယာယီ အင်တာနက်လိုင်း ဖြတ်တောက်ပြီး ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ချင်းပြည်နယ် ပလက်ဝတွင် မြန်မာ့ဆက်သွယ်ရေး (MPT)၊ Telenor၊ Ooredoo နှင့် Mytel ကုမ္ပဏီများက အင်တာနက် ဝန်ဆောင်မှု အားလုံးကို ရပ်ဆိုင်းထားပြီး ဖြစ်သည်။
အစိုးရ၏ ယခု လုပ်ရပ်သည် တရားနည်းလမ်း ကျ၊ မကျ မေးခွန်းထုတ်ရမည် ဖြစ်ကြောင်း၊ စစ်ပွဲများ၊ အမုန်းတရားများကို မည်သူ မျှ မကြိုက်ကြောင်း၊ သို့သော် ယင်းကိစ္စရပ်များကို လျော့ချရန် လူသားများ၏ ရပိုင်ခွင့်ကို ဖြတ်တောက်ခြင်းသည် ဒီမိုကရေစီ ကျင့် စဉ် မဟုတ်ကြောင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း ဖြစ်ကြောင်း မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦး လှစောက ပြောသည်။
ဦးဦးလှစော က “ကျနော်လည်း အရင်က ပြောဖူးတယ်။ ရခိုင်မှာ Radical အရမ်းဆန်နေပြီ။ ပြည်နယ် အစိုးရ မသိဘူးလား။ အစိုးရအပေါ်မှာ အယုံ အကြည် မရှိဘူး။ ဒီမိုကရေစီ အပြောင်းအလဲ အပေါ်မှာ ရခိုင်က လူတွေက အယုံအကြည် မရှိဘူး။ ကက်ဘိနက် မသိဘူးလား။ အခုမှ တခြားနည်းလမ်းတွေ ရှိရဲ့သားနဲ့ အခုလို အခွင့်အရေး ဖြတ်တောက်တာတို့ ဆိုတာက ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို မထီမဲ့မြင် ပြုရာ ကျပါတယ်” ဟု ပြောသည်။
လူမှုကွန်ရက်များတွင် ရခိုင်ပြည်နယ် ပဋိပက္ခနှင့် သက်ဆိုင်သော သတင်းများ တက်လာပါက ဘက်အသီးသီးမှ ထောက်ခံသူ၊ ကန့်ကွက်သူများသည် အမုန်းစကားများကို စည်းဘောင်မဲ့စွာ ပြောဆိုမှုများ ရှိနေကြောင်း မကြာခန တွေ့ရှိနေရသည်။
အစိုးရ၏ အင်တာနက်လိုင်း ဖြတ်တောက်မှုသည် ရက္ခိုင်စစ်တပ် (AA) အတွက် ပြောပလောက်သည့် ပြဿနာ မဟုတ်သော်လည်း တိုက်ပွဲဧရိယာအတွင်း နေထိုင်လျက်ရှိသည့် ပြည်သူလူထုတရပ်လုံး၏ အသက်အန္တရာယ်များအတွက် လွန်စွာ စိုးရိမ် ပူပန်မိကြောင်း AA အဖွဲ့ က ယနေ့ ထုတ်ပြန်သည်။
AA ၏ ထုတ်ပြန်ချက်တွင် “မြန်ဆန်စွာစီးဆင်းနေသော သတင်းမီဒီယာခေတ်တွင် မြန်မာ့တပ်မတော်အနေဖြင့် ရခိုင်ပြည်အတွင်း ဖြစ်ပျက်နေသော ပကတိ ဖြစ်ရပ်မှန်များကိုသတင်း အမှောင်ချရန်နှင့် ၎င်းတို့ ကျူးလွန်မည့် စစ်ရာဇဝတ်မှုများကို ဖုံးကွယ်ရန်အတွက် ရည်ရွယ်ချက်ရှိရှိဖြင့် ကြိုတင် ပြုလုပ်ထားခြင်းပင် ဖြစ်သည်ဟု မိမိတို့အနေဖြင့် ယုံကြည်ပါသည်” ဟု ဖော်ပြထားသည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်မှ စတင်ကာ တပ်မတော်နှင့် AA တို့ အကြား ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး စသည့် မြို့နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားလျက် ရှိရာ စစ်ဘေးရှောင် ၄ သောင်းကျော် အထိ များလာပြီ ဖြစ်သည်။
အစိုးရက AA အဖွဲ့ကို နေပြည်တော် အထိ ဖိတ်ခေါ်၍ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း အောင်မြင်မှုများ မရရှိခဲ့ သလို တပ်မတော်ကလည်း AA ကို အကြမ်းဖက် သောင်းကျန်းသူ အဖြစ်သာ သတ်မှတ်ကြောင်း ထုတ်ဖော် ပြောဆိုထားသည်။