သတင်း

တပ်မတော် အပစ်ရပ်ကာလ ထပ်တိုးရန် မသေချာသေး

Want create site? Find Free WordPress Themes and plugins.

တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ဆောင်ရွက်ရန် စစ်တိုင်းကြီး ၅ ခုတွင် အပစ်ရပ် ကာလ သတ်မှတ်ထားခြင်းကို အချိန် ထပ်တိုးပေးရန် မသေချာသေးကြောင်း တပ်မတော် သတင်းမှန် ပြန် ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် စိုးနိုင်ဦးက ပြောသည်။

နေပြည်တော်ရှိ စစ်သမိုင်း ပြတိုက်တွင် ဇွန် ၂၂ ရက်က ပြုလုပ်သော ပြည်တွင်း ငြိမ်းချမ်းရေး ဆောင်ရွက်မှုများနှင့် ရခိုင် ပြည်နယ် အတွင်း တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ချက်များနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြား ခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ် စိုးနိုင်ဦးက“ကျနော်တို့ အနေနဲ့ လစဉ် သက်တမ်းတိုး မတိုးကတော့ ဖော်ပြနေတာတွေ ကြည့်ပြီးကာမှ သူတို့ရဲ့ လုပ်ရပ် အပေါ်မှာ သူတို့နဲ့ ညှိနှိုင်း ဆွေးနွေးခဲ့ရင် ဆွေးနွေးမှု ရလဒ် အပေါ်မှာ မူတည်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဖြေကြားလိုပါတယ်”ဟု ပြောသည်။

ပဏာမ အပစ်ရပ် စာချုပ် (Bilateral Agreement )နှင့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ဆောင်ရွက် နိုင်ရန် အပစ်ရပ် ကာလ အဖြစ် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ရက်မှ ၂၀၁၉ ခုနှစ် ဧပြီလ ၃၀ ရက် အထိ သတ်မှတ်ခဲ့ပြီး နောက် ဧပြီလ ၃၀ ရက်မှ ဇွန်လ ၃၀ အထိ နှစ်လ ထပ်မံ တိုးမြှင့်ပေးခဲ့သည်။

အပစ်ရပ် စတင်သည့် ကာလမှ ဇွန်လ ၁၅ ရက် အထိ ကချင် လွတ်လပ်ရေး တပ်မတော် (KIA/KIO)၊ ရက္ခိုင် စစ်တပ် (AA) ၊ ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA)၊ SSA (ဝမ်ဟိုင်း) RCSS/SSA တပ်ဖွဲ့များသည် အစိုးရတပ်နှင့် ထိတွေ့မှု၊ တိုင်းရင်းသား လက်နက် ကိုင် အချင်း ချင်း ထိတွေ့မှု၊ ဆက်ကြေး ကောက်ခံမှု ၊ လူသစ် စုဆောင်းမှု၊ နယ်မြေ ကျော်လွန် လှုပ်ရှားမှုများ အသီးသီး ရှိခဲ့ကြောင်း တပ်မတော်က သတင်း ထုတ်ပြန်ထားသည်။

ထို့ပြင် တိုက်ပွဲများ သိသိသာသာ လျော့ပါးလာကြောင်းလည်း တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့က ဆိုထား သည်။

အပစ်ရပ်ကာလ ထပ်တိုးပေးခဲ့ခြင်းမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ NCA အမြန် ရေးထိုးနိုင်ရေး ဆွေးနွေးပွဲ များ ပြုလုပ်ရန်ဖြစ်သော်လည်း လက်ရှိ အချိန်အထိ ဆွေးနွေးပွဲ မပြုလုပ်နိုင်သည့် အပေါ်တွင်လည်း တပ်မတော်က မေးခွန်း ထုတ်ခဲ့သည်။

မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့ဖြစ်သည့် KIA/KIO၊ TNLA ၊ MNDAA နှင့် AA တို့နှင့် အစိုးရအဖွဲ့ တို့ Bilateral စာချုပ် လက် မှတ်ထိုးနိုင်ရေး အတွက် တွေ့ဆုံ ဆွေးနွေးနိုင်ရန် စီစဉ်ထားသော်လည်း ဆွေးနွေးမည့် နေရာ ညှိနှိုင်းမှု အဆင်မပြေ ၍ တွေ့ဆုံ ဆွေးနွေးနိုင်ခြင်း မရှိသေးပေ။

မြောက်ပိုင်း မဟာမိတ် အဖွဲ့ဘက်က ဝ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ထိန်းချုပ် နယ်မြေ ပန်ဆန်း (ပန်ခမ်း)မြို့၊ တရုတ်နိုင်ငံ ကူမင်းမြို့၊ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ တို့တွင် ဆွေးနွေးရန် အဆိုပြုထားပြီး အစိုးရ ဘက်က နေပြည်တော်၊ ရန်ကုန်၊ မြစ်ကြီးနား၊ လားရှိုး စသည့် မြို့များ၌ ဆွေးနွေးရန် အဆိုပြုသဖြင့် ညှိနှိုင်းမှု အဆင်မပြေ ဖြစ်နေကြောင်း သိရသည်။

ဗိုလ်ချုပ် စိုးနိုင်ဦးက“အစိုးရ၏ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) အနေနဲ့လည်း ဒါကို ဆောင်ရွက်နေပါတယ်။ ဒီလို ဆောင်ရွက်တဲ့အချိန်မှာ ဆွေးနွေးပွဲတွေဟာ နေရာကို အကြောင်းပြပြီး ဆွေးနွေးပွဲ လုပ်လို့ မရ သေးတာလည်း ရှိပါတယ်။ ဒါကြောင့် ဘာကို ပြန်ပြောရမလဲဆိုတာ့ သူတို့ တကယ်ရော ငြိမ်းချမ်းရေးကို ဆန္ဒရှိရဲ့လား ဆိုတာ ပြန်ပြီး မေးခွန်းထုတ်ဖို့ ဖြစ်နေပါတယ်”ဟု ပြောသည်။

စစ်တိုင်း ၅ တိုင်း၌ အပစ်ရပ်ကာလ အတွင်း တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကြား ထိတွေ့မှု ပြင်း ပြင်း ထန်ထန် မရှိသကဲ့သို့ ငြိမ်းချမ်းရေး ဆွေးနွေးမှုများလည်း ထိထိရောက်ရောက် မပြုလုပ်နိုင်သည့် အတွက် နှစ်ဖက် စလုံး က အချိန်ဆွဲနေသည့် ပုံစံမျိုး ဖြစ်နေကြောင်း ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ဆိုသည်။

ထို့အတွက် တပ်မတော်ဘက်မှ အပစ်ရပ်ကာလကို နိုင်ငံအချို့တွင် ပြုလုပ်သကဲ့သို့ ၆လ၊ ၁ နှစ် စသည်ဖြင့် ဆွေးနွေးမှု ကောင်းမွန်စွာ ပြုလုပ်နိုင်မည့် ကာလတခု သတ်မှတ်ပေးသင့်သလို တိုင်းရင်းသား လက်နက်ကိုင်များ ဘက်ကလည်း တက် တက်ကြွကြွ ဆွေးနွေးမှုပြုသင့်ကြောင်း၊ သို့မဟုတ်ဘဲ ငြိမ်းချမ်းရေး အတွက် အလားအလာကောင်းများ မမျှော် လင့် နိုင်ပါက တပ်မတော် အနေဖြင့်လည်း အပစ်ရပ် ကာလ ထပ်တိုးပေးရန် အခက်အခဲရှိမည် ဖြစ်ကြောင်း ၎င်းကဆို သည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာက“အချိန်ဆွဲ သလို ပုံစံဆိုရင်တော့ တည်ငြိမ်အေးချမ်းမှုရဖို့ တော်တော် ခက်နိုင်တာပေါ့။ ဒါကြောင့် တပ်မတော်ကလည်း ခြောက်လ ထပ်ကြေညာ၊ ကျန်တဲ့အဖွဲ့တွေကလည်း ထဲထဲဝင်ဝင် တက်တက်ကြွကြွ ပြောမယ် ဆိုမယ် ညှိနှိုင်းမယ် ဆိုတဲ့ လှုပ်ရှားမှုမျိုးပေါ်လာရင်တော့ အကောင်းဆုံးဖြစ်မယ်လို့ အကြံပြုပါတယ်”ဟု ပြောသည်။

လက်ရှိတွင် တပ်မတော်က အပစ်ရပ်ထားသော တိုင်း ၅ တိုင်း၌ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက အင်အား တည် ဆောက်ခြင်း၊ နယ်မြေ တည်ဆောက်ခြင်း၊ ဆက်ကြေး ကောက်ခံခြင်း၊ ပြည်သူလူထု အပေါ် အနိုင်ကျင့်ခြင်းများ မပြုလုပ်ရန် အမြဲ စောင့်ကြည့် သတိပေးခြင်း၊ ယင်းအဖွဲ့များ၏ စည်းကမ်းချိုးဖောက်လုပ်ဆောင်မှုများနှင့် ပတ်သက်၍ သတင်း ထုတ်ပြန် ခြင်းများ ပြုလုပ်နေသည်ဟု ဗိုလ်ချုပ် စိုးနိုင်ဦးက ပြောသည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်မှ ၂၀၁၉ခုနှစ် ဇွန်လ ၁၅ ရက် အထိ အပစ်ရပ်ထားသည့် တိုင်း ၅ ခုတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက စည်းကမ်းဖောက်ဖျက်မှု အဖြစ် အစိုးရ တပ်မတော်နှင့် ထိတွေ့မှု ၆၁ ကြိမ်၊ လက်နက်ကိုင် အဖွဲ့ အချင်းချင်း ထိတွေ့မှု ၄၅ ကြိမ်၊ နယ်မြေ ကျော်လွန်လှုပ်ရှားမှု ၅၂၈ ကြိမ်၊ ဆက်ကြေး ကောက်ခံမှု ၅၇ ကြိမ်၊ လူသစ် စုဆောင်းမှု ၇၁ ကြိမ် ရှိခဲ့ကြောင်း တပ်မတော်က သတင်း ထုတ်ပြန်ထားသည်။

ယင်းထုတ်ပြန်မှုတွင် တပ်မတော်နှင့် KIA ထိတွေ့မှု ၁၉ ကြိမ်၊ လက်နက်ကိုင် အချင်းချင်း ထိတွေ့မှုအဖြစ် RCSS/SSA နှင့် TNLA ၊ SSA (ဝမ်ဟိုင်း) ပူးပေါင်းအဖွဲ့ တို့က ၄၂ ကြိမ်ဖြစ်ပွားပြီး အများဆုံး ဖြစ်ခဲ့ကြောင်း၊ နယ်မြေကျော်လွန် လှုပ်ရှား မှုတွင် TNLA သည် အများဆုံး ဖြစ်ပြီး ၁၈၉ ကြိမ် ရှိခဲ့ကြောင်း၊ ဆက်ကြေး ကောက်ခံမှု အနေဖြင့် RCSS/SSA အဖွဲ့က အများဆုံး ဖြစ်ပြီး ၃၀ ကြိမ် ရှိကြောင်း၊ လူသစ်စု ဆောင်းမှုတွင်လည်း RCSS/SSA အဖွဲ့သည် အများဆုံးဖြစ်ပြီး ၂၂ ကြိမ် ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

You May Also Like These Stories:

အပစ်ရပ် ကာလ လုံလောက်ပြီဟု တပ်မတော် ပြော

တပ်မတော် သဘောထားတင်းမာလျှင် ဆွေးနွေးပွဲ ထိခိုက်နိုင်ဟု ဗိုလ်ချုပ် ထွန်းမြတ်နိုင်ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading