သတင်း

၂၀၂၀ မဲစာရင်း ပထမမူကြမ်း သုံးလအတွင်း ပြုစုသွားမည်

Want create site? Find Free WordPress Themes and plugins.

လာမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ အတွက် တနိုင်ငံလုံး မဲဆန္ဒရှင် စာရင်း ပထမ မူကြမ်းကို ၃ လ အတွင်း ပြုစုသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ထံမှ သိရသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ နိုင်ငံရေး ပါတီများ၊ ရွေးကောက်ပွဲဆိုင် ရာ ကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများ တွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့ ရန်ကုန်မြို့ ရွှေလီလမ်းရှိ ရန်ကုန်တိုင်း ကော်မရှင် အဖွဲ့ခွဲ ရုံးတွင် ပြုလုပ်ခဲ့ရာ UEC မှ တာဝန်ရှိသူများက အထက်ပါ အတိုင်း ထုတ်ပြန် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

UEC အဖွဲ့ဝင် ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ တာဝန်ခံ ဦးမြင့်နိုင် က “ကျနော်တို့ ရည်မှန်းထားတာ က၂၀၁၉ ဟာ ဆန္ဒမဲ ပြုစုတဲ့ နှစ်ပါ။ အဲဒီနှစ် အတွင်းမှာ အခုလိုပဲ အခါအားလျော်စွာ တွေ့ဆုံ ဆွေးနွေးသွားပါမယ်။ ကျနော်တို့ မဲစာရင်း ပထမဆုံး မူကြမ်းကို ၃ လ အတွင်း ပြုစုသွားမယ်လို့ တနိုင်ငံလုံး အတိုင်းအတာနဲ့ပေါ့။ အဲဒီလို ရည်မှန်းထားပါတယ်” ဟု ပြောသည်။

ဆက်လက်၍ ၎င်းက ၂၀၂၀ ရွေးကောက်ပွဲကို မြို့နယ်တိုင်းရှိ မဲဆန္ဒနယ် အားလုံးတွင် ကျင်းပနိုင်ရန် လျာထား ကြောင်း၊ ရွှေ့ပြောင်း အလုပ်သမားများ၊ စစ်ဘေးရှောင်များ၊ မသန်စွမ်းများ စသည်ဖြင့် ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူ အားလုံး မဲပေးနိုင်ရန် စီစဉ်ထားကြောင်း ရှင်းပြသည်။

၂၀၁၉ ဇွန်လမှ သြဂုတ်လ အတွင်း လူဦးရေ စာရင်း ပြုစုမည် ဖြစ်ပြီး ဇွန်လမှ စက်တင်ဘာလ အတွင်း အခြေခံ မဲစာ ရင်း တခုကို ရရှိရန် ပြုစုမည် ဖြစ်ကြောင်း၊ မဲစာရင်းပြုစုရေးနှင့် ပတ်သက်၍ UEC အနေဖြင့် ၂၀၁၉ ဇန်နဝါရီကတည်း က လက်စွဲ စာအုပ်များ ထုတ်ဝေပြီး ဖြစ်ကာ သင်တန်းများပေးရန်လည်း ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဦးတင်မောင်အေးက ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲ အတွက် ဆောင်ရွက်မည့် မဲစာရင်းတွင် ပထမဆုံး အနေဖြင့် လွှတ်တော် ရွေးကောက်ပွဲ နည်း ဥပဒေ ၅ တွင် သတ်မှတ်ပေးထားသည့် အတိုင်း လူဦးရေ စာရင်းကို ပြုစုသွားမည် ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ရွေး ကောက်ပွဲများတွင် ယင်းလုပ်ငန်းစဉ် ပါဝင်ခဲ့ခြင်း မရှိဘဲ မဲစာရင်းကို တခါတည်း ကောက်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ ၅ တွင် ရပ်ကွက် (သို့) ကျေးရွာ အုပ်စု ကော်မရှင် အဖွဲ့ခွဲများသည် မဲစာရင်းပြုစု ရာတွင် ရပ်ကွက် (သို့) ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးက လည်းကောင်း၊ မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနက လည်းကောင်း ပြုစုထားသည့် လူဦးရေ (မသန်စွမ်းသူများ အပါအဝင်) စာရင်းကို ရယူ အခြေခံပြီး ပြုစုရမည်ဟု ဖော်ပြထားသည်။

ယင်းသို့ ဆောင်ရွက်ခြင်း အားဖြင့် ယခင် ရွေးကောက်ပွဲများတွင် ကြုံတွေ့ခဲ့ရသည့် မဲစာရင်း ဖောင်းပွနေမှုများ၊ မဲပေး ပိုင်ခွင့် ရှိလျက်နဲ့ မဲစာရင်းတွင် မပါဝင်ခဲ့မှုများ၊ သေဆုံးသူများ မဲစာရင်းတွင် ပါဝင်နေမှု စသည့် ပြဿနာများ နည်းပါး သွားစေရန်နှင့် ဖြေရှင်းနိုင်ရေး အတွက် အထောက်အကူ ပြုမည်ဟု ဦးတင်မောင်အေးက ဆိုသည်။

ဆက်လက်၍ ၎င်းက ၂၀၂၀ မဲဆန္ဒရှင်စာရင်း ပြုစုရေးတွင် မြေပြင် စာရင်းပြုစုခြင်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာနကမှ စိစစ်ပေးခြင်း၊ မဲဆန္ဒရှင် စာရင်း ပြုစုခြင်း ဟူ၍ အပိုင်း ၃ ပိုင်း ရှိမည် ဖြစ်ပြီး ယင်း ၃ ပိုင်း စလုံး ကို တပြိုင်နက်တည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှင်းပြသည်။

ဦးတင်မောင်အေး က “မဲစာရင်းထဲ မပါမှသာ လူတွေက မပါဘူးလို့ ပြောနေမယ့် အစား ကျနော်တို့ အခု စတင် အသိ ပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒီအချိန်ကတည်းက ကိုယ်ဟာ ဒီဒေသမှာ တရားဝင် အုပ်ချုပ်ရေး အဖွဲ့အစည်းကို အသိအ မှတ်ပြုပြီး နေနေတဲ့သူ မဟုတ်ဘူး ဆိုရင်တောင်မှ အုပ်ချုပ်ရေး အဖွဲ့ကို ဆက်သွယ်မယ်။ ဒီ ကျနော်တို့ ပြုစုတဲ့ စာရင်း ထဲမှာ ပါရှိလာအောင် ဝိုင်းဝန်း ပူးပေါင်းမယ် ဆိုရင် ဒီစာရင်းက မပြည့်စုံစရာ မမှန်ကန်စရာ မရှိပါဘူး။ ဝိုင်းဝန်း ဆောင် ရွက်ပေးဖို့ ဖြစ်ပါတယ်” ဟု တိုက်တွန်းသည်။

မဲစာရင်း မူကြမ်း ရပြီဆိုပါက သက်ဆိုင်ရာ နိုင်ငံရေး ပါတီများက ကိုယ့်မဲဆန္ဒနယ်မှ ပြည်သူများ ကျန်ခဲ့သလား ဆို သည်ကို တိုက်ဆိုင် စစ်ဆေးနိုင်ရန် မဲစာရင်း မူကြမ်း စီဒီခွေကို ပေးသွားမည်ဟုလည်း ဦးမြင့်နိုင်က ပြောဆိုခဲ့သည်။

ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး အရပ်ဘက် အဖွဲ့အစည်း တခုဖြစ်သည့် PACE အဖွဲ့မှ အမှုဆောင် ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့် က “အဓိက ပြဿနာက ဒါကို လူများများ သိအောင် လူတွေ ပါဝင်လာအောင် ဘယ်လိုလုပ်မလဲ ဆို တဲ့ဟာရယ်။ ရလာတဲ့ မဲစာရင်းတွေက ဘယ်လောက်ထိ မှန်ကန်လဲ ဆိုတာကို ကော်မရှင်ကနေမှ ကျနော်တို့ ဒီစနစ် ဒီစနစ်နဲ့ လုပ်ပါတယ်။ ဒါကြောင့်မို့ မှန်ကန်တယ်လို့ ပြောတာတခုကိုပဲ လက်ခံလို့မရဘူး။ ဒါ ဟုတ်တယ် ဆိုတဲ့ Third Party (တတိယ အဖွဲ့အစည်း) က ရလာတဲ့ မဲစာရင်း မူကြမ်းကို ဝင်ဆန်းစစ် လေ့လာခွင့် သုတေသနပြုခွင့်တွေ လုပ် ခွင့်ရဖို့က ပိုပြီးမှ အရေးကြီးတယ်” ဟု မှတ်ချက်ပြုသည်။

ယင်းသို့ အခွင့်အရေး ရရှိရန်လည်း တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး အရပ်ဘက် အဖွဲ့အစည်းများက ကော်မရှင်ထံ တင်ပြ တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နောက်ဆုံး ပြုစုခဲ့သော စာရင်းများ အရ တနိုင်ငံလုံးတွင် မဲဆန္ဒရှင်ပေါင်း ၃၄၂၉ ၅၃၃၄ ဦး ရှိကြောင်း သိရသည်။

You May Also Like These Stories:

၂၀၂၀ ရွေးကောက်ပွဲတွင် သမ္မတ ဦးဝင်းမြင့် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဝင်ရောက် အရွေးခံမည်

မဲစာရင်း မှန်ကန်မှု ရှိရန် UEC အတွက် စိန်ခေါ်မှု တရပ်ဟု ဆို

Did you find apk for android? You can find new Free Android Games and apps.
Loading