သတင်း

ရခိုင် ၈ မြို့နယ် အင်တာနက် ဖြတ်တောက်မှု ပြည်နယ် လွှတ်တော်တွင် အရေးကြီး အဆိုတင်

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် အတွင်းရှိ  မြို့နယ် ၈ မြို့နယ်တွင် အင်တာနက် ဝန်ဆောင်မှု သုံးစွဲခွင့် ဖြတ်တောက်လိုက်ခြင်းနှင့် ပတ် သက်ပြီး  ယနေ့ ကျင်းပသော ပြည်နယ်လွတ်တော်တွင်  အရေးကြီး အဆိုတရပ်ကို တင်သွင်း ခဲ့သည်။

အဆိုရှင် မင်းပြားမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင်က ရခိုင်ပြည်နယ် စစ်မက် ဖြစ်ပွားလျှက် ရှိသော မြို့နယ်များ အတွင်း ဖြတ်တောက်ထားသည့် အင်တာနက် ဝန်ဆောင်မှုအား အမြန်ဆုံး ပြန်လည် သုံးစွဲ ခွင့်ပြုရန် ပြည်နယ်အစိုးရအဖွဲ့မှ တဆင့် ပြည်ထောင်စု အစိုးရအဖွဲ့အား တိုက် တွန်းကြောင်း အဆို တင်သွင်း ခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့ စစ်မက် ဖြစ်ပွားနေတဲ့ မြို့နယ်တွေမှာ ဒီလို ဆိုရှယ်မီဒီယာတွေ ရှိပါလျက်နဲ့ လူ့အခွင့်ရေး ချိုးဖောက်မှုတွေ အကြမ်းဖက်မှုတွေ တစုံတရာ ရှိနေတဲ့ ကြားထဲမှာ  အခုအခြေအနေမျိုးမှာ  ဆိုရှယ် မီဒီယာကို အသုံးပြုတဲ့ အင်တာနက်တွေကို ဖြတ်တောက် လိုက်တယ်ဆိုရင် ဒီထက်မက လူ့အခွင့်ရေး ချိုးဖောက်မှုတွေ၊ အကြမ်းဖက်မှုတွေ ဖြစ်လာမှာ စိုးတဲ့အတွက် ဒီအဆိုကို မဖြစ်မနေ တင်သွင်းရခြင်း ဖြစ်ပါတယ် ” ဟု ဧရာဝတီသို့ ပြောသည်။

ရခိုင်ပြည်နယ်ရှိ တိုက်ပွဲဖြစ်ပွားရာ နယ်မြေဒေသများဖြစ်သော  မောင်တော ၊ ဘူးသီးတောင် ၊ ရသေ့တောင် ၊ ပုဏ္ဏားကျွန်း ၊ ကျောက်တော် ၊ မြောက်ဦး ၊ မင်းပြား  ၊ မြေပုံ စသည့် မြို့နယ် ၈ မြို့နယ် အပါအဝင် ချင်းပြည်နယ် ပလက်ဝ မြို့နယ်ကိုပါ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက အင်တာနက် ၊ Data  သုံးစွဲခွင့်များကို ဇွန်လ ၂၁ ရက်နေ့က စတင်ကာ ဖြတ်တောင်ခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း ဒေသခံ ပြည်သူများ စစ်၏ အနိဌာရုံကို ခံစားနေကြရသည့် အချိန်တွင်  ယခုကဲ့သို့ အင်တာနက် လိုင်းများ ဖြတ်တောက်ခြင်းအားဖြင့် လူ့အခွင့်ရေး ချိုးဖောက်ခံရမှုများနှင့် အကြမ်းဖက် ခံရမှုများကို အားပေး၊  အားမြောက် ပြုရာ ရောက်ကြောင်းကိုလည်း အဆို ရှင် ဦးလှသိန်းအောင်က လွှတ်တော်တွင် တင်ပြဆွေးနွေးခဲ့သည်။

ဘူသီးတောင် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ဦးထွန်းအောင်သိန်းကလည်း “ ဒီလို အင်တာနက် ဆိုရှယ်မီဒီယာ တွေ ရှိနေတဲ့ အချိန်မှာတောင် ကျနော်တို့  တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေမှာ သံသယနဲ့ အဖမ်းခံရတာ ရှိပါတယ်။ အကြမ်းဖက် ခံရတာတွေ ရှိပါတယ်။ ဒီလို အခြေအနေတွေကို  ပြည်သူတွေလည်း သိရှိဖို့ လိုအပ်သလို အစိုးရ အနေနဲ့လည်း အချိန်နဲ့ တပြေးညီ ဆောင်ရွက်ဖို့ သိရှိရန် လိုအပ်ပါတယ်။  အင်တာနက်လိုင်းတွေကိုသာ ဒီလို ဖြတ်တောက် လိုက်မယ်ဆိုရင် ဒေသမှာ ဖြစ်ပျက်နေတဲ့ အခြေအနေမှန်တွေကို သိရှိမှာ မဟုတ်တော့ပါဘူး ” ဟု ယင်း အဆိုအား ထောက်ခံဆွေးနွေးခဲ့သည်။

၂၀၁၉ ခု နှစ် ဧပြီလ ၁၉ ရက်နေ့က ကျင်းပခဲ့သော ရခိုင်ပြည်နယ် လွတ်တော် အစည်းအဝေးတွင်လည်း ရခိုင် ပြည်နယ် မြောက်ပိုင်းဒေသတွင် ဖြစ်ပွားလျှက် ရှိသည့် အဖြစ်အပျက်များနှင့် ပတ်သက်၍ “သက်ဆိုင် ရာ မှ ထုတ်ပြန်သော  သတင်းများသည် လက်တွေ့ မြေပြင် အခြေအနေနှင့် ကွာခြားနေခြင်း ကြောင့်  သတင်းမှန်များ ရရှိ ထုတ်ပြန်နိုင်ရေး အတွက် မီဒီယာသမားများအား သတင်းမှန် ရယူရန်  ကူညီဆောင်ရွက်ပေးရေး တိုက်တွန်းကြောင်း အဆိုကိုလည်း ရခိုင်ပြည်နယ် လွှတ်တော်မှ  အတည်ပြုပြီ ဖြစ်ကြောင်း လွတ်တော်ကိုယ် စားလှယ်များ တင်ပြဆွေးနွေးခဲ့သည်။

ပြည်သူ အခြေပြု ဒီမိုကရေစီကို အပြည့်အဝ ရရှိရန် ဖော်ဆောင်ပေးနေသော အချိန်အတွင် အစိုးရအနေဖြင့် သတင်းမီဒီယာ လွတ်လပ်ခွင့် အပြည့်အဝ ရရှိစေရန် ဆောင်ရွက်ပေးရမည် ဖြစ်သလို ပြည်သူများ ဒုက္ခ ရောက် နေသော  မြို့နယ်များကို ယခုကဲ့သို့ အင်တာနက် ဖြတ်တောက်ခြင်းသည် ဒုက္ခတွင်းနက်သို့ ကျရောက်စေရန် တွန်းပို့ သလို ဖြစ်နေကြောင်းလည်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင်က ဆွေးနွေးခဲ့သည်။

ကျောက်တော် မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်က“အင်တာနက် ဆိုရှယ်မီဒီယာ ဆိုတာက အခုခေတ်မှာ လူကြီးရော ၊ လူငယ်ရော ၊ စီးပွားရေးသမားရော ၊ ကျောင်းသား ၊ နိုင်ငံရေးကို လေ့လာနေတဲ့ လူငယ်တွေရော အကုန်အသုံးပြုတာပဲ၊ ဒီလို သတင်းအတွက် အသုံးပြုနေတဲ့ လူတွေကို အခု သတင်းအမှောင်ချ လိုက်သလို ဖြစ်နေတယ်။ ကျနော် တခုပြောချင်တာက ဒီအင်တာနက် ပိတ်လိုက်လို့ ရှိရင် အဲဒီ တိုက်ပွဲက ရပ်သွား မလား၊ အစိုးရအနေနဲ့  ဒီကိစ္စကို ပြန်လည် သုံးသပ်စေချင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မှ အင်ဂျင်နီယာချုပ် ဦးမျိုးဆွေကတော့ တရား ဥပဒေစိုးမိုးရေး နှင့် အများပြည်သူ အကျိုးအတွက် ချင်းပြည်နယ် ပလက်ဝ မြို့နယ်နှင့် ရခိုင်ပြည်နယ်အတွင်းမှ ၈မြို့နယ်ကို ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အော်ပရေတာ များကို  အင်တာနက်လိုင်းများ ပိတ်ရန် ညွန်ကြားထားခြင်း ဖြစ်ကြောင်းလည်း ဧရာဝတီသို့ ပြောဆိုထားသည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် အင်တာနက် ဝန်ဆောင်မှု လုပ်ငန်းများကို ဖြတ်တောက်ထားသော်လည်း ဖုန်းခေါ်ဆိုမှုနှင့် စာတို (SMS ) ပို့သည့် လုပ်ငန်းများကို  ခွင့်ပြုထားသော်လည်း ဖုန်းလိုင်းများမှာ  ယခင်ကလို ပုံမှန် မဟုတ်ဘဲ မကြာခဏ ပြတ်တောက်  ပြတ် တောက်ဖြစ်နေကြောင်းလည်း ဒေသခံ ကျေးရွာသားများထံမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်း အင်တာနက်လိုင်းများ ဖြတ်တောင်ခြင်းသည် ဖြတ်တောက်ခံရသည့် ပြည်သူများအတွက် လည်းကောင်း ၊  ဖြတ်တောက်သူများအတွက် လည်းကောင်း အဘက်ဘက်မှ နစ်နာ ဆုံးရှုံးမှုများ ဖြစ်ပေါ် စေကြောင်းလည်း လွှတ်တော်ကိုယ်စားလှယ်များက သုံးသပ် ပြောကြားသည်။

အထူးသဖြင့် စစ်ဖြစ်ပွားသည့် ဒေသများအား ကွက်၍ ဖြတ်တောက် လိုက်ခြင်းသည် နောက်ကွယ်တွင် ဖြစ်ပေါ် လာနိုင်သည့် အကြောင်းအရာများကို တွေးတောပြီး စစ်ပြေး ဒုက္ခသည်များနှင့် ကျေးလက်နေ ပြည်သူများအတွက် အလွန်တရာ စိုးရိမ် မိကြောင်းလည်း ဦးလှသိန်းအောင်က လွှတ်တော်တွင် တင်ပြဆွေးနွေးခဲ့သည်။

ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၇၇ အရ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီး ဌာနသည် ဝန်ဆောင်မှု ပေးနေသည့် ကုမ္ပဏီများကို  အစိုးရ၏ သဘောတူညီချက်ဖြင့် ယာယီ ရပ်ဆိုင်းရန် ညွန်ကြားနိုင်ကြောင်း ဖော်ပြပါ ရှိသော်လည်း လုပ်သင့် ၊ မလုပ်သင့် ဆင်ခြင်သုံးသပ် ဆုံးဖြတ်ရမည်မှာ သက်ဆိုင်ရာ ဝန်ကြီးဌာန တာဝန် သာ ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ယနေ့ ကမ္ဘာကြီး ပြောင်းလဲ တိုးတက် လာသည်မှာ  Online Media ကြောင့် ဖြစ်သည်ကို လူတိုင်းအသိ ဖြစ်သည့် အတွက် တိုးတက်နေသည်ကို တိုးတက်အောင် ဆက်လက်  ကြိုးပမ်းရမည့် အစား ယခုကဲသို့ အင်တာနက် လိုင်း များကို ဖြတ်တောက်လိုက်ခြင်းသည် ဒီမိုကရေစီ အစိုးရကောင်း တရပ် အနေဖြင့် မည်သို့မျှ မပြုလုပ်သင့်သည့် လုပ်ရပ်တခု ဖြစ်ကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ဆိုကြသည်။

မင်းပြား မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်၏ ရခိုင်ပြည်နယ်ရှိ ၈ မြို့နယ်အတွင်း အင်တာနက် ၊ ဒေတာ ဝန်ဆောင်မှုအား အမြန်ဆုံး ပြန်လည် သုံးစွဲခွင်ြပုရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ မှ တဆင့် ပြည်ထောင်စု အစိုးရအဖွဲ့အား တိုက်တွန်းကြောင်း အဆိုအား  လွှတ်တော် တွင် ကန့်ကွက်မည့်သူ မရှိသဖြင့် ဆက်လက်ဆွေးနွေးမည် ဖြစ်ကြောင်းလည်း သိရသည်။

You may also like theses stories:

မင်းပြားက လက်နက်ကြီး ကျမှန်ပေါက်ကွဲမှု ၅ ဦးသေဆုံး

ကျောက်တော်တွင် မြေမြှုပ်မိုင်းကွဲ၍ အရပ်သား  ၁ ဦးထိမှန်

ရခိုင်တွင် အင်တာနက်လိုင်း ဖြတ်တောက်မှု လူမျိုးရေး မုန်းတီးမှု လျော့ချရန်ဟု တပ်မတော် ပြော

ကျောက်တော်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ၄၀ ကျော် နုတ်ထွက်စာတင်

Did you find apk for android? You can find new Free Android Games and apps.
Loading