မူးယစ်ဆေးဝါးနှင့် လက်နက်များ ဖမ်းဆီးရမိသော ဟိုတယ် ACE ပိုင်ရှင် ဖြိုးကိုကိုတင့်ဆန်း အမှု တရားလိုပြ သက်သေ အမှုစစ် ရဲအရာ ရှိ ၁၀ ဦးခန့်သာ စစ်ဆေးရန် ကျန်ရှိတော့ကြောင်း နေပြည်တော် ဒက္ခိဏ ခရိုင် တရားရုံးက ဆိုသည်။
နေပြည်တော်မှ တရားလိုပြ သက်သေ အမှုစစ် ရဲအရာရှိ ၄ ဦး နှင့် ရန်ကုန်မှ တရားလိုပြသက်သေ ရဲအရာရှိ အမှုစစ် ၆ ဦး ခန့်ကို စစ်ဆေးရန် ကျန်ရှိကြောင်း ခရိုင် တရားရုံး၏ မှတ်တမ်းများ အရ သိရသည်။
ဖြိုးကိုကိုတင့်ဆန်း ရှေ့နေ ဖြစ်သူ ဦးမြင့်အောင်က“နေပြည်တော်က တရားလိုပြ သက်သေစစ်တာ ပြီးသလောက် ရှိပြီ။ ရန်ကုန်က အမှုတွေပဲ ကျန်တော့တယ်။ သက်သေ အားလုံးကုန်မှပဲ တရားခံကို စစ်ဖို့ ဆက်သွားလို့ ရမှာပေါ့”ဟု ဧရာဝတီ သို့ ပြောသည်။
၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁၅ ရက်က နေပြည်တော် လေဆိပ်တွင် ဖြိုးကိုကိုတင့်ဆန်း၊ ရဲမင်းဆွေ၊ ဇော်ဝင်းထိုက် တို့ ထံမှ ပစ္စတို ၂ လက်၊ ကျည်ဆန်များ၊ စိတ်ကြွဆေးပြားများ စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ကွင်းဆက် အဖြစ် ACE ရုံးနှင့် နေအိမ်၌ လက်နက်၊ စကားပြော စက်၊ နိုင်ငံတော် လုံခြုံရေး ကဲ့သို့သော အဖွဲ့အစည်း တံဆိပ်စသည့် ပစ္စည်းများကို တွေ့ရှိခဲ့ သဖြင့် ဖမ်းဆီး အရေးယူခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ဖြိုးကိုကိုတင့်ဆန်းအား မူးယစ်မှု၊ လက်နက်မှု၊ နိုင်ငံတော် အထိမ်းအမှတ် တံဆိပ် တုပ သုံးစွဲမှု၊ ပို့ကုန် သွင်း ကုန် ဥပဒေ၊ ဆက်သွယ်ရေး ဥပဒေ၊ ၁၉၂၃ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ အစရှိသည့် ပုဒ်မများဖြင့် စွဲဆို ထားခြင်း ဖြစ်သည်။
ယင်းအမှုနှင့် ပတ်သက်၍ ယနေ့ စစ်ဆေးမှုများ ပြုလုပ်ရာတွင် ရန်ကုန်၌ ဖမ်းဆီးရမိသည့် မူးယစ်မှု အတွက် အမှုစစ်ရဲ အ ရာရှိ (IO) ဒုရဲအုပ် မျိုးမင်းကို စစ်ဆေးခဲ့သည်။
ထိုသို့ IO များကို စစ်ဆေးပြီးပါက အမှု အပြီးသတ်တော့မည် ဖြစ်ကြောင်းနှင့် ဖြိုးကိုကိုတင့်ဆန်း အမှုကို လိုက်ပါ ဆောင် ရွက် နေသူ ရှေ့နေကလည်း ယခုနှစ် အတွင်း အဆိုပါ အမှု အပြီးသတ်နိုင်ကြောင်း မီဒီယာများကို ပြောကြား ထားသည်။
အမှု သဘော သဘာဝ အရ IO (အမှုစစ် ရဲအရာရှိ) စစ်ပြီးပါက စွဲချက် လျောက်လဲှချက်များ တင်သွားမည် ဖြစ်ကြောင်း၊ ထိုသို့ စွဲချက် တင်သင့် မတင်သင့် ကို နှစ်ဖက် ရှေ့နေများအား လျောက်လဲှချက် ပေးမည် ဖြစ်ပြီး စွဲချက်ပြီးပါက တရားခံ အား စွဲချက်တင်ထားသည့် ပုဒ်မမှာ အပြစ် ရှိသလား၊ မရှိသလား မေးမြန်းချက် အပေါ် တရားခံမှ ဝန်ခံပါက အမိန့်ချနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
တရားခံဘက်က ဝန်မခံပါက ရှေ့တွင် ခေါ်ယူမေးမြန်းထားသည့် သက်သေများထဲမှ ပြန်ခေါ်ချင်သည့် သက်သေများ ရှိပါ သလားနှင့် ပြန်ခေါ်သက်သေ ခေါ်မည်ဆိုပါက ဆက်လက် စစ်ဆေးရမည် ဖြစ်ပြီး တရားခံပြ သက်သေ၊ နောက်ဆုံးတွင် တရားခံကို ပြန်လည်စစ်ဆေး၍ အမိန့်ချရမည် ဖြစ်ကြောင်း ပျဉ်းမနားမြို့မှ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က ဧရာဝတီသို့ ပြောသည်။
ဦးခင်မောင်ဇော်က“ပုံမှန်အားဖြင့် IO (အမှုစစ် ရဲအရာရှိ) ကိုနောက်ဆုံးမှ စစ်ပါတယ်။ တချို့အမှုတွေ ကျတော့ သက်သေ တွေ ကျန်သေးတော့ စွဲချက်တင်လို့ ရတယ်။ စွဲချက်တင်ပြီးရင် ကျန်တဲ့သက်သေတွေကို စစ်ချင်စစ်မယ်။ ပယ်ချင်ပယ်မှာ ပေါ့”ဟု ပြောသည်။
ဖြိုးကိုကိုတင့်ဆန်း၏ အမှုတွဲများကို တပေါင်းတည်း စစ်ဆေးရန် တရားလွှတ်တော်ချုပ်ရုံးက ဆုံးဖြတ်လိုက်သည့် အတွက် ရန်ကုန်အမှုနှင့် ပတ်သက်၍ စွပ်စွဲခံရသူများကို နေပြည်တော် ဒက္ခိဏ ခရိုင် တရားရုံးသို့ လွှဲပြောင်းခဲ့ပြီး အမှုတွဲများကို နေ ပြည်တော်မှ အမှုတွဲ၊ ရန်ကုန်မှ အမှုတွဲ တလှည့်စီ စစ်ဆေးလျက် ရှိသည်။
အမှု တခုတိုင်းတွင် တရားစွဲတင်သည့် ရဲအရာရှိ တဦးစီ ရှိပြီး ယခု စစ်ဆေးရာတွင် အဆိုပါ ရဲအရာရှိ ၁၀ ဦးခန့်သာ ကျန်ရှိ ကြောင်း၊ အမှုနှင့် ဆက်စပ်နေသည့် အရပ်ဘက် သက်သေများ ဆက်လက် စစ်ဆေးရန် လူဦးရေ အနည်းငယ်ခန့်သာ ကျန် ရှိကြောင်း ခရိုင်တရားရုံးမှ သိရသည်။
ဆက်စပ် ဖတ်ရှုရန်
ဖြိုးကိုကိုတင့်ဆန်း အမှု စွဲချက် အမိန့် ပြင်ဆင် လျှောက်ထားချက် ပယ်ချခံရ
ဖြိုးကိုကိုတင့်ဆန်း အမှု ယခုနှစ်အတွင်း အပြီးသတ်နိုင်ဟု ရှေ့နေပြော