တပ်မတော်ကို အရေးယူရေးဥပဒေ အတည်ပြုရေး အမေရိကန် အမတ်များ စတင်လှုပ်ရှား
မြန်မာ့တပ်မတော်ကို အရေးယူရန် အမေရိကန် အောက်လွှတ်တော်မှ ဒီမိုကရက်နှင့် ရီပတ်ဗလစ်ကန် နှစ်ပါတီလုံးမှ အမတ်များပါဝင်သော အမေရိကန် နိုင်ငံခြားဆက်ဆံရေးကော်မတီက ဥပဒေကြမ်းတရပ်ကို ပြီးခဲ့သည့်အပတ်က မဲခွဲ အတည်ပြုလိုက်ပြီး ထိုဖြစ်ရပ်သည် ရခိုင်ပြည်နယ် ရိုဟင်ဂျာအကျပ်အတည်းအတွက် တပ်မတော်ကို ဖိအားပေးရန် ပြည်ပမှ မကြာသေးမီက အားထုတ်မှုသစ်ဖြစ်သည်။
အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ၏ ကြေညာချက်အရ Burma United through Rigorous Military Accountability (BURMA) Act ကို ကော်မတီက တညီတညွတ်တည်း အတည်ပြုခဲ့ပြီး အောက်လွှတ်တော်တွင်ဆက်လက် စဉ်းစားသုံးသပ်မည်ဖြစ်သည်။
ထို Burma United through Rigorous Military Accountability (BURMA) Act အရ တပ်မတော်သို့ အမေရိကန်စစ်ဖက်အကူအညီများ တိုးချဲ့မှုကို ပြုပြင်ပြောင်းလဲမှုများ လုပ်သည်အထိ ရပ်တန့်ရန်နှင့် တပ်မတော်က ကျူးလွန်သည်ဟုကော်မတီက စွပ်စွဲထားသော လူမျိုးတုန်းသတ်ဖြတ်မှုအပါအဝင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများကို အစီရင်ခံရန် လိုအပ်သည်။
ထိုရာဇဝတ်မှုများအတွက် တာဝန်ရှိသည်ဟု သတ်မှတ်သူများကို ပြည်ဝင်ခွင့်နှင့် ဘဏ္ဍာရေးကန့်သတ်ရန် ထိုဥပဒေက တောင်းဆိုပြီး စစ်ရာဇဝတ်မှုများ စုံစမ်းစစ်ဆေးရေးကို တောင်းဆိုသည်။ ထို့အပြင် ထိုဥပဒေက ကျောက်မျက်ရတနာအပါအဝင် မြန်မာ့စီးပွားရေးကို စစ်ဘက်က ချုပ်ကိုင်ထားခြင်းကို ကန့်သတ်ရန်လည်း အားပေးသည်။
“မြန်မာ့တပ်မတော်ရဲ့ ၂၀၁၇ ခုနှစ်က စက်ဆုပ်စရာ တိုက်ခိုက်မှုကို ခံစားရတဲ့ ရိုဟင်ဂျာတွေ တရားမျှတမှုကို ဆက်စောင့်နေစရာ မလိုသင့်တော့ဘူး” ဟု ကော်မတီဥက္ကဌနှင့် ဥပဒေကြမ်းကို ပူးတွဲတင်သွင်းသူ နယူးယောက်မှ ဒီမိုကရက် အောက်လွှတ်တော်ကိုယ်စားလှယ် အဲလိယော့အယ်လ်အိန်ဂျယ်က ပြောသည်။” တချိန်တည်းမှာ တပ်မတော်က သူတို့ ဆယ်စုနှစ်ပေါင်းများစွာ သုံးခဲ့တဲ့ ရက်စက်လူမဆန်တဲ့နည်းတွေနဲ့ အခြားလူနည်းစုတွေကို အလားတူ အကြမ်းဖက်မှုတွေ ဆက်လက်လုပ်နေတယ်” ဟုလည်း သူပြောသည်။
“အကြမ်းဖက်မှုတွေ ခံစားရတာတွေ ရပ်ဖို့ လိုတယ်။ ရိုဟင်ဂျာတွေကို လူမျိုးတုန်းသုတ်သင်တာတွေ၊ အခြားလူနည်းစုတွေကို ဆက်လက် ရက်စက်တာတွေအတွက် တာဝန်ယူမှုရှိဖို့ လိုတယ်” ဟုလည်း သူပြောသည်။
ရခိုင်ပြည်နယ်မှ အာရကန်ရိုဟင်ကယ်တင်ရေးတပ်ဖွဲ့က နယ်စပ် လုံခြုံရေးတပ်များကို တိုက်ခိုက်မှုကြောင့် တပ်မတော်က တုန့်ပြန် ပြုလုပ်သည့် စစ်ဆင်ရေး ကြောင့် ၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည် မြောက်ပိုင်းနေ မွတ်ဆလင် ၇ သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့သည်။
ကုလသမဂ္ဂက လူမျိုးစု သုတ်သင်မှု ဖတ်စာအုပ် ဥပမာဟု ခေါ်ဆိုသော်လည်း တပ်မတော်က စွပ်စွဲမှုများကို ငြင်းပယ်ခဲ့သည်။
ရိုဟင်ဂျာများကို ပစ်မှတ်ထား လူမျိုးစုသုတ်သင်မှုအပါအဝင် လူနည်းစု အများအပြားကို ရက်စက်သော လူ့အခွင့်အရေး ချိုးဖေါက်မှုများအတွက် လွန်ခဲ့သောသြဂုတ်လက အမေရိကန်ဘဏ္ဍာရေးဌာနသည် တပ်မတော်တပ်မှူး ၄ ဦး၊ နယ်ခြားစောင့်တပ်မှူးတဦး၊ အမှတ် ၃၃ နှင့် ၉၉ ခြေမြန်တပ်မများကို စီးပွားရေးပိတ်ဆို့မှု လုပ်ခဲ့သည်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မွတ်ဆလင်များကို တပ်မတော်၏ အကြမ်းဖက်မှုသည် အလွန်ပြင်းထန်ကြီးမားကျယ်ပြန့်ပြီး ၎င်းတို့ကို ခြိမ်းခြောက်မောင်းထုတ်ခြင်းသို့ ဦးတည်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက လွန်ခဲ့သော စက်တင်ဘာလတွင် ပြောသော်လည်း လူမျိုးတုန်းသုတ်သင်မှုဟူသည့် စကားလုံးကို မသုံးခဲ့ပေ။
ဧပြီလကမူ ဥရောပသမဂ္ဂကောင်စီက မြန်မာနိုင်ငံသို့ လက်နက်ရောင်းချမှု ပိတ်ပင်ခြင်းကို သက်တမ်းတိုးခဲ့ပြီး ထိုတားမြစ်မှုတွင် လက်နက်နှင့် ကိရိယာ စစ်ဘက် အရပ်ဘက် နှစ်ဖက်သုံးပစ္စည်းများ ၊ဆက်သွယ်ရေးကိရိယာများကို တပ်မတော်နှင့် နယ်ခြားစောင့်တပ်များအား ရောင်းချမှု ပိတ်ပင်ခြင်းနှင့် တပ်မတော်နှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှု ကန့်သတ်ခြင်းတို့ပါသည်။
“ဒီဥပဒေကြမ်းက အောက်လွှတ်တော်မှာ မြန်မြန်ဆန်ဆန် အတည်ပြုပြီး အထက်လွှတ်တော်ရောက်ရင် ခေါင်းဆောင်တွေက မြန်မြန်အတည်ပြုမယ်လို့ ကျနော်မျှော်လင့်တယ်”ဟု အိန်ဂျယ်က ပြောသည်။
( Nan Lwin ၏ Tatmadaw Sanctions Bill Heads for Vote in US Congress ကို ဘာသာပြန်ဆိုသည်။)
ဆက်စပ်ဖတ်ရှုရန်
မဘသ အမည်ပြောင်း အဖွဲ့ကို ငွေလှူရခြင်းမှာ အားပေးရမည့် အဖွဲ့ ဖြစ်၍ဟု တပ်မတော် ပြော
အင်တာနက်ဖြတ်ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်သည်
အင်းဒင်လူသတ်မှုမှ တပ်မတော်သားများ တပ်ချုပ်ထံ အသနားခံပြီး လွတ်မြောက်