ဦးဝီရသူ မွေးနေ့ အထိမ်းအမှတ် သွေးလှူပွဲ တပ်မတော် ဆေးရုံ တချို့၌ ပြုလုပ်မည်
ဆရာတော် ဦးဝီရသူ၏ ၅၁ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် စုပေါင်း သွေးလှူဒါန်းပွဲကို တပ်မတော် ဆေးရုံ တချို့၌ ပြုလုပ်မည် ဖြစ်ကြောင်း သွေးလှူဒါန်းပွဲ ဖြစ်မြောက်ရေး အဖွဲ့က သိရသည်။
ဇွန်လ၂၆ ရက်တွင် ကျရောက်မည့် ဦးဝီရသူ၏ ၅၁ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် စုပေါင်း သွေးလှူဒါန်းပွဲကို ပါရမီ ပျိုးခင်း သွေးလှူ အသင်းက ပြုလုပ်ခြင်း ဖြစ်ကြောင်း၊ ရန်ကုန်မြို့ရှိ မင်္ဂလာဒုံ တပ်မတော် ဆေးရုံနှင့် မန္တလေးမြို့ရှိ အထွေထွေ ရောဂါကု ဆေးရုံကြီးတို့၌ ပြုလုပ်ရန် လျာထားကြောင်း သွေးလှူဒါန်းပွဲ ဖြစ်မြောက်ရေး အဖွဲ့မှ ဦးအောင်ကိုဝင်း က ပြောသည်။
၎င်းက“ဆရာတော် ဦးဝီရသူ မွေးနေ့ အထိမ်းအမှတ် သွေးလှူဒါန်းပွဲကို ပြုလုပ်တာ ဒီနှစ်မှ လုပ်တာ မဟုတ်ပါဘူး။ မန္တလေး မြို့က ပြည်သူ့ ဆေးရုံကြီး သွေးလှူဘဏ်နဲ့ ရန်ကုန်မြို့က မင်္ဂလာဒုံ တပ်မတော် ဆေးရုံမှာ ပုံမှန် လုပ်နေကြ တာပါ။ ဒီနှစ်အတွက် ရန်ကုန် တပ်မတော် ဆေးရုံနဲ့ မန္တလေး ပြည်သူ့ ဆေးရုံမှာ သွေးလှူဒါန်းပွဲ ခွင့်ပြုပေးဖို့ တောင်းဆို ထားပါတယ်”ဟုလည်း ပြောဆိုသည်။
သွေးလှူပွဲကို ပြုလုပ်ရန် တောင်းဆိုထားရာတွင် မင်္ဂလာဒုံ တပ်မတော် ဆေးရုံက ခွင့်ပြုပေးခဲ့သော်လည်း မန္တလေး အထွေထွေ ရောဂါကု ဆေးရုံကြီးက လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှု မရှိဟုဆိုကာ ခွင့်မပြုခဲ့ကြောင်း သိရသည်။
ဦးအောင်ကိုဝင်းက“စုပေါင်း သွေးလှူပွဲက မန္တလေး ဆေးရုံကြီးမှာ ခွင့်ပြုချက် မရတာပါ။ သွေးလှူဒါန်းပွဲကို လုပ်ခွင့် မရ တာပါ။ ကျနော်တို့က မပျက်ပါဘူး၊ ဆေးရုံကြီးက ပျက်တာပါ။ ဆရာတော် မွေးနေ့ အထိမ်းအမှတ် အဖြစ် သွေးလှူ ဒါန်းပွဲ လုပ်လာတာက ၂၀၁၂ ခုနှစ် ကတည်းကပါ။ ပြီးခဲ့တဲ့နှစ်အထိ ခွင့်ပြုခဲ့ပြီးမှ ဒီနှစ်မှ ခွင့်မပြုဆိုပြီး ဖြစ်သွားတာပါ” ဟု ဆက်လက် ပြောသည်။
မန္တလေး အထွေထွေ ရောဂါကု ဆေးရုံကြီးမှ တာဝန်ရှိသူ တဦးက“ကျမတို့ဆီကို တလကြိုတင် စာရင်း ပေးမထားရင် လက်မခံပါဘူး။ လုပ်ထုံးလုပ်နည်း အရ လက်မခံခဲ့တာပါ။ အဲဒီလိုမှ လုပ်ချင်တယ် ဆိုရင်လည်း ကျမတို့က လက်မခံ ထားတဲ့ သွေးကို သိမ်းဆည်းမှု မလုပ်ပါဘူး”ဟု ပြောသည်။
မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးမှ သွေးလှူဒါန်းပွဲကို ခွင့်မပြုသော်လည်း ပြင်ဦးလွင် တပ်မတော် ဆေးရုံမှ ခွင့်ပြုချက် ရရှိကြောင်း သွေးလှူဒါန်းပွဲ ဖြစ်မြောက်ရေး အဖွဲ့မှ လှည်းကူး ဆရာတော် ဦးဣန္ဒဝီရက ဧရာဝတီကို ပြော သည်။
ဦးဣန္ဒဝီရက“ဦးပဉ္ဇင်းတို့ကတော့ သွေးလှူဒါန်းပွဲကို တနေရာမဟုတ် တနေရာမှာ ဖြစ်အောင် လုပ်သွားမှာ ဖြစ်တဲ့ အတွက်ကြောင့် ပြင်ဦးလွင် တပ်မတော် ဆေးရုံမှာ ခွင့်ပြုချက် ရရှိတဲ့ အတွက် သွေးလှူဒါန်းပွဲ လုပ်ပါမယ်”ဟု မိန့်ကြား သည်။
ယင်း ဆရာတော်က ဆက်လက်၍“မန္တလေး ဆေးရုံကြီးက စုပေါင်း သွေးလှူပွဲကို တလ ကြိုတင်ရမယ် ဆိုပြီး ပြော တယ်။ အရင်နှစ်တွေက တလ ကြိုတင် ရတာမျိုး မရှိခဲ့ဘူး။ ပြီးခဲ့တဲ့နှစ်က အခုလိုပဲ လုပ်မယ့်ရက် နီးမှ တင်ခဲ့တာပါ။ သွေးလှူဒါန်း ပွဲကို ဆေးရုံကြီးက လက်မခံပေမယ့် ဖြစ်အောင် လုပ်သွားမှာပါ။ ရန်ကုန် တပ်မတော် ဆေးရုံကြီးကတော့ ခွင့်ပြုချက် ရထားပါပြီ။ ရန်ကုန်ပွဲကတော့ ၂၆ ရက်မှာ လုပ်သွားမှာပါ”ဟု ပြောဆိုသည်။
တပ်မတော် ဆေးရုံများမှ သွေးလှူဒါန်းပွဲအား ခွင့်ပြုပေးခဲ့သည် ဆိုသည့် ကိစ္စအား တပ်မတော် သတင်းမှန် ပြန်ကြား ရေး အဖွဲ့ အတွင်း ရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ မင်္ဂလာဒုံ တပ်မတော် ဆေးရုံကြီးသို့ ဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့သော်လည်း အဆိုပါ သက်ဆိုင်ရာမှ တာဝန်ရှိသူများက ယင်းကိစ္စအား မသိရှိရသေး ကြောင်း ပြန်လည် ဖြေကြားကြသည်။
ဦးဝီရသူ မွေးနေ့ အထိမ်းအမှတ် စုပေါင်း သွေးလှူဒါန်းပွဲကို ၈ ကြိမ်မြောက် ပြုလုပ်ခြင်း ဖြစ်ကာ စတင် ပြုလုပ်စဉ်က ဦးဝီရသူ၏ ဇာတိမြို့ကျောက်ဆည်မြို့ရှိ ဦးဝီရသူ တည်ထောင်ထားသော မင်းကုန်း ပရိယတ္တိ စာသင်တိုက်တွင် ပြုလုပ် ခဲ့သည်။
ထိုနောက် ရန်ကုန်မြို့ရှိ တပ်မတော် ဆေးရုံနှင့် မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးတွင် ပြုလုပ်ခဲ့ရာ ရန်ကုန်တွင် သွေး အလုံး ၁၅၀ နှင့် ၂၀၀ ကြား၊ မန္တလေး၌ သွေးအလုံး ၁၀၀ ဝန်းကျင်ခန့် လှူဒါန်းပေးနိုင်ခဲ့ကြောင်း သိရသည်။
ဆရာတော် ဦးဝီရသူ၏ တပည့် ဖြစ်သူ အရှင် အရိယာဝံသ (ပေါက်ကိုယ်တော်)က “သွေးလှူပွဲ လုပ်တယ် ဆိုတာ က အသက်ပေါင်း မြောက်မြားစွာကို ကယ်ရာ ကျသလို နှစ်တိုင်းလည်း ဆရာတော် မွေးနေ့တိုင်း လုပ်နေကျ။ အခုမှ ခွင့် မပြုဘူး ဆိုတာတော့ ဒီမိုကရေစီ ဆိုတာ သူတို့ အစိုးရ လက်ထက်မှာ ဒီလိုကြီးလား ဆိုတာကို ပြည်သူတွေ သိရ တာပေါ့” ဟု ပြောဆိုသည်။
ယင်းသို့ စုပေါင်း သွေးလှူဒါန်းပွဲတွင် ပါဝင်လှူဒါန်းကြသူများမှ ဦးဝီရသူအား ထောက်ခံကြသူ မျိုးချစ်စိတ် ရှိသူများဟု ၎င်းက ဆက်လက် မိန့်ကြားသည်။
You May Also Like These Stories:
မဘသ အမည်ပြောင်း အဖွဲ့ကို ငွေလှူရခြင်းမှာ အားပေးရမည့် အဖွဲ့ ဖြစ်၍ဟု တပ်မတော် ပြော
မဘသ အမည်ပြောင်းအဖွဲ့ထံ ရန်ကုန်တိုင်း စစ်ဌာနချုပ် ငွေကြေး ထောက်ပံ့လှူဒါန်း