သတင်း

အီရန်ခေါင်းဆောင်ကို အမေရိကန် ပိတ်ဆို့အရေးယူမှု ချမှတ်

Want create site? Find Free WordPress Themes and plugins.

အမေရိကန် မောင်းသူမဲ့လေယာဉ်ကို ပစ်ချခဲ့ခြင်းကြောင့် အီရန်ခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ အပေါ် ပြင်းထန်သည့် ပိတ်ဆို့ဒဏ်ခတ်မှု အသစ်ချ မှတ်သည့် ဆုံးဖြတ်ချက်အမိန့်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုးလိုက်ပြီဖြစ်သည်။ 

ယခုနောက်ဆုံးထပ်မံချမှတ်လိုက်သည့်ပိတ်ဆို့မှုသည် အီရန်၏ သြဇာတိက္ကမ ကြီးမားသည့်ခေါင်းဆောင် အယာတိုနာ အလီခါမေနီကို ပစ်မှတ်ထားကြောင်း ထရမ့်က ပြောသည်။ 

တနင်္လာနေ့က အိမ်ဖြူတော်၌ သတင်းထောက်များနှင့်တွေ့ဆုံရာ၌ ထရမ့်က “အသစ်ချမှတ်လိုက်သည့် ပိတ်ဆို့ဒဏ် ခတ်မှုအရ အလီခါမေနီနှင့် အပေါင်းအပါများကို ဘဏ္ဍာရေးရင်းမြစ်များဆီသို့ ထိတွေ့ဆက်ခံခွင့် ပိတ်ဆို့သွားမည် ဖြစ် ကြောင်း” ဆိုသည်။

ယခုပိတ်ဆို့မှုသည် အီရန်ဘက်မှ နှိုးဆွသည့်လုပ်ဆောင်ချက် တိုးလာခြင်းကို ပြင်းထန်၍ အကွက်ကျကျ တုံ့ပြန် လိုက်ခြင်း ဖြစ်ကြောင်း ထရမ့်က ပြောသည်။ လောလောလတ်လတ်ချမှတ်လိုက်သော ပိတ်ဆို့မှုများသည် ဒရုန်းပစ်ချခံရခြင်း ဖြစ်စဉ်ကို အမှုမထားဘဲ ချမှတ်လိုက်ခြင်းဖြစ်ပြီး အမေရိကန်အနေဖြင့် တီဟီရန်အပေါ် ဖိအားပေးမှု ဆက်လက် တိုးမြှင့်သွားမည်ဖြစ်ကြောင်း ထရမ့်က ထပ်လောင်းပြောကြားခဲ့သည်။

 အမေရိကန်ဘက်မှ အီရန်စစ်ရေးကွန်ပျူတာစနစ်ကို အောင်မြင်စွာ အလုံးအရင်းဖြင့် ဆိုင်ဘာ တိုက်ခိုက်မှုလုပ် ဆောင်ခဲ့ကြောင်း အခိုင်အမာပြောကြားပြီး နောက်တရက်အကြာတွင် ယခုကဲ့သို့ ပိတ်ဆို့မှုအသစ် ချမှတ်လိုက်ခြင်း ဖြစ်သည်။

ထို့အပြင် အမေရိကန်သမ္မတက အီရန်အပေါ် လူ ၁၅၀ သေဆုံးနိုင်မည့် စစ်ရေးတိုက်ခိုက်မှုတခုကို မိမိ ရုတ်သိမ်းခဲ့ကြောင်း၊ မိမိအနေဖြင့် စစ်မက်မလိုလားကြောင်း ထရမ့်က သောကြာနေ့တွင် ပြောကြားခဲ့ပြီး အကယ်၍ အမေရိကန်က အီရန်ကို တိုက်ရန် ဆုံးဖြတ်လျှင် “ခင်ဗျားတို့ တခါမှ မမြင်ဖူးသေးတဲ့ ချေမှုန်းမှုမျိုး” တွေ့လိမ့်မည်ဟု သတိပေးခဲ့သည်။ 

ယခုလအစောပိုင်းက အိုမန်ပင်လယ်ကွေ့တွင် ရေနံတင်သင်္ဘောနှစ်စီးကို တီဟီရန်က နောက်ကွယ်မှ တိုက်ခိုက်ခဲ့ ကြောင်း အမေရိကန်က စွပ်စွဲခဲ့သော်လည်း ပင်တဂွန်က တင်ပြသည့် မခိုင်လုံသောအထောက်အထားများကို အမေရိကန်မဟာမိတ်များဖြစ်သည့် ဂျာမနီနှင့်ဂျပန်တို့ကပင် ယုံမှားသံသယဖြစ်ခဲ့ကြသည်။

ထရမ့် ဆုံးဖြတ်လိုက်သည့် ယခုပိတ်ဆို့မှု အမိန့်အရ အီရန်ရှိ ပိုင်ဆိုင်မှု ဒေါ်လာဘီလီယံအမြောက်အမြားအပေါ် ကန့်သတ်သွားမည်ဖြစ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Steve Mnuchin က ပြောသည်။

အီရန်နိုင်ငံခြားရေး အတွင်းဝန် ဂျာဗက်ဇာရက်ဖ် အနေဖြင့် ပိတ်ဆို့မှုကို ယခုသီတင်းပတ်နှောင်းပိုင်းတွင် စတင် ထိရောက်တော့မည် ဖြစ်ကြောင်းလည်း Mnuchin က ပြောကြားခဲ့ပြီး ပြင်ဆင်နေသည့် ပိတ်ဆို့မှု အစီအမံများ၏ ထူးခြားချက်များကို  အမေရိကန်က ၎င်း၏မဟာမိတ်များနှင့် နှီးနှောတိုင်ပင်ခြင်းမရှိကြောင်း ဆိုသည်။

အကယ်၍ ၎င်းဝေဟင်ပိုင်နက်ထဲသို့ ကျူးကျော်လာသည့် အမေရိကန်ဒရုန်းများကို အကြိမ်ကြိမ် ပစ်ချရန် ပြင်ဆင် နေ ကြောင်း တချိန်တည်းမှာပင် အီရန်က ပြောကြားခဲ့သည်။  ထောက်လှမ်းရေးလေယာဉ်များကို နိုင်ငံတကာ ဝေဟင် ပိုင်နက်ထဲ ပစ်လွှတ်ခဲ့ကြောင်း အမေရိကန်က ဆိုသော်လည်း အီရန်ကမူ ၎င်း၏အချုပ်အခြာအာဏာကို ထိပါးခြင်း သာဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။

You may also like these stories:

အီရန်နှင့် အမေရိကန် စစ်ဖြစ်ခဲ့လျှင်

အမေရိကန်-အီရန် တင်းမာမှုကြောင့် ကမ္ဘာ့ရေနံဈေးကွက် ပျက်မလား

အီရန် ပြဿနာ တင်းမာနေချိန် ဆော်ဒီရေနံတင် သင်္ဘောများ တိုက်ခိုက်ခံရ

Did you find apk for android? You can find new Free Android Games and apps.
Loading