ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပေါက်တောပြင် ကျေးရွာနေ ဒေသခံ ၁ ဦးမှာ တပ်မတော်၏ ဖမ်းဆီးခြင်းကို ခံရပြီးနောက် သေဆုံးသွားသည်။
ယမန်နေ့က ကျောက်တော်ဆေးရုံသို့ ထိုသူ၏ ရုပ်အလောင်း ရောက်လာမှသာ မိသားစုက သေဆုံးကြောင်း သိရသည် ဆိုသည်။
သေဆုံးသွားသူမှာ အသက် ၂၃ နှစ်အရွယ် ကိုနေမျိုးထွန်း ဖြစ်ပြီး ဇွန်လ ၂၁ ရက်နေ့က ပေါက်တောပြင်ကျေးရွာအနီး ၊ ဝေသာလီ ဘုရားကြီးကုန်းတွင် လက်သမား အလုပ်လုပ်ပြီး ပြန်လာစဉ် လမ်းတွင် တပ်မတော် စစ်ကြောင်းနှင့် တွေ့ရာမှ နေ ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်ကြောင်း ဒေသခံ ကျေးရွာသားများက ပြောသည်။
သေဆုံးသူ ကိုနေမျိုးထွန်း၏ ဦးလေးက “သူက ဝေသာလီ ဘုရားကြီးမှာ ပန်းရံ လက်သမား လုပ်ပြီး ပြန် လာတဲ့အခါ လမ်းမှာ တပ်မတော် စစ်ကြောင်းကနေ ခဏ ခေါ်ထားတာကနေ ပြန်မလွတ်တော့ဘူး။ သူ့အလောင်းမှာလည်း ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေက အများကြီးပါတယ်။ ဦးခေါင်းမှာလည်း ဒဏ်ရာပါတယ်။ ဇက်လည်း ကျိုးသွားတာကို တွေ့ရ တယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ပေါက်တော်ပြင်ကျေးရွာသားများသည် လက်ရှိအချိန်တွင် လုံခြုံရေးအတွက် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း ဧရာဝတီသို့ ပြောသည်။
သေဆုံးသူ ကိုနေမျိုးထွန်းမှာ တပ်မတော်၏ ဖမ်းဆီးခြင်းကို ခံရပြီး ၄ ရက်အကြာတွင် သူ၏ ရုပ်အလောင်းမှာ ကျောက်တော် ဆေးရုံသို့ ရောက်ရှိနေကြောင်း သတင်း ကြားသည့် အတွက် ယနေ့တွင် ရုပ်အလောင်းအား ရင်ခွဲရုံမှနေ ယူဆောင်ကာ မြောက်ဦးမြို့ သင်္ချိုင်းတွင် ဂူသွင်း သဂြိုဟ် လိုက်ကြောင်း လည်း မိသားစုဝင်များက ပြောသည်။
တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ကိုနေမျိုးထွန်းမှာ ထိန်းသိမ်း စစ်ဆေးနေစဉ် ကာလ အတွင်း ကျန်းမာရေး ချို့ယွင်းလာသည့် အတွက် ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံး သွားခြင်း ဖြစ်ကြောင်း ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ကျနော်တို့ သိသလောက်ကတော့ သူဟာ ကျန်းမာရေး ယိုယွင်းလာတဲ့ အတွက် ကျောက် တော် ဆေးရုံကို ပို့ရင်း သေတယ်လို့ သိရတယ်။ အဲဒီမှာ ရင်ခွဲ စစ်ဆေးချက်တွေ ထွက်လာရင်တော့ ဘာရောဂါနဲ့ သေ တယ် ဆိုတာ သိရပါမယ် ” ဟု ဧရာဝတီသို့ ပြောသည်။
မိသားစုဝင်များ ကတော့ တပ်မတော်၏ ပြောကြားချက် အပေါ် လက်မခံနိုင်ကြောင်း၊ ညှဉ်းပန်းနှိပ်စက်မှုများကြောင့် သာ သေဆုံးသွားရခြင်း ဖြစ်သည်ဟု ဆိုသည်။
“အလောင်းယူကို သွားယူတဲ့ အချိန်မှာ ဆေးရုံက လူတွေကို ကျနော်တို့ မေးကြည့်တော့ တပ်က ကားပေါ်က ပြုတ်လို့ ဆိုပြီးတော့ လာပို့လာတာ လို့ ပြောတယ်။ ကျနော်တို့ကတော့ နှိပ်စက်လို့ သေဆုံးသွားတာ ဖြစ်တယ်လို့ပဲ ယူဆတယ်” ဟု ကိုနေမျိုးထွန်း၏ ဦးလေးက ဆက်လက် ပြောကြားသည်။
မြောက်ဦး မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်ကလည်း သံသယဖြင့် တပ်မတော်သားများထံ ဖမ်းဆီးခံရနောက် မြောက်ဦးမြို့နယ်အတွင်းက သေဆုံးသွာသူ ကိုနေမျိုးထွန်း အပါအဝင် ၅ ရွာသား ထိ ရှိလာပြီ ဖြစ်ကြောင်း ပြောသည်။
“မြောက်ဦး မြို့နယ် အတွင်းက ဒီလိုပဲ တပ်မတော်က ဖမ်းဆီးသွားပြီးနောက် နောက်ပိုင်းမှာ သေဆုံးတာဟာ အခု တယောက် ဆိုရင် ၅ ဦး ရှိလာပြီ။ ဆေးစွဲလို့ သေတယ်။ ဆွဲကြိုးချလို့သေတယ်။ နှလုံးဖောက်လို့ သေတယ်။ သူတို့ ဖမ်းဆီးပြီးမှနေ ဒီလို သေတယ်ဆိုတာတွေကိုတော့ သံသယ ဖြစ်စရာ ကောင်းလာပြီ လို့ ပြောချင်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
တပ်မတော်နှင့် AA တို့သည် ဇွန်လ ၂၁ ရက်နေ့က မြောက်ဦးမြို့နယ် ၊ ပေါက်တောပြင် အရှေ့ဖက် တောင်တန်းတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ရှာဖွေမှုများ လုပ်ဆောင်စဉ် ၎င်းရွာအနီး AA တပ်ဖွဲ့ဝင်များဟု ယူဆရသည့် မသင်္ကာသူ ရွာသား ၈ ဦး ဖမ်းဆီးမိသည့် အတွက် ထိန်းသိမ်း စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုသည်။
ယင်းအပြင် ဇွန်လ ၂၂ ရက်နေ့တွင်လည်း တပ်မတော် စစ်ကြောင်း ဖြတ်သွားစဉ် ရန်ကုန်- စစ်တွေ ကားလမ်းမ တိမ်ညို ကျေးရွာအနီးတွင် မိုင်းပေါက်ကွဲမှု တခုဖြစ်ပွားခဲ့ရာ မသင်္ကာဖွယ်ရာ ဆိုင်ကယ်စီးနင်းသူ ၂ ဦးကို တွေ့ရှိခဲ့သည့် အတွက် ဝေသာလီ ကျေးရွာ အနီး တပ်မတော် စစ်ကြောင်းက ဖမ်းဆီးခဲ့ကြောင်း ၊ ယင်းဖြစ်စဉ်များနှင့် ပတ်သက်ပြီး မြောက်ဦးမြို့နယ်အတွင်းက လူ ၁၀ ဦးကို ထိန်းသိမ်း စစ်ဆေးလျှက် ရှိကြောင်းလည်း ဗိုလ်မှူး ချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောကြားသည်။
ထိုသို့ မသင်္ကာဖွယ် ဆိုင်ကယ်စီးနင်းသူ ၂ဦထံမှ ဆက်ကြေးကောက်ခံထားသည့် စာအုပ်တအုပ်နှင့် AA အဖွဲ့ထံသို့ ဆက်သွယ်ကာ Video Call ခေါ်ဆို ပြောဆိုထားသည့် Screen Short ဓာတ်ပုံ တပုံ မှတ်တမ်းပါ ဖုန်းတလုံးအား သိမ်းဆည်း ရမိကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ထားသည်။
အလားတူ ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပန်းမြောင်ကျေးရွာနေ ဦးကျော်လှသိန်း၏ သား အသက် ၂၃ နှစ်အရွယ် ကိုလှမောင်ဝင်းမှာလည်း နေမကောင်းဖြစ်၍ မတ်လ ၁၂ ရက်နေ့ ညနေ ၉နာရီ အချိန်ခန့်က မြောက်ဦးပြည်သူ့ဆေးရုံသို့ ကားဖြင့် ယူဆောင်လာစဉ် ချောင်းသစ် ကျေးရွာအနီးတွင် လူနာ အပါအဝင် ကားပေါ်တွင် ပါလာသည် လူနာပို့သူ ၁၀ ဦးကို တပ်မတော်သားများက ဖမ်းဆီး စစ်ဆေးခဲ့သည်။
ထိုသို့ တပ်မတော်သားများ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည့်အတွက် လူနာမှာ ဆေးရုံသို့ မရောက်လိုက်ဘဲ ထိန်းသိမ်း ထားစဉ် ကာလအတွင်း သေဆုံးခဲ့ကြောင်းလည်း မိသားစုဝင်များက ပြောသည်။
ဧပြီလ ၁၀ ရက်နေ့ကလည်း ၎င်းမြို့နယ် လက္ကာကျေးရွာသား ၂၇ ဦးကို AA တပ်ဖွဲ့ ဝင်များ ဖြစ်သည်ဟုဆိုကာ တပ်မတော်က ကျေးရွာအတွင်းသို့ ဝင်ရောက် ဖမ်းဆီးခဲ့ပြီး စစ်ကြောရေး ကာလအတွင်း ရွာသား ၃ ဦးသေဆုံးခဲ့သည်။
လက္ကာကျေးရွာသား ၃ ဦးသေဆုံးခြင်းမှာ အမောဖောက်၍ သေဆုံးသူ ၁ ဦး ၊ ဆေးစွဲ၍ သေဆုံးသူ ၁ ဦး ၊ ဆွဲကြိုးချ၍ သေဆုံးသူ ၁ ဦး စသည့်ဖြစ်စဉ်များကြောင့် သေဆုံးခဲ့ကြောင်း တပ်မတော်က ထုတ်ပြန်ခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။
You May Also Like These Stories:
မြောက်ဦးတွင် ဗုံးသီးကွဲ၍ ရွာသား ၁ ဦးသေ၊ ၃ ဦး ဒဏ်ရာရ
ဖမ်းဆီးခံ မြောက်ဦး ဒေသခံ ၂၀ ကျော်ကို အကြမ်းဖက် ဥပဒေ၊ လက်နက် ဥပဒေများဖြင့် တရားစွဲ