ကယားပြည်နယ် လွိုင်ကော်တွင် တောင်သူ လယ်သမားများ၏ထွန်းတုံးတိုက်ပွဲသတင်း ယူခဲ့သည့် သတင်းသမား ၃ ဦး ကို တပ်မတော်က အမှုဖွင့်လိုက်သည့် အပေါ် သတင်းမီဒီယာ ဥပဒေဖြင့်သာ ဆောင်ရွက်ရန် သတင်းမီဒီယာ ကောင်စီ က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံ ယနေ့ မေတ္တာရပ်ခံစာ ပေးပို့လိုက်ကြောင်း သိရသည်။
ဒီမိုကရက်တစ် မြန်မာ့ အသံ (DVB) သတင်းထောက် နော်နိုရင်း၊ Eleven Media Group သတင်းထောက် နော်ခိုင် ခိုင်အေးချို၊ Kantarawaddy Times သတင်းထောက် ကိုအောင်သူ တို့သည် လယ်သမားများကို သတင်းစာ ပညာ ဖြင့် အကူအညီပေးခဲ့သည်ဟု အမှတ် ၃၆၀ အမြောက်တပ်မှ ဗိုလ်ကြီး အောင်မျိုးထွန်းက စွပ်စွဲပြီး ဇွန်လ ၁၉ ရက် ညတွင် ဒီးမော့ဆို ရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။
သတင်းထောက် ၃ ဦး အပါအဝင် တောင်သူ လယ်သမား ၁၂ ဦးကို တပ်မတော်က နိုင်ငံသားများ၏ ပုဂ္ဂိုလ် ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ အရ ဒီးမော့ဆို ရဲစခန်းတွင် အမှုဖွင့်ထားရာ ယင်းကိစ္စကို သတင်း မီဒီယာ ကောင်စီက သတင်းထောက်များ အတွက် ကြားဝင် ဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။
သတင်းမီဒီယာ ကောင်စီ အတွင်းရေးမှူး ဦးကျော်စွာမင်းက“သတင်းသမားတွေကို သတင်းမီဒီယာ ဥပဒေ အရပဲ အရေးယူ ဆောင်ရွက်ပေးဖို့။ ဒီလို ကိစ္စတွေကို သတင်းမီဒီယာ ကောင်စီက သတင်းမီဒီယာ ဥပဒေအရ သီးခြား ဆောင်ရွက်လိုပါတယ်။ ကျေနပ်မှု မရှိမှ တခြားလမ်းကြောင်း ဆက်ပြီးတော့သွားပေါ့နော်။ အဲဒီလို မေတ္တာရပ်ခံတဲ့စာကို ဒီနေ့ပဲ တပ်ချုပ်ဆီ ပို့လိုက်ပါတယ်”ဟု ဧရာဝတီ သို့ ပြောသည်။
သတင်းမီဒီယာ ကောင်စီထံသို့ DVB သတင်းဌာန၊ Eleven Media Group တို့က ယခု ကိစ္စကို ကြားဝင် ဆောင်ရွက် ပေးရန် အကူအညီ တောင်းထားသဖြင့် ယနေ့ ကောင်စီရုံးတွင် အစည်းအဝေး ပြုလုပ်ပြီး တပ်မတော် ကာကွယ်ရေး ဦး စီးချုပ်ထံ စာပို့ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ကောင်စီမှ ဦးကျော်စွာမင်းက“သတင်းသမားတွေကို အခြားသူတွေနဲ့ ရောပြီး ဖမ်းဆီးတာတွေ ရှိနေတယ်။ တချို့ အာ ဏာပိုင်တွေက မသိဘူး။ သတင်းသမား ဆိုတာက သူ့ဘာသာသူ သတင်းရယူတဲ့ အလုပ်ကိုပဲ လုပ်တာ။ သတင်း သမားတွေကို တခြား ပုဒ်မတွေနဲ့ လိုသလို ဆွဲပြီး အရေးယူ တိုင်လို့ ရတယ်ဆိုတာမျိုး လက်မခံဘူး။ သတင်းမီဒီယာ ကောင်စီကို လာတိုင်ဖို့ မျှော်လင့်တယ်”ဟု ပြောသည်။
ကယားပြည်နယ် လွိုင်ကော်မြို့ အခြေစိုက် သတင်းထောက်များသည် ဇွန်လ ၁၉ ရက် က ကယားပြည်နယ် ဒီးမော့ဆို မြို့နယ်၊ ဒေါဆိုရှေး ကျေးရွာတွင် ပြုလုပ်သည့် တပ်မတော်မှ သိမ်းယူထားသည့် လယ်ယာမြေများ အတွင်း ဒေသခံ တောင်သူ လယ်သမားများက စတင် ဝင်ရောက် စိုက်ပျိုးသည့် ထွန်တုံး တိုက်ပွဲအကြောင်း သတင်းရယူခဲ့ သဖြင့် အထက်ပါ အတိုင်း အမှုဖွင့်ခံရခြင်း ဖြစ်ကြောင်း သတင်းမီဒီယာ အသိုင်းအဝိုင်းက သိရသည်။
အခြား ကောင်စီဝင် တဦး ဖြစ်သူ ဦးမြင့်ကျော်ကလည်း“မီဒီယာတွေရဲ့ သတင်းရယူမှု၊ သတင်းဖော်ပြမှုနဲ့ ပတ်သက် ရင် ကောင်စီကို တိုင်ကြားဖို့ အတွက် ထပ်ပြီးတော့ တိုက်တွန်းတဲ့ သဘောမျိုးပဲ။ ဒီကိစ္စမှာ သူတို့ စွပ်စွဲသလို သတင်း အတတ်ပညာနဲ့ လယ်သမားတွေကို ကူညီနေတယ် ဆိုရင် သဘောက ကောင်စီကို တိုင်ကြားလို့ ရတယ်”ဟု ရှင်းပြ သည်။
DVB သတင်းဌာန၏ ကောင်စီသို့ တိုင်ကြားစာတွင် ၎င်းတို့၏ သတင်းထောက်သည် သတင်းဖြစ်ရာ နေရာသို့ မှန်မှန် ကန်ကန် ကွင်းဆင်းပြီး သတင်းရယူ ပေးပို့ခဲ့ခြင်း ဖြစ်သလို သတင်းသမား တာဝန်ကို ထမ်းဆောင်ခဲ့ခြင်းသာ ဖြစ်သည် ဟု ရေးသားထားသည်။
ဦးမြင့်ကျော်က“ကျနော်တို့ မေးမြန်းကြည့်လို့ ရသလောက်တော့ သူတို့ဟာ သတင်းသမား တယောက် မလုပ်သင့်တဲ့ ဟာကို ဝင်လုပ်တာမျိုးတော့ မကြားသိရဘူး။ သတင်းသမားဘက်ကတော့ ဘာမှ အမှားအယွင်းမရှိတဲ့ သဘောမျိုးပဲ” ဟု ပြောသည်။
Eleven Media Group ၏ သတင်းစာ တာဝန်ခံ အယ်ဒီတာ ကိုဦး (သချာၤ)က လက်ရှိတွင် ၎င်းတို့၏ ကယားပြည်နယ် သတင်းထောက် နော်ခိုင်ခိုင်အေးချိုသည် ပုံမှန် သတင်းထောက် တာဝန်များ ထမ်းဆောင်လျက် ရှိကြောင်း ပြောဆို သည်။
“လက်ရှိ အနေအထားမှာတော့ ကျနော်တို့ သတင်းထောက်သည် ပုံမှန်ပဲ သတင်းတွေ ပို့နေတယ်။ သူဆက်ပြီး အလုပ် လုပ်နေတယ်။ အမှုဖွင့်ခံထားရတာတော့ ဟုတ်တယ်။ အဲဒီ အဆင့်မှာပဲ ရှိသေးတယ်။ ကျနော်တို့ သတင်းထောက် မခိုင် အမှုဖွင့်ခံထားရတာကိုတော့ MPC ကို တင်ပြထားတယ်”ဟု ၎င်းက ဆိုသည်။
ယခု အမှုကို ကိုင်တွယ်နေသည့် ဒီးမော့ဆို စခန်းမှူး ဒုရဲမှူး အနိုင်က လောလောဆယ်တွင် တရားလို သက်သေများ ကို စတင် စစ်ဆေးနေသည့် အဆင့်သာ ရှိသေးပြီး ခေါ်ယူ စစ်ဆေးရာတွင် တပ်မတော်၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး၊ မြေစာရင်း ဦးစီးမှူး၊ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီ အဖွဲ့ဝင်များလည်း ပါဝင်ကြောင်း ပြောသည်။
ဒုရဲမှူး အနိုင်က“အခင်းဖြစ်တဲ့ အချိန်မှာ သူတို့တွေလည်း ရောက်တယ်။ အခုတော့ သူတို့တွေကို စစ်ဆေးနေတာပေါ့။ ဒီပုဒ်မက ဖမ်းမယ်ဆို ဖမ်းလို့ ရပါတယ်။ ဒါပေမယ့် စစ်ဆေးပေါ်ပေါက်ချက် အရပဲ သွားရမှာ ဆိုတော့ လောလော ဆယ် ဘာမှ မလုပ်သေးပါဘူး”ဟု ပြောဆိုသည်။
ယခု အမှုဖွင့်ခံထားရသည့် နိုင်ငံသားများ၏ ပုဂ္ဂိုလ် ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေသည် အခွင့်မရှိဘဲ တစုံတယောက်၏ နေရာဌာနကို ကျူးကျော်ခြင်း ဖြစ်ပြီး ပုဒ်မ ၁၂ အရ ပြစ်ဒဏ်မှာ အနည်းဆုံး ထောင် ဒဏ် ၁ နှစ်မှ ၅ နှစ် အထိ အပြင် ငွေဒဏ် ၅ သိန်းမှ ၂၅ သိန်း အထိ ချမှတ်နိုင်ကြောင်း သိရသည်။
၂၀၁၉ ခုနှစ် ဧပြီလက ရခိုင်ပြည်နယ် မြောက်ဦး ဒေသ အကြောင်း ရေးသားဖော်ပြချက်များနှင့် ပတ်သက်၍ ဧရာဝတီ သတင်းဌာန၊ လွတ်လပ်သော အာရှအသံ (RFA) တို့ကို တပ်မတော်က အရေးယူနိုင်ရန် ဆောင်ရွက်ခဲ့မှုများ ရှိထားပြီး RFA သတင်းဌာန ကိစ္စမှာ သတင်းမီဒီယာ ကောင်စီ၏ ဝင်ရောက် ညှိနှိုင်းမှုဖြင့် ပြေလည်မှု ရရှိသွားပြီ ဖြစ်ကြောင်း သိရ သည်။
လက်ရှိတွင် တပ်မတော်က မီဒီယာတချို့ကို အရေးယူထားရုံမက နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဗိုလ်ကြီးဟောင်း နေ မျိုးဇင်၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီး တို့ကို တရားစွဲဆို အရေးယူထားပြီး ၎င်းတို့မှာ အာမခံ မရသဖြင့် အချုပ်ခံထားရ သည်။
ထို့ပြင် ၂၀၁၉ ခုနှစ် သြင်္ကန် ကာလ အတွင်း သံချပ်ဖြင့် ဖျော်ဖြေခဲ့သည့် ဒေါင်းတို့ မျိုးဆက် အဖွဲ့၊ နေပြည်တော် တွင် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ထောက်ခံပွဲ၌ ပါဝင် ကပြခဲ့သည့် ဇွဲအငြိမ့် လူရွှင်တော် အဖွဲ့ တို့ကိုလည်း တရားရုံးသို့ ဦးတိုက် လျှောက်ထားပြီး အရေးယူရန် ပြင်ဆင်လျက် ရှိသည်။
၎င်းတို့သည် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)၊ နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (က)၊ (ခ) တို့ဖြင့် အရေးယူခံ နေရခြင်း ဖြစ်သည်။
You may also like these stories:
ကယားပြည်နယ်တွင် သတင်းထောက် ၃ ဦးကို တပ်မတော်က အမှုဖွင့်
တပ်မတော်၏ပြောဆိုချက်များသည် မီဒီယာများ လုပ်စားရန် မဟုတ်ဟု ဗိုလ်ချုပ် ထွန်းထွန်းညီ ပြော
တပ်မတော်က ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ဝါးခယ်မတရားရုံးတွင် ထပ်မံတရားစွဲ