ရန်ကုန်တိုင်း ဒေသကြီး စည်ပင်သာယာရေး ကော်မတီ(YCDC) ရွေးကောက်ပွဲတွင် ဒုမြို့တော်ဝန် ဦးစိုးလွင် အပါအဝင် နိုင်ငံရေး ပါတီဝင်များ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ပြုခြင်းကို ကန့်ကွက်ကြောင်း ဦးခင်လှိုင် (ဇောတိက)၏တိုင်ကြားစာကို ကော်မရှင်က ပယ်ချခဲ့ကြောင်း သိရသည်။
စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲ ကော်မရှင်မှ ဦးဇင်မင်းလှိုင်က“သူတိုင်တဲ့ ကိစ္စရပ်တွေက ရွေးကောက်ပွဲ နဲ့ သက်ဆိုင်ခြင်း မရှိဘူး။ အဲဒါကြောင့် ကျနော်တို့ ဆီကနေ စာပြန်လိုက်ပါပြီ။ ဒီကိစ္စနဲ့ ပတ်သက်လို့ စာနဲ့ တရားဝင် ရန်ကုန်တိုင်း ဥပဒေချုပ်မှာ ဥပဒေ အကြံဉာဏ် တောင်းပြီးတော့ သူ့ဆီကို ပြန်ခဲ့ပြီးပြီ။ ဒါက စုံခုံဖွဲ့ပြီးတော့ စစ်ရမယ့် ကိစ္စ မဟုတ်တဲ့ အတွက် ဆိုပြီးတော့ သူတင်ခဲ့တဲ့ စပေါ်ငွေ ၅ သိန်းကိုလည်း ပြန်ထုတ်ပါ ဆိုပြီးတော့ ပေးလိုက်ပြီ”ဟု ပြောသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင်များ အပါအဝင် နိုင်ငံရေး ပါတီဝင်များ စည်ပင် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မှုသည် ဥပဒေနှင့် မညီသဖြင့် ကန့်ကွက်ကြောင်း ရေးသားထားသည့် ဦးခင်လှိုင်(ဇောတိက) ၏ တိုင်ကြားစာကို ကော်မရှင်က ရွေးကောက်ပွဲနှင့် သက်ဆိုင်ခြင်း မရှိဟု ဇွန်လ ၆ ရက်က အကြောင်းပြန်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကော်မရှင်က ယင်းသို့ အကြောင်းပြန်ကြားမှုနှင့် ပတ်သက်၍ ဥပဒေနှင့် မညီသော၊ ရှေ့နောက် မညီသော လုပ်ရပ် အဖြစ် ဦးခင်လှိုင်(ဇောတိက) က တုံ့ပြန် ဝေဖန်ခဲ့သည်။
ဦးခင်လှိုင်က“ဒီက ဆုံးဖြတ်လို့ ရတဲ့ ပုံစံမျိုး မဟုတ်ပါဘူးတဲ့။ ဒါဆိုရင် အဲဒီလို ဆုံးဖြတ်ခွင့် မရှိတာကို ဘာကြောင့် နိုင်ငံရေး ပါတီများ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရှိတယ် ဆိုတာကို ဆုံးဖြတ်တာလဲ။ အဲဒီတုန်းကတော့ သူ့သဘောနဲ့သူ ဆုံးဖြတ်ပြီးတော့ ဒီလိုရှင်းရမယ့် ကိစ္စကျတော့ ဆုံးဖြတ်ခွင့် မရှိပါဘူး ဆိုတာ ဖြစ်တဲ့အတွက် ဒါဟာရှေ့နောက်လည်း မညီဘူး ဥပဒေ ကြောင်း အရလည်း မညီဘူးလို့ ပြောချင်ပါတယ်”ဟု ပြောသည်။
ဦးခင်လှိုင်၏ တိုင်ကြားချက်များသည် ပေါ်လွင် ထင်ရှားမှု မရှိသဖြင့် ခုံရုံးဖွဲ့ စုံစမ်းစစ်ဆေးနိုင်သည့် ကိစ္စမျိုး မဟုတ် ကြောင်း ရွေးကောက်ပွဲ ကော်မရှင်မှ ဦးဇင်မင်းလှိုင်က ဆိုသည်။
“ကန့်ကွက်တယ် ဆိုတာကို ပေါ်လွင်အောင် တိုင်ရမှာ။ တိုင်ရမှာက ဦးစိုးလွင်နဲ့ ပြိုင်တာကို သူမကျေနပ်ဘူး ဆိုရင် ဦးစိုးလွင်က တရားမဲ့ပြုကျင့်မှု ဘာတွေ လုပ်ခဲ့တယ် ဆိုတာကို ဖော်ပြီး တိုင်ရမှာပေါ့။ အဲဒါမှ ကျနော်တို့ ကော်မရှင်က ခုံဖွဲ့ပြီးတော့ စစ်လို့ရမှာပေါ့။ ဒါပေမယ့် သူတိုင်ထားတာတွေက အဲဒီလို မဟုတ်ဘူး”ဟုလည်း ၎င်းက ပြောဆိုသည်။
နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၂ အပိုဒ်ခွဲ (စ) တွင်“ရွေးကောက်ပွဲ ဆိုသည်မှာ ပြည်သူ့ လွှတ်တော် ရွေး ကောက်ပွဲ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက် ပွဲ များ ကို ဆိုသည်” ဟု လည်းကောင်း၊ အပိုဒ်ခွဲ (ဆ) တွင် “အထွေထွေ ရွေးကောက်ပွဲ ဆိုသည်မှာ လွှတ်တော် ပုံမှန် သက်တမ်း တရပ် အတွက် ကော်မရှင်က သတ်မှတ် ကျင်းပသည့် ရွေးကောက်ပွဲကို ဆိုသည်”ဟု လည်းကောင်း ပြဋ္ဌာန်း ထား သည်။
ယင်းကြောင့်ပင် စည်ပင်ရွေးကောက်ပွဲတွင် နိုင်ငံရေး ပါတီဝင်များ ဝင်ရောက် ယှဉ်ပြိုင်ခြင်းနှင့် ပါတီ အမှတ်တံဆိပ်များ အသုံးပြု၍ မဲဆွယ်ခဲ့ခြင်း တို့ကို ရွေးကောက်ပွဲ မပြုလုပ်ခင်ကပင် ကန့်ကွက်ခဲ့ကြသော်လည်း ရန်ကုန်မြို့ စည်ပင် ရွေး ကောက်ပွဲ ကော်မရှင်ကမူ ပါတီ အမှတ်တံဆိပ်များ အသုံးပြုပြီး ယှဉ်ပြိုင်ခြင်းကို ခွင့်ပြုခဲ့သည်။
NLD ပါတီ ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သည့် ဒု မြို့တော်ဝန် ဦးစိုးလွင်သည် ပြစ်မှုပြစ်ဒဏ်ဟောင်း ရှိခဲ့သဖြင့် စည်ပင် ရွေးကောက်ပွဲ နည်းဥပဒေနှင့် မညီဟု ဆိုကာ ဝေဖန်မှုများလည်း ထွက်ပေါ်ခဲ့သည်။
ဦးစိုးလွင် အနေဖြင့် ၎င်းနေထိုင်သည့် စမ်းချောင်းမြို့နယ် ဗဟိုလမ်း ခြံအမှတ် ၄၀ တွင် ကားပါကင် နေရာအား ခြံစည်း ရိုး တိုင်းတာသည့် ကိစ္စနှင့် အချင်းများရာမှ ဆဲဆို ခြိမ်းခြောက်ခဲ့သည့် ပြစ်မှု ပေါ်လွင်သဖြင့် ၂၀၁၈ ခုနှစ် နိုင်ဝင်ဘာလ တွင် ရာဇသတ်ကြီး ပုဒ်မ ၂၉၄(ခ)နှင့် ရာဇသတ်ကြီး ပုဒ်မ ၅၀၆ တို့ဖြင့် စမ်းချောင်းမြို့နယ် တရားရုံးက ပြစ်မှု ပြစ်ဒဏ် စီရင်ချက် ချခံခဲ့ရခြင်းကို ဝေဖန်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
ရန်ကုန် မြို့တော် စည်ပင်သာယာ ရွေးကောက်ပွဲ နည်းဥပဒေ ပုဒ်မ ၂၈(ဏ)တွင် ကိုယ့်ကျင့်တရား ဆိုင်ရာ ပြစ်မှု ကျူးလွန် ၍ ပြစ်မှုထင်ရှား စီရင်ခြင်း ခံရဖူးသူသည် ကိုယ်စားလှယ်လောင်း အဖြစ် မှတ်ပုံတင်ခွင့်နှင့် ရွေးကောက် တင်မြှောက်ခံပိုင် ခွင့် မရှိစေရဟု ပြဋ္ဌာန်းထားခြင်းကြောင့်လည်း ဒုမြို့တော်ဝန်၏ အမှုဟောင်းကို ဝေဖန်မှုများ မြင့်တက်ခဲ့ခြင်းလည်း ဖြစ်သည်။
You may also like these stories:
စည်ပင်ရွေးကောက်ပွဲ မဲစာရင်း၌ မပါဘဲ မဲပေးခွင့် ပြုသည့် ဖြစ်စဉ် ခုံရုံးဖွဲ့ စစ်မည်
ရန်ကုန် စည်ပင်ရွေးကောက်ပွဲ NLD အပြတ်အသတ်နိုင်ဟု ထုတ်ပြန်
ရန်ကုန် စည်ပင်ရွေးကောက်ပွဲ လူထုစိတ်ဝင်စားမှု နည်းလွန်းနေ
ရန်ကုန်စည်ပင် ရွေးကောက်ပွဲ မဲပေးခွင့်မရဘဲ ပြန်သွားရသူ ရာနှင့်ချီရှိနေ
ရန်ကုန် စည်ပင် ရွေးကောက်ပွဲ အမျိုးသမီး ပါဝင် ယှဉ်ပြိုင်မှု ပိုများလာ
ဥပဒေ အငြင်းပွားမှုများနှင့် ရန်ကုန် စည်ပင် ရွေးကောက်ပွဲ