သတင်း

မီတာခနှုန်းထားများ တိုးမြှင့် ကောက်ခံမှု အပေါ် ဝေဖန်မှုများရှိ

Want create site? Find Free WordPress Themes and plugins.

တနိုင်ငံလုံး အတိုင်းအတာဖြင့် ဇူလိုင်လ ၁ ရက်မှ စတင်ကာ တိုးမြှင့်ကောက်ခံမည့် လျှပ်စစ် မီတာခ နှုန်းထားသစ်ကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနက ကြေညာလိုက်ရာတွင် ပြည်သူများကြား ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။

မူလ ကောက်ခံနေသော နှုန်းထားမှာ အိမ်သုံး မီတာခများကို တယူနစ်လျှင် အနည်းဆုံး ၃၅ ကျပ်မှ အများဆုံး ၅၀ ကျပ် နှုန်း၊ စီးပွားရေး လုပ်ငန်း၊ စက်မှုလုပ်ငန်းသုံးများ အတွက် တယူနစ် အနည်းဆုံး ၅၀ ကျပ်မှ အများဆုံး ၁၅၀ ကျပ် အထိ ကောက်ခံနေရာမှ နှုန်းထားသစ်တွင် တယူနစ် ၃၅ ကျပ်မှ ၁၂၅ ကျပ်၊ အိမ်သုံး မဟုတ်သည့် အမျိုးအစားများ အတွက် တယူ နစ်လျှင် ၁၂၅ ကျပ် မှ ၁၈၀ ကျပ် အထိ အလွှာ အသီးသီးဖြင့် ပြောင်းလဲ တိုးမြှင့် ကောက်ခံမည် ဖြစ်ကြောင်း ဇွန်လ ၂၅ ရက်က ကြေညာထားသည်။

ဓာတ်အား နှုန်းထား တိုးမြှင့်ရခြင်းမှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးမှု ရေရှည်တွင် ပိုမို ကောင်းမွန်စေရန်၊ မဟာ ဓာတ်အား လိုင်းစနစ်မှ လျှပ်စစ်မီး မရရှိသေးသော ဒေသများကို ပေးနိုင်ရန်၊ ဓာတ်အား ထုတ်လုပ်မှုကို စဉ်ဆက်မပြတ် တိုးတက်မှု ရှိအောင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယခုကဲ့သို့ နှုန်းထားသစ်ဖြင့် ကောက်ခံရန် အတွက် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက နယ်ပယ် အသီးသီးမှ လျှပ်စစ် သုံးစွဲသူများ၊ ကိုယ်စားလှယ်များ၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံကာ အကြံပြုချက်များ ရယူဆောင်ရွက်ခဲ့ပြီး ပြည်ထောင်စု အစိုးရအဖွဲ့ကလည်း သဘောတူညီခဲ့ပြီး ဖြစ်သည်ဟု ယင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

လျှပ်စစ်ဓာတ်အား ၁ ယူနစ် ထုတ်လုပ် စရိတ်မှာ ငွေကျပ် ၁၀၀ ခန့် ကုန်ကျပြီး ဓာတ်အား ထုတ်လုပ်မှု အတွက် အစိုးရ က တနှစ်လျှင် ကျပ် ဘီလီယံ ၅၀၀ ခန့် စိုက်ထုတ် အသုံးပြုနေရကြောင်း၊ ထို့အတွက် လိုအပ်သော ဓာတ်အား ထုတ် လုပ် ဖြန့် ဖြူးရေး လုပ်ငန်းများ တိုးချဲ့ မတည်ဆောက်နိုင် ဖြစ်နေရသည့် အတွက် မီတာခနှုန်းထား ပြောင်းလဲကောက် ခံရန် စီစဉ်ရခြင်း ဖြစ်ကြောင်း နေပြည်တော် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ အရာရှိတဦးက ပြောသည်။

၎င်းက “မတက်မဖြစ် တက်ရတဲ့ အကြောင်းက နိုင်ငံတော်က  အရှုံးပေါ်နေတယ်။ ကမ္ဘာ့ဘဏ် ချေးငွေတွေကလည်း ပြန် ဆပ်ရမယ်။ တောက်လျှောက် ရှုံးနေရင် ဓာတ်အား စနစ် မတိုးတက်လာနိုင်ဘူး။ ရှုံးတဲ့ ဘတ်ဂျက်က တနှစ် တနှစ်ကို ဘီလီ ယံ ၃၆၀၊ ၄၀၀ ကြားဖြစ်နေတော့ ကျန်တဲ့ လုပ်ငန်း တိုးတက်အောင် မလုပ်နိုင်ဘူး။ ရှုံးတဲ့အပေါ် လိုက်ခံနေရသလိုဖြစ်နေ တယ်။ ဒါကြောင့် ထုတ်လုပ်မှု စရိတ်ကလေး အရင်ဆုံး ကာမိအောင် ကောက်တဲ့ သဘောပါ။ ဌာန အတွက် အမြတ်ကျန်အောင် ကောက်တဲ့ သဘော မဟုတ်ပါဘူး။ ရှုံးနေတာလေး ကာမိအောင် ကောက်တာပါ” ဟု ရှင်းပြသည်။

ပြောင်းလဲ ကောက်ခံမည့် နှုန်းထားသစ်တွင် ယူနစ် ၃၀ အထိ သုံးစွဲမှုကိုသာ ၃၅ ကျပ်နှုန်း သတ်မှတ်ထားသဖြင့် သာမန် မီးထွန်းရုံ နေအိမ်များ အတွက် မသိသာသော်လည်း  လျှပ်စစ်ပစ္စည်း အနည်းငယ်ခန့် ပိုသုံးရုံဖြင့် မီတာခ နှစ်ဆကျော် ပိုမို ပေးဆောင်ရတော့မည့် အခြေအနေ ဖြစ်ကြောင်း ပျဉ်းမနားမြို့ခံ ဦးကျော်သူရက ပြောသည်။

ဦးကျော်သူရက “သာမန်ပြည်သူ အနေနဲ့ ဆိုရင် များတယ်လို့ ပြောလို့ရတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ယူနစ် ၃၀ အထိ ၃၅ ကျပ်ဆိုတာက တနေ့ကို တယူနစ်ပဲ သုံးရမယ် ဆိုတာက မဖြစ်နိုင်ဘူး။ နည်းနည်းသုံးတဲ့သူ နည်းနည်းကျမယ်။ များများ သုံးတဲ့သူ များများကျမယ်ဆိုတာကလည်း အိမ်မှာ တီဗီရှိမယ်။ ရေခဲသေတ္တာရှိမယ်။ အဲကွန်းလေး တလုံးလောက် တပ်မယ် ဆိုတဲ့ အိမ်အတွက် ကောက်နေတဲ့နှုန်းက အရမ်းများပါတယ်” ဟု ဆိုသည်။

မီတာခ နှုန်းထားသစ်သည် ရုန်းကန်နေရသော  အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များ အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ် စေမည်ဖြစ်ပြီး နောက်ဆုံး စားသုံးသူဖြစ်သည့် ပြည်သူများ အနေဖြင့် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ခံရမည် ဖြစ်ကြောင်း လည်း လုပ်ငန်းရှင်တချို့က ပြောသည်။

မြန်မာနိုင်ငံ ရေသန့်လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးရဲထွဋ်က “တက်သွားတဲ့ အတွက် လုပ်ငန်းရှင်တွေပဲ ထိခိုက်တာ လားဆိုတော့ မဟုတ်ဘူး။ ပြည်သူတွေလည်း ထိခိုက်လိမ့်မယ်။ အားလုံးက ကြိုမပြင်ထားဘူး။ တက်မယ် ဆိုတာတော့ သိနေတယ်။ အဲဒီလောက် တက်သွားမယ်လို့ မထင်ဘူး”ဟု ပြောဆိုသည်။

ပျဉ်းမနားမြို့ လေဆာ မိုဘိုင်းဖုန်းဆိုင်မှ ဦးကျော်ဇေမင်း ကလည်း “အနိမ့်ဆုံး၂ ဆ တက်တဲ့ သဘာပေါ့။ ဖုန်းအရောင်း ဆိုင် ဆိုတော့ ဈေးနှုန်းတွေက သတ်မှတ်ပြီးသား ဖြစ်တယ်လေ။ ဈေးနှုန်းကို ထွေထွေထူးထူး တက်ပြီး ရောင်းမှာတော့ မဟုတ်ဘူး။ ဒါပေမယ့် ကုန်ကျစရိတ် များသွားတဲ့အတွက် လျှပ်စစ်မီးကို သုံးတဲ့ အခါမှာလည်း မလိုအပ်ရင် မသုံးဖို့ အတွက် ပိုပြီး ထိန်းသိမ်းသွားရမှာပေါ့” ဟု ဆိုသည်။

မီတာခနှုန်းသစ် အရ ယူနစ်များစွာ သုံးစွဲမည့် ကော်ပိုရေးရှင်း လုပ်ငန်းများ အနေဖြင့် နှစ်ဆခန့် ကုန်ကျမည် ဖြစ်သော် လည်း သာမန် စက်မှုဇုန် လုပ်ငန်းများ အနေဖြင့် မသိသာကြောင်း ရွှေလင်ဗန်း စက်မှုဇုန် ဥက္ကဋ္ဌ ဦးအေးသောင်းက ပြော သည်။

“ကျနော်တို့ ပြည်တွင်း စက်မှုဇုန်လုပ်ငန်းရှင်တွေ အနေနဲ့ သိပ်မသိသာပါဘူး။  တကယ့် ကော်ပိုရေးရှင်း သမားတွေ အတွက် ကျတော့ ၂ ဆ ဖြစ်သွားတာပေါ့။ နိုင်ငံတကာနဲ့ တွက်ရင် ကျနော်တို့ နိုင်ငံက နည်းပါသေးတယ်။ ဒီဇယ်နဲ့ မောင်းမယ် ဆိုရင် ဒါထက်မက  ၂ဆလောက် ထပ် ကျပါသေးတယ်” ဟု ဦးအေးသောင်းက ဆိုသည်။

မီတာခနှုန်းသစ်သည် သာမန် မီးထွန်း တီဗီကြည့်ရုံသာ အသုံးပြုသူများ အတွက် ထိခိုက်မည် မဟုတ်ဟု ပြည်သူ့ လွှတ် တော် လျှပ်စစ်နှင့် စွမ်းအင် ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ အဖွဲ့ဝင် ဦးနေမျိုးထက်က ပြောသည်။

“အထူးသဖြင့် အိမ်မှာ အဲကွန်း သုံးတဲ့ လူတန်းစား ကတော့ မီတာခကို ပိုပေးရမယ် ဆိုတဲ့ အနေအထား ဖြစ်ပါတယ်။ လက်လုပ်လက်စား အခြေခံ လူတန်းစားကို မထိအောင်တော့ လုပ်ထားပါတယ်။ သူတို့ သတ်မှတ်လိုက်တာက အိမ်မှာ ရိုးရိုးပဲ TV ကြည့်မယ်၊ ထမင်းချက်၊ ဟင်းချက်တာလောက်ကို ယူနစ် ၅၀၊ ၆၀  လောက်ထိ သတ်မှတ်ထားတယ်။ အဲကွန်း သုံးတဲ့ လူတန်းစားကိုတော့ ယူနစ် ၁၀၀ အပေါ်လောက် သွားမယ်”ဟု ၎င်းက ဆိုသည်။

လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန အနေဖြင့် မီတာခ ဈေးနှုန်း တက်ခြင်းနှင့် အတူ မီးအား အပြည့်အဝဖြင့် မီးမှန်မှန် ပေးနိုင် ရန် လိုအပ်မည် ဖြစ်ကြောင်း၊ မီးမမှန်ဘဲ ပျက်ချင်သည့် အချိန် ပျက်နေလျှင် ၎င်းတို့အတွက် နစ်နာမှုများ ရှိမည် ဖြစ် ကြောင်း လုပ်ငန်းရှင်များနှင့် ပြည်သူများက ဝေဖန်ပြောဆိုကြသည်။

လက်ရှိတွင် မီတာများကို ဓာတ်တိုင်များတွင် တပ်ဆင်ထားသဖြင့်  ပြည်သူများက ၎င်းတို့ သုံးစွဲသည့် ယူနစ် မည်မျှ ရှိ သည်ကို မသိရှိနိုင် သကဲ့သို့ မီတာခ ကောက်ခံသူက ခန့်မှန်း ကောက်ခံနေခြင်းကို တွေ့ကြုံနေရသဖြင့် ယင်းစနစ်ကို ပြင်ဆင်ပေးရန် တောင်းဆိုမှုများလည်း ရှိနေသည်။

ကျောက်တံတား မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးထက်က “ဝန်ကြီးဌာန အနေနဲ့ လည်း မီတာခ ကောက်တာ မှန်မှန်ကန်ကန်နဲ့ စနစ်တကျ ကောက်ဖို့ လိုအပ်ပါတယ်။ မီတာကို ခန့်မှန်းခြေနဲ့ ကောက်တာမျိုး မဖြစ်ဘဲနဲ့ စနစ်တကျနဲ့ ဘယ်လောက် သုံးစွဲတယ်။ ဘယ်လိုဆိုတာ ဝန်ကြီးဌာန အနေနဲ့ မီတာ ဖတ်တဲ့သူတွေ အနေနဲ့  လုပ်ဆောင်ဖို့ လိုပါတယ်” ဟု အကြံပြုသည်။

မီတာခနှုန်းသစ် အတွက်  အစိုးရ၊ လွှတ်တော်၊ ပြည်တွင်း ပြည်ပ ပညာရှင်များ၊ ကျွမ်းကျင်သူများ၊ လုပ်ငန်းရှင်များ ညှိနှိုင်း တိုင်ပင်၍ လူထု အပေါ် သက်ရောက်မှု အနည်းဆုံး ပမာဏကို သတ်မှတ်ခဲ့ခြင်း ဖြစ်ပြီး မီးမှန်မှန်ရမည် ဆိုလျှင် လုပ်ငန်း ရှင်များ အတွက်လည်း ဝန်ပိစေမည် မဟုတ်ကြောင်း ပြည်သူ့ လွှတ်တော်၊ လျှပ်စစ်နှင့် စွမ်းအင် ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ အဖွဲ့ဝင် ဦးအောင်ဇော်မြင့်က ဆိုသည်။

“လုပ်ငန်းရှင်တွေ အတွက် လျှပ်စစ်မီးသာ အပြည့်အဝ ရမယ်ဆိုရင် သူတို့ အတွက် ဝန်မပိပါဘူး။ အခုလို ဈေးနှုန်းတွေ ပြောင်းလဲ ကြေညာပြီးတာနဲ့ ဝန်ဆောင်မှု ပေးတဲ့ အပိုင်းမှာ ဒီနှစ်နွေလို မီးမပျက်အောင် ကြိုတင် ပြင်ဆင်မှုတွေ ရှိတယ်။ လတ်တလော ဂက်စ်တို့၊ ဒီဇယ်တို့နဲ့ အစားထိုးမောင်းပေးနိုင်တာ လုပ်ပေးဖို့ ရှိပါတယ်။ သို့သော် အသေးစိတ်ကိုတော့ ဝန်ကြီးဌာနက လုပ်နေတာ ဖြစ်ပါတယ်” ဟု ပြောဆိုသည်။

ယခင်က အိမ်သုံးမီတာခ အဖြစ် တယူနစ်မှ ယူနစ် ၁၀၀ အတွင်းသုံးစွဲလျှင် ၃၅ကျပ်နှုန်း၊ ယူနစ် ၁၀၁ မှ ၂၀၀ အတွင်း ၄၀ ကျပ်နှုန်း၊ ယူနစ် ၂၀၁ နှင့်အထက်လျှင် ၅၀ ကျပ်နှုန်းဖြင့် ကောက်ခံနေခြင်း ဖြစ်သည်။

စက်မှုနှင့် စီးပွားရေး လုပ်ငန်းသုံး ပါဝါမီတာများ အတွက်  ယခင်နှုန်းထားမှာ ၁ ယူနစ်မှ ယူနစ် ၅၀၀ အထိ ၇၅ ကျပ်နှုန်း၊ ၅၀၁ ယူနစ်မှ ယူနစ် ၁ သောင်း အထိ ၁၀၀ ကျပ်နှုန်း၊ ယူနစ် ၁၀၀၀၁ မှ ၅ သောင်း အထိ ၁၂၅ ကျပ်နှုန်း၊ ယူနစ် ၅၀၀၀၁ မှ ၂ သိန်း အထိ ၁၅၀ ကျပ်နှုန်း၊ ယူနစ် ၂၀၀၀၀၁ မှ ၃ သိန်း အထိ ၁၂၅ ကျပ်၊ ၃၀၀၀၀၁ မှ အထက်ကို ၁၀၀ ကျပ်နှုန်း တို့ဖြင့် ကောက်ခံနေခဲ့ခြင်း ဖြစ်သည်။

ပြောင်းလဲလိုက်သည့် နှုန်းထားသစ် အရ ရိုးရိုးအိမ်သုံးနှင့် ပါဝါမီတာ၊ တလုံးတခဲတည်း ( အဆောင် လုပ်ငန်း)  စီးပွားရေး လုပ်ငန်း မပါသော ဘာသာ/ သာသနာ အဆောက်အအုံများ အတွက် မီတာခနှုန်းထားမှာ ၁ ယူနစ်မှ ယူနစ် ၃၀ အထိ ၃၅ ကျပ်နှုန်း၊ ၃၁ ယူနစ်မှ ၅၀ ယူနစ်အထိ ၅၀ ကျပ်နှုန်း၊ ၅၁ ယူနစ်မှ ၇၅ ယူနစ် အထိ ၇၀ ကျပ်နှုန်း၊ ၇၆ ယူနစ်မှ  ၁၀၀ အထိ ၉၀ ကျပ်နှုန်း၊ ယူနစ် ၁၀၁ မှ ၁၅၀ အထိ ၁၁၀ နှုန်း၊ ယူနစ် ၁၅၁ မှ ၂၀၀ အထိ ၁၂၀ ကျပ်၊ ယူနစ် ၂၀၁နှင့်အထက် ၁၂၅ ကျပ် စသည်ဖြင့် ကောက်ခံမည် ဖြစ်သည်။

စက်မှုလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း၊ တလုံးတခဲတည်း (ဟိုတယ်၊ မိုတယ်)၊ ယာယီသုံး ၊ လမ်းမီး၊ အစိုးရရုံးဌာန အဖွဲ့ အစည်း များ၊ နိုင်ငံပိုင် စက်မှုလုပ်ငန်းများ၊ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ မြစ်ရေတင် လုပ်ငန်း စည်ပင်သာယာရုံးဌာန လုပ်ငန်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ အတွက်၊ နိုင်ငံခြား သံရုံးများ။ နိုင်ငံတကာ အဖွဲ့အစည်းများကို အိမ်သုံး မဟုတ်သော လုပ်ငန်း အမျိုးအစားများ အဖြစ် ကောက်ခံမည် ဖြစ်ကြောင်း ကြေညာထား သည်။

ယင်းလုပ်ငန်း အမျိုးအစားများ အတွက် ၁ ယူနစ်မှ ယူနစ် ၅၀၀ အထိ ၁၂၅ ကျပ်နှုန်း၊ ယူနစ် ၅၀၁ မှ ၅၀၀၀ အထိ ၁၃၅ ကျပ်နှုန်း၊ ယူနစ် ၅၀၀၁ မှ ၁၀၀၀၀ အထိ ၁၄၅ ကျပ်၊ ယူနစ် ၁၀၀၀၁ မှ ၂၀၀၀၀ အထိ ၁၅၅ ကျပ်၊ ယူနစ် ၂၀၀၀၁ မှ ၅၀၀၀၀ အထိ ၁၆၅ ကျပ်၊ ယူနစ် ၅၀၀၀၁ မှ ၁၀၀၀၀၀ အထိ ၁၇၅ ကျပ်၊ ယူနစ် ၁၀၀၀၀၁ နှင့် အထက်ဆိုပါက ၁၈၀ ကျပ် နှုန်းဖြင့် ပြောင်းလဲ ကောက်ခံမည် ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ဘဏ်၏ ကွင်းဆင်း လေ့လာမှုများ အရ မြန်မာနိုင်ငံ အတွင်း ၇၀ ရာခိုင်နှုန်းရှိ အိမ်ထောင်စုများသည် တရက်လျှင် အနည်းဆုံး လျှပ်စစ်မီး၂ နာရီခန့်သာ အသုံးပြုခွင့် ရနေပြီး အာဆီယံ ဒေသတွင် လျှပ်စစ်မီး အနည်းဆုံး ရရှိသည့် နိုင်ငံဖြစ် သည်ဟု ကမ္ဘာ့ဘဏ်မှ စွမ်းအင် ပညာရှင် ဦးမျိုးမြင့်က ဧရာဝတီသို့ ပြောဆိုထားသည်။

မြန်မာနိုင်ငံတွင် အိမ်ထောင်စုပေါင်း ၁၀ သန်းကျော် ရှိသည့် အနက် ၄ သန်းကျော်ကို ဓာတ်အား ဖြန့်ဖြူးပေးနေရ သဖြင့် ရာခိုင်နှုန်း အရ တွက်ချက်ပါက ၃၈ ဒသမ ၅ ရာခိုင်နှုန်း လျှပ်စစ်မီး ရရှိနေခြင်း ဖြစ်ပြီး နှစ်စဉ် လျှပ်စစ်ဓာတ်အား လိုအပ် ချက်မှာ ၁၅ ရာခိုင်နှုန်းခန့် တိုးတက်လျက် ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထို့ပြင် လျှပ်စစ် သုံးစွဲမှုနှုန်း ခန့်မှန်းချက် အရ ၂၀၂၀- ၂၀၂၁ ခုနှစ်တွင် မဂ္ဂါဝပ် ၆၀၀၀ ခန့် လိုအပ်မည် ဖြစ်ကာ လက်ရှိ ထုတ်လုပ်မှု အရ ၃၀၀၀ မဂ္ဂါဝပ်သာ ရှိနေဆဲ ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

မိုးမိုး ပူးပေါင်း ရေးသားသည်။

You may also like these stories:

လျှပ်စစ်မီးမှန်အောင် အစိုးရ လုပ်ဆောင်နိုင်မလား

စီးပွားရေး တိုးတက်ရန် လျှပ်စစ်ကဏ္ဍ တနှစ် ဒေါ်လာ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံရန်လိုဟု ကမ္ဘာ့ဘဏ် ဆို

အထက်ရဲရွာ ရေအားလျှပ်စစ် စီမံကိန်း ၂၀၂၂ တွင် အပြီးဆောင်ရွက်မည်

ပြောင်းလဲ ကောက်ခံမည့် လျှပ်စစ် မီတာခ စိုးရိမ်ရန် မလိုဟု ဆို

Did you find apk for android? You can find new Free Android Games and apps.
Loading