LGBT (Lesbian, Gay, Bisexual, Transgender) တဦးဖြစ်လို့ လုပ်ငန်းခွင်ထဲမှာ အရှက်ခွဲ အနိုင်ကျင့်ခံခဲ့ရတာကြောင့် မိမိကိုယ်ကို သတ်သေသွားခဲ့တဲ့ MIU (Myanmar Imperial University) က စာကြည့်တိုက်မှူး ကိုကျော်ဇင်ဝင်းရဲ့ ကိစ္စဟာဆိုရင် အခုအချိန်မှာ နိုင်ငံတကာ သတင်းမီဒီယာတွေနဲ့ LGBT Website တွေမှာပါ အကျယ်တဝင့် ဖော်ပြခံနေရပါတယ်။
လုပ်ငန်းခွင်ထဲက လုပ်ဖော်ကိုင်ဖက်တွေရဲ့ စကားလုံးတွေနဲ့ ဝိုင်းဝန်း နှိပ်ကွပ်မှု၊ ခွဲခြားဆက်ဆံမှုတွေကြောင့် ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့တဲ့ ကိုကျော်ဇင်ဝင်းဟာ ဇွန်လ ၂၄ ရက်နေ့မှာ သေဆုံးသွားခဲ့တာပါ။ နိုင်ငံတကာ သတင်းမီဒီယာတွေဖြစ်တဲ့ “The New Indian Express”, “Gay Star News”, “NDTV”, “NST” စတဲ့ သတင်း မီဒီယာဝက်ဆိုဒ်တွေနဲ့ လူမှုကွန်ရက်တွေ အားလုံးမှာပါ ဒီသတင်းဟာ ပျံ့နှံ့နေတာ ဖြစ်ပါတယ်။
Myanmar Imperial University နဲ့ ချိတ်ဆက်ထားတဲ့ UK မှာရှိတဲ့ University of Northampton အထိပါ ဒီသတင်းဟာ ပျံ့နှံ့နေတာဖြစ်ပြီး University of Northampton အနေနဲ့ LGBT တွေအပေါ် ခွဲခြားဆက်ဆံမှုနဲ့ အကြမ်းဖက်ခြင်းတို့ကို ရှုံ့ချတဲ့ Rainbow Flag Profile Picture ကိုပါ သူတို့ရဲ့ တရားဝင် Facebook စာမျက်နှာမှာ တင်ထားတာ တွေ့ရပါတယ်။
University of Northampton အနေနဲ့ MIU မှာ စာကြည့်တိုက်မှူးအဖြစ် လုပ်ကိုင်ခဲ့တဲ့ ကိုကျော်ဇင်ဝင်း သေဆုံးမှုအပေါ် များစွာ စိတ်မကောင်းဖြစ်ကာ ကရုဏာသက်နေပြီး သူတို့အနေနဲ့ MIU က စီမံခန့်ခွဲမှုအပိုင်းက တာဝန်ရှိသူတွေကို ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုတွေ ပြုလုပ်ပေးဖို့ တွန်းအားပေးထားကြောင်း ရေးထားတဲ့ အီးမေးလ်ဟာလည်း အွန်လိုင်းမှာ ပျံ့နှံ့နေတာ တွေ့ရပါတယ်။
University of Nortampton ကျောင်းရဲ့ တရားဝင် ဝက်ဘ်ဆိုဒ်မှာတော့ လူမျိုးရေး၊ ဘာသာရေး ခွဲခြားမှု၊ လိင်စိတ် ခံယူမှု၊ အသားအရောင် ခွဲခြားမှု စတာတွေကို ဆန့်ကျင်ပြီး တန်းတူညီမျှ ဆက်ဆံရေးကို ရှေးရှုကြောင်းကို အကျယ်တဝင့် ရေးသားထားတာ တွေ့ရပါတယ်။
LGBT တွေဟာ လူသားတွေထဲက လူသားဖြစ်တာကြောင့် လူသားအချင်းချင်း စာနာဖို့ကို နိုင်ငံတကာ LGBT အသိုင်းအဝိုင်းက ဘယ်လိုပဲ ရှင်းလင်းပြောပြနေပါစေ၊ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာ လူအဖွဲ့အစည်း တော်တော်များများက လူတွေဟာ အခုချိန်ထိ LGBT ကို လက်ခံသင့်သလောက် လက်မခံကြသေးပါဘူး။
ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း အမေရိကန်ပြည်ထောင်စု၊ Alabama ပြည်နယ်၊ Huntsville အထက်တန်းကျောင်းမှာ တက်ရောက်နေတဲ့ အသက် ၁၅ နှစ်အရွယ် Nigel Shelby ဆိုတဲ့ ကျောင်းသားလေးဟာ သူဟာ Gay တယောက်ဖြစ်ကြောင်း ဝန်ခံခဲ့တာကြောင့် ကျောင်းမှာ Bully လုပ်ခံခဲ့ရပြီး မိမိကိုယ်ကို သတ်သေသွားခဲ့ပါတယ်။
ဒီအဖြစ်အပျက်အတွက် Huntsville အထက်တန်းကျောင်းက အပြည့်အဝ တာဝန်ယူခဲ့ပြီး Shelby ရဲ့ မိသားစုကို အမေရိကန်ဒေါ်လာ ၁ သောင်း ထောက်ပံ့ ပေးအပ်ခဲ့ပါတယ်။ ဘယ်လိုပဲ ထောက်ပံ့ပေးမှု ပေးအပ်ခဲ့ပါစေ၊ သေဆုံးသူ မိသားစုရဲ့ဆုံးရှုံးမှုနဲ့ ကွယ်လွန်သွားသူကိုတော့ အစား ပြန်မရနိုင်တော့ပါဘူး။
ကိုကျော်ဇင်ဝင်း သေဆုံးမှုအတွက် MIU က ထုတ်ပြန်ချက်တွေ ထုတ်ပြန်ထားပေမယ့် ဘယ်လိုတွေ ဆက်လုပ်သွားမလဲဆိုတာကတော့ စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။ လူတယောက်ရဲ့ ဖြစ်တည်မှုကို ပွင့်ပွင့်လင်းလင်း ချပြခွင့် မရှိဘဲ အပြစ်တင်ဝေဖန်စောကြတဲ့ မြန်မာ့လူ့အဖွဲ့အစည်းကနေ ကိုကျော်ဇင်ဝင်းကတော့ ထာဝရ လွတ်မြောက်သွားပြီပဲ ဖြစ်ပါတယ်။ ။
You may also like these stories:
LGBT များကို လှောင်ပြောင် သရုပ်ဖော်မှုများ ရပ်တန့်ပေးရန် တောင်းဆို
“ဝက်ဝက်ကွဲအောင်ပွင့် ရုပ်ရှင်မှာ LGBT တွေကို လှောင်ပြောင်ခြင်း မပြုလုပ်ထားပါဘူး”