သတင်း

ဆက်သွယ်ရေး ဥပဒေပုဒ်မဖြင့် တရားစွဲခံရသူ ၂၀၀ အထိရှိလာ

အငြင်းပွားဖွယ်ရာ ဆက်သွယ်ရေးဥပဒေဖြင့် တရားစွဲဆိုခံရသော အရေအတွက်မှာ ယခုလအထိ အမှုပေါင်း ၂၀၀ ရှိလာပြီ ဖြစ်ကြောင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အဖွဲ့ အသံက ထုတ်ပြန်ထားသည်။ ထိုအမှုများအနက် ၂၇ မှုသည် အစိုးရအဖွဲ့ဝင်များ၊ ဝန်ထမ်းများက စွဲဆိုခဲ့ခြင်းဖြစ်ပြီး ၁၆ မှုသည် တပ်မတော်မှ တိုက်ရိုက်တရားစွဲဆိုခဲ့သည့်အမှုများဖြစ်သည်။

ဆက်သွယ်ရေးဥပဒေ စတင်ပြဌာန်းခဲ့သည့် ၂၀၁၃ ခုနှစ်နှောင်းပိုင်းမှ စ၍ ဇွန်လ ၂၀ရက်နေ့အထိ တရားစွဲဆိုမှုပေါင်း ၂၀၀ ရှိသွားပြီဖြစ်ပြီး တရားစွဲဆိုခံရသူပေါင်း ၂၄၆ ဦးရှိသွားပြီဖြစ်ကြောင်း တနင်္ဂနွေနေ့က ထုတ်ပြန်သည့်အစီရင်ခံစာတွင် အသံအဖွဲ့က ပြောသည်။

ဆိုရှယ်မီဒီယာပေါ်တွင် အသရေဖျက်သည်ဟုဆိုကာ အဆိုပါ ဥပဒေပုဒ်မ ၆၆ ဃဖြင့် စွဲဆိုခြင်းက အများဆုံးဖြစ်သည်။

တိုင်ကြားသူအများစုမှာ အစိုးရအရာရှိများ၊ တပ်မတော်အရာရှိများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် စီးပွားရေး သမားများ ဖြစ်ပြီး အမှုအများစုတွင် သတင်းသမားများ၊ တက်ကြွ လှုပ်ရှားသူများနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများကို စွဲဆိုကြခြင်းဖြစ်သည်ဟု အစီရင်ခံစာက ဆိုသည်။

ဆက်သွယ်ရေးဥပဒေဖြင့် အရေးယူခံရသော အမှုများ များပြားလာခြင်းကို ဝေဖန်မှုများထွက်ပေါ်လာပြီးနောက် ၂၀၁၇ ခုနှစ် သြဂုတ်လတွင် လွှတ်တော်က အဆိုပါဥပဒေကို ပြင်ဆင်ခဲ့သည်။

ထိုဥပဒေ ပြင်ဆင်ချက်တွင် အသရေဖျက်ခံရသူ၏ကိုယ်စားလှယ်လွှဲစာ မပါဘဲ၊ ကြားလူက အမှုဖွင့်ခြင်းကို တားဆီး ပိတ်ပင်ခြင်းပါဝင်ပြီး ထိုသို့လုပ်ခြင်းသည် ဆက်သွယ်ရေးဥပဒေအရ ဖွင့်သော အမှုအရေအတွက် လျှော့ချရန်ဖြစ်သည်ဟု ယူဆကြသည်။

ဆက်သွယ်ရေးဥပဒေတွင် အခြားထူးခြားသည့် ပြင်ဆင်ချက် ၂ ခုမှာ စွဲဆိုခံရသူကို အာမခံပေးခွင့်ရှိခြင်းနှင့် အများဆုံး ထောင်ဒဏ်ကို ၃ နှစ်မှ ၂ နှစ်သို့ လျှော့ချခြင်းပါဝင်သည်။

သို့သော် ဆက်သွယ်ရေးဥပဒေမှ အငြင်းပွားစရာ အကောင်းဆုံးဖြစ်သော ပုဒ်မ ၆၆ (ဃ) ကို မပယ်ဖျက်ခဲ့သောကြောင့် ထိုပြင်ဆင်ချက်များ၏ ထိရောက်မှုကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် တက်ကြွ လှုပ်ရှားသူများက သံသယဝင်ခဲ့ကြသည်။

ဥပဒေပြင်ဆင်ပြီးနောက်ပိုင်းတွင် ကြားလူက တရားစွဲဆိုခွင့်မရှိသော်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဝေဖန်ရေးသားသည်ဟုဆိုကာ ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင်မဟုတ်သည့် တပ်မတော်အရာရှိများက ဆက်လက်တရားစွဲဆိုနေမှုများရှိကြောင်း အသံအဖွဲ့က တနင်္ဂနွေက ပြောသည်။

၂၀၁၇ခုနှစ် သြဂုတ်လနောက်ပိုင်းမှ စ၍ ယနေ့အထိ နှစ်နှစ်နီးပါးအတွင်း အွန်လိုင်းပေါ်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အသရေဖျက်သည်ဟုဆိုကာ လူ ၁၀ ယောက်ကျော် အမှုဖွင့်ခံခဲ့ရကြောင်းအသံ၏ သုတေသနမန်နေဂျာ ကိုရဲဝေဖြိုးအောင်က ပြောသည်။

သို့သော် ထိုဥပဒေကို ပြင်ဆင်ပြီးနောက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အသရေဖျက်သည်ဟူသော စွပ်စွဲချက်ဖြင့် တရားစွဲခံရသူ မရှိတော့ကြောင်း သူက ပြောသည်။ ဥပဒေကို မပြင်မီက ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား ထောက်ခံသူများက စွဲဆိုခဲ့သောအမှု ၁၀ မှု ရှိခဲ့သည်။

ဥပမာအဖြစ် ဥပဒေပြင်ဆင်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို အသရေဖျက်သည်ဟုဆိုကာ ထောက်ခံသူတဦးက ဆက်သွယ်ရေးဥပဒေဖြင့် အမှုဖွင့်ရန် ကြိုးစားမှုကို ရန်ကုန်ရှိ လှည်းကူးရဲစခန်းက ပယ်ချခဲ့သည်ကို ကိုရဲဝေဖြိုးအောင်က ထောက်ပြသည်။ ဥပဒေ ပြင်ဆင်ချက်အရ ထိုသို့ အမှုဖွင့်ခွင့် မရှိတော့သောကြောင့် ရဲတပ်ဖွဲ့က ပယ်ချခြင်းဖြစ်သည်။

သို့သော် တပ်မှ စွဲဆိုသည့်အမှုများအနက် ၎င်းတို့ စောင့်ကြည့်လေ့လာဖြစ်သောအမှုများတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ကိုယ်စားလှယ်လွှဲစာမပါလည်း တရားရုံးက တပ်မတော်အရာရှိများမှ တိုင်ကြားသောအမှုများကို လက်ခံစစ်ဆေးနေသည်များရှိကြောင်း ကိုရဲဝေဖြိုးအောင်ကပြောသည်။

ကိုယ်စားလှယ်လွှဲစားအစား ထိုအရာရှိများကအမှုအတွက် နေပြည်တော်ရှိ စစ်ဌာနချုပ်မှ ခွင့်ပြုချက်ရပြီးဖြစ်သည်ဟု ထွက်ဆိုကြကြောင်း ကိုရဲဝေဖြိုးအောင်က ပြောသည်။

ခေါင်းဆောင်များ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် အစိုးရအရာရှိများ အနေဖြင့် ၎င်းတို့၏ စွဲချက်များကို ရုပ်သိမ်းရန်နှင့် အငြင်းပွားဖွယ် အဖြစ်ဆုံး ပုဒ်မများဖြစ်သည့် ပုဒ်မ ၆၆ (ဃ)၊ ၆၈ (က)၊ ၇၇ နှင့် ၈၈ များ ရုပ်သိမ်းခြင်း အပါအဝင် ဥပဒေကို ထပ်မံပြင်ဆင်ရန် အသံက အစီရင်ခံစာတွင် တောင်းဆိုသည်။

(San Yamin Aung ၏ Total Number of Defamation Cases Under Telecommunications Law Hits 200  ကို ဘာသာပြန်သည်။)

ဆက်စပ်ဖတ်ရှုရန်

ကယားတွင် သတင်းထောက် ၃ ဦး အမှုဖွင့်ခံရမှု တပ်ချုပ်ထံ မေတ္တာရပ်ခံစာပို့ 

တပ်မတော်၏ပြောဆိုချက်များသည် မီဒီယာများ လုပ်စားရန် မဟုတ်ဟု ဗိုလ်ချုပ် ထွန်းထွန်းညီ ပြော 

ထောင်ဒဏ် ကျခံနေရသည့် ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးအား ထပ်တရားစွဲရန် ကြိုးပမ်း 

ဒါရိုက်တာ မင်းထင်ကိုကိုကြီး အာမခံ ထပ်မံ လျှောက်ထားမှု ပယ်ချခံရ

Loading