ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် ဒေသဆိုင်ရာ အာဏာပိုင်များသည် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ် စိုက်ထူရေးစီမံချက်အပေါ် အငြင်းပွားမှု ဖြစ်ပွားနေ၍ ပယ်ဖျက်ခဲ့ကြောင်း သိရသည်။
ထန်တလန် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးရမ်ခါရ်က ၎င်းကော်မတီအနေဖြင့် ကြေးရုပ် စိုက်ထူရေး စီမံချက်ကို ကန့်ကွက်မှုများ ရှိနေ၍ ပယ်ဖျက်လိုက်ကြောင်း ဧရာဝတီသို့ ပြောကြားခဲ့သည်။
အဆိုပါကော်မတီသည် ယမန်နှစ်အစောပိုင်းက ကြေးရုပ်စိုက်ထူရေးအတွက် ပြည်နယ်အစိုးရထံမှ ကျပ်ငွေ သိန်း ၃၀၀ (အမေရိကန်ဒေါ်လာ ၁၉,၇၃၀) တောင်းခံရရှိခဲ့ရာ ဒေသခံ ချင်းလူတိုင်းရင်းသား အသင်း အဖွဲ့များက ယင်းစီမံချက်ကို ကန့်ကွက်ခဲ့ကြသည်။ ယင်းငွေကြေးကို လမ်းပိုင်းဆိုင်ရာကဲ့သို့သော တခြား စည်ပင်သာယာရေး ရည်ရွယ်ချက်တခုခုအတွက် သုံးစွဲရန် ၎င်းတို့က လိုလားကြသည်။
“ကျနော်တို့က ကြေးရုပ်စိုက်ထူဖို့ ဘတ်ဂျက် ရထားပြီးပါပြီ။ ဒါပေမယ့် ဒေသခံ ပြည်သူတွေက ကန့်ကွက် ကြတယ်။ ကျနော်တို့က ပြည်နယ်အစိုးရကို အကြောင်းကြားပေးမယ့်လည်း နောက်ဆုံးတော့ ကျနော်တို့ ဆုံးဖြတ်ချက်ကပဲ လက်တွေ့ဖြစ်ပါတယ်။ အဲဒါကြောင့် ပန်းခြံသစ်တခု တည်ဆောက်ဖို့ ကျနော်တို့ ဆုံးဖြတ် လိုက်ပါတယ်” ဟု ဦးရမ်ခါရ်က ဆိုသည်။
အဆိုပါပန်းခြံသစ်သည် ၅ ဧက ကျယ်ဝန်းမည် ဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် ၎င်းလှုပ်ရှား ဆောင်နေရွက်နေစဉ်အတွင်း အုပ်စုဖွဲ့လုပ်ကြံ မခံရမီအထိ ဗြိတိသျှ လက်အောက်မှ တိုင်းပြည်လွတ်လပ်ရေးရရန် ဦးဆောင်မှုပေးခဲ့သည်။ ပဋိပက္ခ တိုက်ခိုက်မှု အများအပြား အတွက် ၎င်းမကွယ်လွန်မီ ဗိုလ်ချုပ်အောင်ဆန်းက လူနည်းစု တိုင်းရင်းသားအုပ်စုများ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရေးအတွက် ကတိကဝတ် ပြုခဲ့သည်။
တိုင်းရင်းသား အခွင့်အရေး လှုပ်ရှားသူအချို့က ၎င်းတို့တွင် ကိုယ်ပိုင်သမိုင်းကြောင်းနှင့် ဂုဏ်ပြုရမည့် တိုင်းရင်းသား ခေါင်းဆောင်များ ကိုယ်စီရှိကြကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကို လက်ရှိ ဗမာ တိုင်းရင်းသားများ၏ လွှမ်းမိုးမှု သရုပ်လက္ခဏာ အဖြစ် ရှုမြင်ကြောင်း ပြောကြသည်။ ၁၉၄၇ ခုနှစ်တွင် တရားဝင် ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်အရ ဗိုလ်ချုပ်အောင်ဆန်း ပေးခဲ့သည့် ကတိကဝတ်များ အတိုင်း ပြီးပြည့်စုံမှု မရှိသေးသည့် အနေအထားများ ဖြစ်တည်နေသေးကြောင်းလည်း ၎င်းတို့က ရှုမြင်ထားသည်။
“ဗိုလ်ချုပ်အောင်ဆန်း ပေးခဲ့တဲ့ ကတိတွေကို အစိုးရက အကောင်အထည် ဖော်ပေးဖို့ ကျနော်တို့ လိုလားပါတယ်။ ဒါပေမယ့် သူ့ရုပ်တုတော့ မလိုချင်ပါဘူး” ဟု ထန်တလန်မြို့နယ်မှ ချင်းလွှတ်တော်အမတ် တဦးဖြစ်သူ Van Thawng က ပြောသည်။
အကယ်၍ တစုံတဦးက ကြေးရုပ်စိုက်ထူရေး ငွေလှူဒါန်းလိုပါက ကော်မတီအနေဖြင့် တည်ဆောက် ပေးမည် ဖြစ်သော်လည်း အများပြည်သူ အသုံးစရိတ်ဖြင့် တည်ဆောက်မည် မဟုတ်ကြောင်း ဦးရမ်ခါရ်က ပြောသည်။
ယခုကဲ့သို့ အစီအစဉ်ပြောင်းလဲခဲ့ခြင်းသည် တိုင်းရင်းသား အသိုင်းအဝိုင်း တခုအတွက် ဗိုလ်ချုပ်အောင်ဆန်း ရုပ်တု စိုက်ထူရေး ကန့်ကွက်ရာတွင် ပထမဆုံး အောင်မြင်မှုဖြစ်သည်။ မွန်ပြည်နယ်၊ ကယားပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင် ဒေသခံတိုင်းရင်းသားများ ကန့်ကွက်နေသော်လည်း ဗိုလ်ချုပ်ကြေးရုပ်များ စိုက်ထူခဲ့ပြီး ဖြစ်သည်။ ယင်းသို့ ရုပ်တုစိုက်ထူရေး ထောက်ခံမှုမရှိသည့် နမူနာအနေဖြင့် ကယားပြည်နယ်ကို ကြည့်လျှင် ကယားလူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ အနေဖြင့် ပြည်နယ်မြို့တော် လွိုင်ကော်တွင် ကြေးရုပ် ဖယ်ရှားပေးရေးအတွက် တောင်းဆိုဆန္ဒ ထုတ်ဖော်နေဆဲဖြစ်ကြောင်း တွေ့ရသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် လက်ရှိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဖခင်ဖြစ်သည်။ ၎င်း၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီသည် ၂၀၁၆ ခုနှစ်တွင် မဲအပြတ်အသတ် အနိုင်ရရှိပြီးနောက် အရပ်သားအစိုးရကို ဦးဆောင်လျှက် ရှိသည်။
နိုင်ငံတဝန်းရှိ တိုင်းရင်းသား အသိုင်းအဝိုင်းများက ဗိုလ်ချုပ်အောင်ဆန်း၏ ပင်လုံကတိကဝတ်များ မည်သို့ အကောင်အထည် ဖော်မည်ကို စောင့်ဆိုင်းရင်း NLD ကို စိတ်အားထက်သန်စွာ အကဲခတ် နေကြဆဲဖြစ်သည်။
(Lawi Weng ၏ Planned Aung San Statue in Chin State Scrapped ကို ဘာသာပြန်ဆိုသည်။)
ဆက်စပ်ဖတ်ရှုရန်
ကယားဗိုလ်ချုပ်ကြေးရုပ်တုကိစ္စ ဝရမ်းထုတ်ခံရသူကို စတင်ဖမ်းဆီး
ဆရာကြီး ဦးဖေမောင်တင် ရုပ်တု ထားရှိရေး တိုင်ကြားစာကြောင့် ဆိုင်းငံ့ထားဟု ဆို
ဗိုလ်မှူးကြီး ဗထူး ကျောက်တိုင် ဖြိုဖျက်ခံရမှု ပုံများကြောင့် စိုးရိမ်မှု ဖြစ်ဟု သမ္မတရုံးပြော