သတင်း

ဦးဝီရသူအား ပြစ်မှုကြောင်း အရ အရင် ဖြေရှင်းရန် မဟန ဆုံးဖြတ်

Want create site? Find Free WordPress Themes and plugins.

ဦးဝိစိတ္တာ ဘိဝံသ(ခ) ဦးဝီရသူအား ပြစ်မှုကြောင်းဖြင့် ဦးစွာ ဆုံးဖြတ်ပြီးမှသာ ဓမ္မစက်နှင့် စိစစ်မည့် ညွှန်ကြားလွှာ အမှတ် ၁၅ အရ ဆောင်ရွက်သွားရန် နိုင်ငံတော် သံဃမဟာ နာယက (မဟန)က ဆုံးဖြတ်လိုက်ကြောင်း သာသနာရေးနှင့် ယဉ် ကျေးမှု ဝန်ကြီးဌာနက ဇွန် ၂၅ ရက်၌ သတင်း ထုတ်ပြန်သည်။

ပြစ်မှုကြောင်း အရ တရားစွဲဆိုခံရသည့် ဦးဝီရသူ ကိစ္စ ဆောင်ရွက်ရာတွင် ပြစ်မှု ကျူးလွန်သည့် ရဟန်း သာမဏေများနှင့် ပတ်သက်၍လည်း အထက်ပါ အတိုင်းပင် ဆောင်ရွက်သွားရန် ထုတ်ပြန်ထားသည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြောခွင့်ရှိသူ ဦးအောင်ဆန်းဝင်းက“ကြေညာချက် အပြည့်အစုံကို ဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်မှာလည်း ဖော်ပြထားပါတယ်။ အဲဒီထဲက အဓိပ္ပာယ် အတိုင်းပါပဲ”ဟု ပြောသည်။

ဦးဝီရသူ အနေဖြင့် မေလ ၅ ရက် ရန်ကုန်မြို့တော် ခန်းမရှေ့တွင် ပြုလုပ်သည့် ဆန္ဒထုတ်ဖော်ပွဲတွင် ဒေါ်အောင်ဆန်းစု ကြည် နှင့် အစိုးရ တာဝန်ရှိသူများအား ပုတ်ခတ် ဟောပြောခဲ့သည့် အတွက် သမ္မတရုံး၏ ညွန်ကြားချက်ဖြင့် နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၁၂၄(က) အရ တရားစွဲဆိုခံရခြင်း ဖြစ်သည်။

တရားစွဲမှု အပြီး ဦးဝီရသူအား ဖမ်းဝရမ်း ထုတ်ခဲ့သော်လည်း ထွက်ပြေး တိမ်းရှောင်နေသည့် အတွက် အနောက်ပိုင်းခရိုင် တရားရုံးက အမှုအား မျက်ကွယ်တွင် ဆက်လက် စစ်ဆေးလျက် ရှိသည်။

ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၂၄ (က) သည် ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် နှစ် ၂၀ အထိ ပြစ်ဒဏ် ချမှတ်နိုင်သည့် ပုဒ်မ ဖြစ်ကြောင်း သိရသည်။

ဦးဝီရသူ အနေဖြင့် ၎င်းအား ဖမ်းဝရမ်း ထုတ်ထားစဉ် မေလ ၃၁ ရက် က“ဆရာတော်ကြီးများ၏ ဓမ္မစက်ဖြင့် အရေးယူ ခြင်း ကိုသာ ခံယူမည် ဖြစ်ပြီး ဆရာတော်ကြီးများ၏ ဓမ္မစက်ကို ကျော်လွန်သည့် အာဏာစက်ဖြင့် မည်သည့် အရေးယူမှုကို မျှ ဆရာတော်ကြီးများ၏ ရှေ့မှောက်၌ လက်ခံလိမ့်မည် မဟုတ်ကြောင်း” ရန်ကုန်တိုင်း သံဃနာယက အဖွဲ့ထံ အကြောင်း ကြားစာ ပေးပို့ခဲ့မှု အပေါ် မဟန ၏ ဇွန်လ ၁၉ ရက် အစည်းအဝေးတွင် ဆွေးနွေး ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

မဟန ဆုံးဖြတ်ခဲ့သည့် ညွှန်ကြားလွှာ အမှတ် ၁၅ ၏ အပိုဒ်(က) တွင်“ပြစ်မှုဆိုင်ရာ ဥပဒေ တစုံတရာ ကျူးလွန်သော ရဟန်း သာမဏေ များအား ရှေးဦးစွာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ အရ ပြစ်ဒဏ် ချမှတ်ခြင်းခံရသည် ဖြစ်စေ၊ မခံရသည်ဖြစ်စေ ပြည်သူ့ တရားရုံး၏ ဆုံးဖြတ်ချက်ကို ရရှိပြီးမှသာလျှင် သက်ဆိုင်ရာ သံဃနာယက အဖွဲ့က ဝိနည်းတရားတော်နှင့် အညီ လိုအပ်သလို စစ်ဆေး ဆုံးဖြတ်ပေးရန်”ဟု ဖော်ပြထားသည်။

ထို့အပြင် အပိုဒ် (ခ) တွင်“ယင်းကိစ္စကို မြို့နယ်၊ တိုင်းဒေသကြီး/ပြည်နယ် သံဃနာယက အဖွဲ့ အသီးသီးသည် ဝိနည်း ဓမ္မကံ လုပ်ထုံး လုပ်နည်းများ အခန်း(၄)၊ အပိုဒ်(၂၁) အရ ဆက်လက် ဆောင်ရွက်ကြရန်”ဟု ပါရှိသည်။

ဝိနည်းဓမ္မကံ လုပ်ထုံး လုပ်နည်းများ အခန်း(၄)၊ အပိုဒ်(၂၁) တွင်“နိုင်ငံတော်က တရားလို ပြုလုပ်စွဲဆိုရမည့် ဥပဒေပုဒ်မ တခုခုနှင့် သက်ဆိုင်နေပါက တရားရုံးများ၌ စစ်ဆေး ဆုံးဖြတ် ဆောင်ရွက်မှု ပြီးပြတ်မှသာ ဤလုပ်ထုံး လုပ်နည်းအရ ဖွဲ့ စည်းသည့် သံဃဝိနိစ္ဆယ အဖွဲ့ဖြင့် စစ်ဆေးဆုံးဖြတ်ရမည်”ဟုလည်း ဖော်ပြထားသည်။

ဝိနိစ္ဆယ လက်စွဲ အပိုဒ် ၇၂ နှင့် ၇၄ တို့တွင်လည်း ညွှန်ကြားလွှာ အမှတ် ၁၅၊ အပိုဒ်(က)ပါ ပြဌာန်းချက်နှင့် ဝိနည်း ဓမ္မကံ လုပ်ထုံး လုပ်နည်းများ အခန်း(၄)၊ အပိုဒ်(၂၁) ပါ ပြဌာန်းချက်များအတိုင်း ဖော်ပြထားကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ဆိုထားသည်။

ဦးဝီရသူကို တရားစွဲဆို ဝရမ်းထုတ်ခံရခြင်းနှင့် ပတ်သက်ပြီး ရန်ကုန်၊ မန္တလေးနှင့် မြို့နယ် တချို့တွင် စုဝေးချီတက် ဆု တောင်းပွဲများ ပြုလုပ်ခဲ့ရာ၌ ပါဝင်သူ သံဃာတော်နှင့် လူပုဂ္ဂိုလ် တချို့အား ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည် ခြင်း ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ ဖြင့် အမှုဖွင့် အရေးယူလျက် ရှိသည်။

You may also like these stories:

ဦးဝီရသူအမှု တရားလိုပြ သက်သေများကို စတင် စစ်ဆေး

ဦးဝီရသူ မွေးနေ့ အထိမ်းအမှတ် သွေးလှူပွဲ တပ်မတော် ဆေးရုံ တချို့၌ ပြုလုပ်မည်

ဦးဝီရသူ ထောက်ခံပွဲ ပါဝင်သူများကို လိမ်လည်ခေါ်ခဲ့ခြင်းမရှိဟုဆို

မဘသ အမည်ပြောင်း အဖွဲ့ကို ငွေလှူရခြင်းမှာ အားပေးရမည့် အဖွဲ့ ဖြစ်၍ဟု တပ်မတော် ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading