နိုင်ငံရေးအကျဉ်းသားများနှင့် ပြည်တွင်းစစ်ကြောင့် ဓားစာခံဖြစ်ရသူများသည် နည်းမျိုးစုံဖြင့် ညှင်းပန်း နှိပ်စက်ခံကြရသောကြောင့် ၎င်းတို့သည် အသိအမှတ်ပြုမှုနှင့် လုံလောက်သော ထောက်ပံ့မှုရရှိရန် လိုအပ်ကြောင်း ဝိမုတ္တိအမျိုးသမီးအဖွဲ့အစည်း၏ အမှုဆောင်ဒါရိုက်တာ ဒေါ်မိမိခိုင်က ဧရာဝတီသို့ ပြောကြားသည်။
အာဏာရှင်စနစ်တွင် နိုင်ငံရေးအကျဉ်းသားများကို အကျဉ်းထောင်များအတွင်းတွင် စစ်ကျောရေးပြုလုပ်ပြီး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ညှင်းပမ်းနှိပ်စက်ရုံသာမက ၎င်းတို့၏ လူမှုစီးပွား ဘဝများပါ အကြမ်းဖက်မှု ပြုလုပ်ခံခဲ့ရသကဲ့သို့ ပြည်တွင်းစစ်ကြောင့်လည်း လက်နက်ကိုင်အဖွဲ့အစည်းများ၏ နှိပ်စက်ညှင်းပန်းမှုများကို ပြည်သူများ ခံစားခဲ့ရသည်ဟု သိရသည်။
“၂၀၁၅ နောက်ပိုင်းမှ အရပ်ဘက်အဖွဲ့အစည်းတွေက လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လည်ကုစားရေးလုပ်လာနိုင်တာဖြစ်တယ်။ ဒါပေမယ့် ကျမတို့လုပ်ပေးနိုင်တာက လုံလောက်တဲ့အတိုင်းအတာ မဟုတ်ဘူး။ နောက်ပြီး ပြန်လည်ကုစားရေးတွေ၊ ပြန်လည်ထူထောင်ရေးတွေ လုပ်ဖို့ဆိုရင် အထောက်အပံ့တွေကို ပြည့်ပြည့်ဝဝပေးဖို့ အစိုးရရဲ့ ပူးပေါင်း ပါဝင်မှုက အရမ်းအရေးကြီးပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
နိုင်ငံရေးအကျဉ်းသားများကို ကူညီစောင့်ရှောက်ပေးနေသည့် အဖွဲ့အစည်းများစွာရှိနေသော်လည်း အကျဉ်းသားများအနေဖြင့် စားဝတ်နေရေးအပြင် ကျန်းမာရေး၊ ၎င်းတို့ကလေးများ၏ ပညာရေးစသည့် အခြေအနေ အရပ်ရပ်များကြောင့် အခက်အခဲများစွာဖြင့်ရပ်တည်နေကြရသည်။
ထို့အပြင် အကျဉ်းထောင်အတွင်းမှ လွတ်မြောက်လာသူ အချို့သည် ထောင်တွင်း နှိပ်စက်ခံရမှုများကြောင့် အကြောက်တရားရရှိသွားပြီး လူမှုဝန်းကျင်တွင် ဖယ်ကျဉ်ခံရမှုရှိကြောင်း၊ ညှင်းပန်းနှိပ်စက်ခြင်းခံရမှု မရှိသည့် နိုင်ငံရေးအကျဉ်းသားအချို့က ပတ်ဝန်းကျင်မှ ၎င်းတို့အပေါ်နားလည်မှုမရှိမည်ကို စိုးရိမ်စိတ်ဖြစ်ကြရသည်ဟု သိရသည်။
ထို့ကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ နှိပ်စက်ညှင်းပန်းမှုများကြောင့် တိုင်းရင်းသားပြည်သူများ၏ နစ်နာမှုများကို အသိအမှတ်ပြုခြင်းကလည်း ပြန်လည်ကုစားရေးနှင့် ပြန်လည်ထူထောင်ရေးတွင် အရေးပါသည့် အခန်းကဏ္ဍ၌ ပါဝင်နေပါသည်။
ဒေါ်မိမိခိုင်က “အဲဒီတော့ ငွေကြေးထောက်ပံ့ရုံမဟုတ်ပဲနဲ့ စိတ်ဒဏ်ရာတွေကို ကုစားပေးတာ၊ သူတို့ရဲ့ လူမှုဘဝတွေကို ထောက်ပံ့ပေးမှု လိုပါတယ်။ တချို့မိသားစုဘဝတွေ ပျက်သုဉ်းမှုဖြစ်တာတွေကျတော့ ငွေကြေးနဲ့ ဘယ်လိုမှ ထောက်ပံ့မှုပြုလို့ရတဲ့ဟာမဟုတ်ဘူး” ဟု ပြောသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ ကောက်ယူထားသော စာရင်းအရ အကျဉ်းသား ၃၅၀၀ ကျော်၌ ၇၂ ရာခိုင်နှုန်းက ညှင်းပန်းနှိပ်စက်ခံခဲ့ရပြီး ၂၅ ရာခိုင်နှုန်းက စိတ်ပိုင်းဆိုင်ရာအရ နှိပ်စက်ခံရမှုများရှိသည့်အပြင် ရဲဌာနက ညှင်းပန်းနှိပ်စက်ခံရပြီး ဆိုးဆိုးဝါးဝါးထိခိုက်သွားသူ၊ သေဆုံးသွားသူဦးရေသည် ၂၀၁၈ခုနှစ်တနှစ်ထဲတွင် ၂၆ ဦး ရှိကြောင်း သိရသည်။
“အကျဉ်းထောင်ထဲမှာလည်း လူ့ဂုဏ်သိက္ခာကျဆင်းအောင် အပြစ်ပေးတာတွေ အများကြီးရှိပါတယ်။ ကျနော်တို့ကို ဒေါက်ခြေကျင်းဝတ်ခိုင်းတာ။ မသကာင်္မှုနဲ့ လူတယောက်ရဲ့စအိုပေါက်ကို နှိုက်ရှာတာ၊ နောက်ပုံစံ ထိုင်ခိုင်းပြီး ရိုက်နှက်တာမျိုးတွေ ဒါတွေကို သူတို့က အပြစ်ပေးတယ်လို့ ဆိုလိုတယ်” ဟု (AAPP)မှ ဦးဆောင်ကော်မတီအဖွဲ့ဝင် ကိုဇော်မိုးက ထောက်ပြသည်။
ညှဉ်းပန်းနှိပ်စက်ခံရသူများကိုကူညီထောက်ပံ့ရေးအပြည်ပြည်ဆိုင်ရာနေ့အခမ်းအနားကို အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ (WLB)၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၊ ဝိမုတ္တိအမျိုးသမီးအဖွဲ့ (VWO) နှင့် အာရှတရားမျှတမှုနှင့် လူ့အခွင့်အရေးဆိုင်ရာအဖွဲ့ (AJAR) တို့မှ ပူးပေါင်းပြီး ဇွန် ၂၆ ရက် က Best Western Green Hill Hotel တွင် ကျင်းပပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံအစိုးရနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ညှဉ်းပန်းနှိပ်စက်မှု ကျူးလွန်ခံရသူများ၏ အခွင့်အရေးကို ကာကွယ်ရန်နှင့် ၎င်းတို့အပေါ်ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် သင့်လျော်သော ကုစားမှု အကူအညီများ ပေးရန် တာဝန်ရှိပါသည်။ ကုစားမှုများအပြင် ညှဉ်းပန်းနှိပ်စက်မှု ကျူးလွန်ခံရသူများအတွက် အရေးပေါ်ကြားကာလ ထောက်ပံ့မှုများ၊ ၎င်းတို့ အပေါ် မှားယွင်းစွာကျူးလွန်ခဲ့မှုများအတွက် အသိအမှတ် ပြုခြင်းနှင့် ညှဉ်းပန်းနှိပ်စက်မှုများ ထပ်မံ မဖြစ်ပွားရန်အတွက် အကာအကွယ်များ ပေးရမည်ဟု ၎င်းတို့၏ ထုတ်ပြန်ချက်အရ သိရသည်။
အရပ်သားပြည်သူများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်သူများကို အစိုးရမှ ထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန်၊ နိုင်ငံရေးအကျဉ်းသားများ အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရန်နှင့် ညှဉ်းပန်းနှိပ်စက်မှု ဆန့်ကျင်ရေး ကုလသမဂ္ဂစာချုပ် (UNCAT) အား လက်မှတ်ရေးထိုး အတည်ပြုရန်နှင့် ဥပဒေ အဖြစ် ပြဋ္ဌာန်းဆောင်ရွက်ရန်၊ မြန်မာနိုင်ငံအတွင်း ညှဉ်းပန်း နှိပ်စက်မှုများနှင့် အခြားလူ့အခွင့်အရေးချိုးဖောက်မှုများကို ဖြေရှင်းရန် အတွက် မကြာသေးမီက တည်ထောင်ခဲ့သော အပြည်ပြည်ဆိုင်ရာ တာဝန်ယူတာဝန်ခံမှု ယန္တရားများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊
ညှင်းပန်းနှိပ်စက်မှု ကျုးလွန်ခံရသူများနှင့် အခြားနည်းဖြင့် လူ့အခွင့်အရေးချိုးဖောက်ခံရသူများအတွက် အစိုးရအနေဖြင့် ပြန်လည် ထူထောင်ရေးအစီအစဉ်များကို ရေးဆွဲအကောင်းအထည်ဖော်ရန်နှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတ ရေးလုပ်ဆောင်ရာတွင် ညှင်းပန်းနှိပ်စက်မူကျူးလွန်ခံရသူများ၊ အခြားနည်းဖြင့် လူ့အခွင့်အရေးချိုးဖောက်မှု ခံရသူများနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရသည့် အမျိုးသမီးများနှင့် ကလေးသူများအတွက် အမှန်တရား ရရှိရန် အစိုးရအနေဖြင့် ထည့်သွင်းအကောင်အထည်ဖော် လုပ်ဆောင်ရန် ၎င်းတို့အဖွဲ့က အစိုးရထံ တောင်းဆိုထားသည်။
You may also like these stories:
မြန်မာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဗီယက်နမ် ကူမည်
အမျိုးသမီးများ အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေပေါ်ထွက်လာတော့မလား
ပဋိပက္ခဒေသက အမျိုးသမီးများ လုံခြုံမှု စိုးရိမ်နေရ