ယနေ့ကျရောက်သည့် ဆရာတော် ဦးဝီရသူ၏ သက်တော် ၅၁နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်း ပွဲ ကို ရန်ကုန်နှင့် ပြင်ဦးလွင်ရှိ တပ်မတော် စစ်ဆေးရုံများ အပါအဝင် မန္တလေး ဗဟိုအမျိုးသမီး ဆေးရုံတွင် ပြုလုပ်ရာ လူ ၄၀၀ နီးပါးခန့် လာရောက် သွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
သွေးလှူဒါန်းပွဲကို ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် အမှတ်(၁) ဆေးရုံ၊ ပြင်ဦးလွင်မြို့ တပ်မတော် ဆေးရုံနှင့် မန္တလေး ဗဟိုအမျိုး သမီး ဆေးရုံများတွင် ပါရမီပျိုးခင်း သွေးလှူအသင်းက ဦးဆောင် ကျင်းပပြုလုပ်ခြင်း ဖြစ်ပြီး၊ စုပေါင်း သွေး လှူဒါန်းကြသူများမှာ ဆရာတော် ဦးဝီရသူကို ထောက်ခံကြသူ၊ မျိုးချစ်စိတ်ရှိသူများ ဖြစ်ကြောင်း အရှင်အရိယာဝံသ (ပေါက်ကိုယ်တော်)က မိန့်ကြားသည်။
“ဦးဝီရသူကို ထောက်ခံသူတိုင်းဟာ ဦးဝီရသူရဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် သိက္ခာသုံးရပ်ကို ယုံကြည်လို့၊ ပြီး တော့ ဆရာတော်ရဲ့ တိုင်းပြည်၊ လူမျိုး၊ ဘာသာသာသနာ အပေါ်မှာ ကိုယ်ကျိုးစွန့်ပြီး ချစ်တဲ့ မျိုးချစ်စိတ်ကို လေးစားလို့ မျိုးချစ်စိတ်ရှိတဲ့ ပြည်သူတွေ ထောက်ခံတာပဲ”ဟု အရှင်အရိယာဝံသ က မိန့်ကြားသည်။
ယခင်က သွေးလှူဒါန်းပွဲကို မန္တလေး အထွေထွေ ရောဂါကု ဆေးရုံကြီးတွင် ပြုလုပ်ရန် လျာထားခဲ့သော် လည်း ဆေးရုံကြီးမှ ၎င်းတို့၏ လုပ်ထုံလုပ်နည်းများနှင့် ကိုက်ညီမှု မရှိသည့်အတွက် ခွင့်မပြုကြောင်း သိရသည်။

ထို့အတွက်“မန္တလေးမှာ လုပ်မယ့် သွေးလှုဒါန်းပွဲကို တားနေတဲ့ သတ္တဝါတွေကို အဓိကထားပြီး ပြောချင်တာပါ၊ ကျုပ်တို့က ပျင်းတောင် ပျင်းသေးတယ်လို့ ပြောချင်တယ်”ဟု လှည်းကူးဆရာတော် ဦးဣန္ဒဝီရက မိန့်ကြားသည်။
ဦးဝီရသူ၏ မွေးနေ့ သွေးလှူဒါန်းပွဲကို သူ၏ ဇာတိ ကျောက်ဆည်မြို့ရှိ ဆရာတော် တည်ထောင်ထားသော မင်းကုန်း ပရိယတ္တိ စာသင်တိုက်တွင် စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ ယခုအခါ ၈ကြိမ်မြောက်ရှိပြီ ဖြစ်ကြောင်းသိရသည်။
ရန်ကုန် မင်္ဂလာဒုံမြို့နယ် အမှတ်(၁) တပ်မတော်စစ်ဆေးရုံ၊ ဓာတ်ခွဲခန်း ဌာနမှူး ဗိုလ်မှူး သက်နိုင်ဝင်းကလည်း ယနေ့ သွေးလာလှူသည်မှာ သွေးအလုံး ၁၀၀ကျော် ရှိကြောင်း၊ လူဦးရေ စာရင်းအတိအကျ မချုပ်ရသေးကြောင်း ပြောသည်။
“သူတို့အပြောကတော့ ဘယ်သူ့မွေးနေ့ အတွက် ဆိုတာမျိုးတော့ မသိဘူးဗျ။ သူတို့က နှစ်တိုင်း ဒီအချိန်ဆို လာလှူ နေကြလို့တော့ ပြောတာပဲ။ တခုတော့ ရှိတယ် အခု လာလှူတဲ့သူတွေက အမျိုးသားရေး လှုပ်ရှားသူတွေလား ဘာလား ဆိုတာ ကျနော့်ကို မမေးပါနဲ့။ ကျနော်က အဲ့ဒီလို ရှုပ်ရှုပ်ယှက်ယှက်ကို မသိဘူး။ ကျနော်တို့ဆီ လာလှူတယ်။ ဒါပဲ။ ကျနော်တို့လက်ခံတယ်။ သူတို့က ဘယ်သူဘယ်ဝါ ကျနော်တို့ မသိဘူး”ဟု သူက ပြောသည်။

ထို့အပြင် သွေးလှူဒါန်းသူများကို ကြက်ဥနှင့် အားဆေးများ ပြန်လည် ပံ့ပိုးပေးကြောင်း၊ ယခုလှူဒါန်းသည့် သွေးများကို တခြားသော ပြည့်သူ့ဆေးရုံများမှ သွေးလိုအပ်ရှိ၍ တောင်းခံမည်ဆိုပါက ပြန်လည် လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ဗိုလ်မှူးသက်နိုင်ဝင်းက ဆက်ပြောသည်။
အလားတူ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှုး ဗိုလ်မှုးချုပ်ဇော်မင်းထွန်းက “အဓိကကျနော် မြင်တာကတော့ စုပေါင်းသွေးလှုဒါန်းပွဲတွေကို လက်ခံပေးနေကြပါ၊ ဦးဝီရသူမွေးနေ့အထိမ်းအမှတ်ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် သွေးလှုဒါန်းတာတော့ လက်ခံပေးရတာပါပဲ၊ ကျနော်တို့တပ်မတော်ဆေးရုံအနေနဲ့က ဘယ်သူပဲ လာလှုလှု လက်ခံနေကြပါပဲ၊ ဒါအတွက် လက်ခံတာတော့ မဖြစ်နိုင်ပါဘူး” ဟု ပြောသည်။
ဆက်စပ်ဖတ်ရှု့ရန်
ဦးဝီရသူ မွေးနေ့ အထိမ်းအမှတ် သွေးလှူပွဲ တပ်မတော် ဆေးရုံ တချို့၌ ပြုလုပ်မည်
မဘသ အမည်ပြောင်း အဖွဲ့ကို ငွေလှူရခြင်းမှာ အားပေးရမည့် အဖွဲ့ ဖြစ်၍ဟု တပ်မတော် ပြော
ဦးဝီရသူအား ပြစ်မှုကြောင်း အရ အရင် ဖြေရှင်းရန် မဟန ဆုံးဖြတ်
ဦးဝီရသူအမှု တရားလိုပြ သက်သေများကို စတင် စစ်ဆေး
ဦးဝီရသူ ထောက်ခံပွဲ ပါဝင်သူများကို လိမ်လည်ခေါ်ခဲ့ခြင်းမရှိဟုဆို