သတင်း

မူးယစ်ရာဇာကြီးများ၏ သတင်းကိုပါ ပေးပို့ တိုင်ကြားရန် သမ္မတ ပြော

Want create site? Find Free WordPress Themes and plugins.

မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှု သတင်းများ အပြင် မူးယစ်ရာဇာကြီးများ၏ သတင်းများကိုပါ ပေးပို့ တိုင်တန်းရန် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ပြောကြားလိုက်သည်။

နေပြည်တော် MICC-2 တွင် ယနေ့ (ဇွန်လ၂၆ ရက်) ကျင်းပသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနား မိန့်ခွန်း၌ ယင်းသို့ ပြောခြင်း ဖြစ်သည်။

အစိုးရက မူးယစ်ဆေးဝါး အန္တရာယ်ကို တိုက်ဖျက်ရန် အစိုးရ ဌာနဆိုင်ရာများ ပူးပေါင်း ဆောင်ရွက်နေသကဲ့သို့ ပြည်သူ လူ ထုကလည်း အမျိုးသားရေး ပြဿနာ အဖြစ် ခံယူပြီး တဦးတယောက်ချင်းစီ ပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။

“မူးယစ် သတင်း၊ ရောင်းဝယ် ဖောက်ကားမှု သတင်းတွေ သာမက ထုတ်လုပ်သူတွေ မူးယစ်ရာဇာကြီးတွေရဲ့ သတင်းကို တိတိကျကျ တိုင်ကြားပေးကြပါ” ဟု ၎င်းက ပြောဆိုသည်။

ထို့အပြင် တာဝန်ရှိသူများက အဂတိ လိုက်စားမှုများ ရှိလျှင်လည်း အရေးယူနိုင်ရန် အတွက် တိုင်ကြားကြရန် သမ္မတက ဆက်လက် ပြောကြားသည်။

ယနေ့ ရန်ကုန်မြို့တွင် ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ (မျိုးမင်းစိုး၊ ဧရာဝတီ)

သမ္မတက “မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမှာ အတားအဆီး ဖြစ်နေတဲ့ တာဝန် ရှောင်လွှဲသူတွေ၊ အဂတိ လိုက်စားသူတွေ ရှိခဲ့ရင် အရေးယူမှာ ဖြစ်တဲ့ အတွက် အမျိုးသားရေး တာဝန် တရပ် အဖြစ် အချက်အလက်တွေ ပေးပို့ကြပါ” ဟုလည်း ဆို သည်။

တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရများနှင့် အုပ်ချုပ်ရေးဌာန အဆင့်ဆင့်အနေဖြင့်လည်း “မူးယစ်ဆေးဝါးကိစ္စ ခြွင်းချက် လုံးဝ မထားရ” ဟူသည့် မူဝါဒကို အလေးထား လိုက်နာ ဆောင်ရွက်ပေးကြရန်လည်း ပြောကြားသွားသည်။

မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေး ဌာနကို ၂၀၁၈ ခုနှစ် ဇွန်လ ၂၂ ရက်တွင် စတင် ဖွဲ့စည်းထားရှိပြီး ပြည်သူ လူထုထံမှ တိုင်ကြားစာများကို စိစစ်၍ ဖမ်းဆီးမှုများ ပြုလုပ်ရာတွင် အတန်အသင့် ထိရောက်အောင် ဆောင်ရွက်နိုင်သော် လည်း မူးယစ်အမှုကြီးများကို သတင်းပေး တိုင်တန်းမှု နည်းနေသေးကြောင်း သိရသည်။

သမ္မတ က “ပမာဏ ကြီးမားတဲ့ ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု၊ ရောင်းဝယ် ဖောက်ကားမှု သတင်းတွေ ရရှိမှု အားနည်းနေတဲ့ အတွက် လုံခြုံ စိတ်ချစွာ သတင်းပေး တိုင်ကြားကြဖို့လည်း တိုက်တွန်း လိုပါတယ်” ဟု ပြောသည်။

လက်ရှိ အခြေအနေတွင် သမ္မတ၏ လမ်းညွှန်မှုနှင့် ရဲတပ်ဖွဲ့က မူးယစ်တိုက်ဖျက်ရေးကို အရှိန်မြှင့် လုပ်ဆောင်နေခြင်း ကြောင့် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး အမှု များပြားလာသော်လည်း သုံးစွဲမှု၊ ရောင်းဝယ် ဖောက်ကားမှု အခြေအနေမှာ လျော့နည်း ကျဆင်းသွားခြင်း မရှိသေးကြောင်း သိရသည်။

ဖားကန့် မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးက “မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားတာတွေနဲ့ ပတ် သက်ပြီးတော့ လျော့နည်း ကျဆင်းသွားတာ မရှိပါဘူး။ ဒီမှာ (ဖားကန့်၊ လုံးခင်း ဒေသ) ကတော့ ဒီလိုပဲ ရောင်းဝယ် ဖောက် ကား သုံးစွဲနေကြတာပဲလေ။ လျော့နည်းစရာ အကြောင်းတော့ မမြင်ပါဘူး။ နှိမ်နင်းတာကလည်း ထိထိရောက်ရောက် နှိမ် နင်း နိုင်တာ မရှိဘူးလေ။ အဲဒီလိုမျိုး ဖြစ်နေတာပေါ့” ဟု ပြောသည်။

မူးယစ် အထူးသတင်း တိုင်တန်း ဌာနက တိုင်တန်းသူများ၏ လုံခြုံရေး အတွက် အချက်အလက်များကို လျှို့ဝှက်ပေးထား သည် ဆိုသော်လည်း ဒေသ အခြေအနေ အရ ပြည်သူများ အနေဖြင့် စိုးရိမ်မှုများ ရှိ၍ တိုင်တန်းမှု နည်းကြောင်း ၎င်းက ဆက်လက် ဆိုသည်။

ဦးတင့်စိုးက “ဒေသ အနေအထား အရ တိုင်တန်းနိုင်တဲ့ အနေအထား နည်းနေကြတာပေါ့။ လူတွေက သိတော့ သိတယ် မတိုင်ကြဘူး” ဟု မှတ်ချက် ပြုသည်။

ယနေ့ မန္တလေးမြို့တွင် ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့(ဒီလှိုင်းဝင်း၊ ဧရာဝတီ)

ဖမ်းဆီးခံရသည့် မူးယစ်ဆေးဝါး ရောင်းဝယ်သူများသည် သမ္မတ၏ လွတ်ငြိမ်း သက်သာခွင့်ဖြင့် အကျဉ်းထောင်မှ လွတ် မြောက်လာရာတွင် မူးယစ်ဆေးဝါး ရောင်းဝယ်မှုကို ပြန်လည် လုပ်ကိုင်သဖြင့် မြေပြင်တွင် မူးယစ်ဆေးဝါး ရောင်း/ဝယ် သုံး စွဲမှုများ လျော့နည်း မသွားဟု စစ်ကိုင်းတိုင်း ဒေသကြီး ဟုမ္မလင်းမြို့နယ် နောင်ပိုအောင် စံပြ ကျေးရွာမှ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အဖွဲ့ဝင် ဦးကျော်မြင့်က ပြောသည်။

၎င်းတို့ အရပ်ဘက် အဖွဲ့အစည်း အနေဖြင့် သက်ဆိုင်ရာ မူးယစ် တပ်ဖွဲ့နှင့် ပူးပေါင်းကာ ဖမ်းဆီးမှုများ ပြုလုပ်နေသကဲ့သို့ တာဝန်ရှိသူများက အလွယ်တကူ ပြန်လွှတ်ပေးခြင်း မပြုလျှင် မူးယစ်မှုများ လျော့နည်း ပပျောက်သွားမည် ဖြစ်ကြောင်း ဆက်လက် ပြောဆိုသည်။

ဦးကျော်မြင့်က “ကျနော်တို့က ရှူတဲ့သူကို မဖမ်းဘူး။ ရောင်းတဲ့သူပဲ သေသေချာချာ စိစစ်ပြီး ဖမ်းလိုက်တဲ့ဟာတွေက လွယ် လွယ်ပဲ။ လွတ်လာတဲ့ အခါကျတော့၊ အန္တရာယ်လည်း များတယ်။ တချို့ကလည်း ပြန်လွတ်လာတဲ့ အခါ ကောင်းကောင်း မွန်မွန် လာနေတယ်။ တချို့ကလည်း ထောင်ထဲမှာ တလတောင် မနေရသေးဘူး။ သမ္မတက အသားလွတ်ကြီး လွှတ်လိုက် တဲ့ အခါ လာပြီး ခြိမ်းခြောက်တယ်ဆိုတော့ ကလေးတွေက မလုပ်ချင်ကြတော့ဘူး” ဟု ဆိုသည်။

၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် နိုင်ငံတဝန်း ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများကို ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့များတွင် မီးရှို့ဖျက်စီးခဲ့ပြီး စုစုပေါင်း တန်ဖိုး အမေရိကန ်ဒေါ်လာ ၃၀၁ ဒသမ ၁၆၄၂၅၁၇ သန်း (ကျပ် ၄၅၁၇၄၆ ဒသမ ၃၇၇၄၂ သန်း) ရှိခဲ့ကြောင်း သိရသည်။

တရားမဝင် ဘိန်းစိုက်ပျိုးမှု စစ်တမ်းများ အရ မြန်မာနိုင်ငံ၌ ၂၀၁၇ ခုနှစ်တွင် ဘိန်းစိုက်ပျိုးမှု ဟက်တာ ၄၁၀၀၀ နှင့် ထုတ် လုပ်မှု ၅၅၀ မက်ထရစ်တန် ရှိခဲ့ပြီး ၂၀၁၈ခုနှစ်တွင် ဟက်တာ ၃၇၃၀၀ နှင့် ထုတ်လုပ်မှု ၅၂၀ မက်ထရစ်တန် ရှိခဲ့သဖြင့် ဘိန်းစိုက်ပျိုးမှု ၉ ဒသမ ၁ ရာခိုင်နှုန်းနှင့် ထုတ်လုပ်မှု ၅ ဒသမ ၄၅ ရာခိုင်နှုန်း လျော့နည်းခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး ဌာနက သိရသည်။

မူးယစ်ဆေးဝါး စိုက်ပျိုး ထုတ်လုပ်ခြင်း၊ လက်ဝယ် ထားရှိခြင်း၊ သယ်ဆောင် ဖြန့်ဖြူးခြင်း၊ ရောင်းဝယ်ခြင်းများကို ထိရောက် စွာ ဖော်ထုတ် အရေးယူနိုင်ရန်၊ အမှုကွင်းဆက် ပြတ်ခြင်းနှင့် သတင်း ပေါက်ကြားမှုများ မဖြစ်ပေါ်စေရန် မူးယစ်ဆေးဝါး အထူး သတင်းပေး တိုင်ကြားဌာန ဖွင့်လှစ်ထားပြီ ဖြစ်ကြောင်း သမ္မတ ဦးဝင်းမြင့်က ၂၀၁၈ ခုနှစ် ဇွန်လ ၂၆ ရက်က ပြော ကြားခဲ့သည်။

အဆိုပါ သတင်းပေး ဌာနသို့ သတင်းပေး တိုင်တန်းသူများ၏ လုံခြုံရေး အတွက် အထူး လျှို့ဝှက်ထားမည် ဖြစ်သကဲ့သို့ တိ ကျသော သတင်းပေးမှုကြောင့် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများ၏ တန်ဖိုးမှ ရာခိုင်နှုန်း အလိုက် ဆုကြေး ချီးမြှင့်မည် ဟု လည်း ပြောကြားခဲ့သည်။

ဆက်စပ်ဖတ်ရှု့ရန်

မူးယစ်ဆေးဝါး “လုံးဝ” ပပျောက်သည်အထိ လုပ်မည်ဟု မိုင်းလားကြေညာ

တာချီလိတ်တွင် ဘီလီယံနှင့်ချီ တန်ဖိုးရှိ မူးယစ်ဆေး နှင့် လက်နက်များ တပ်မတော် ဝင်ဖမ်း

ဖြိုးကိုကိုတင့်ဆန်း အမှု တရားလိုပြ သက်သေ အမှုစစ် ရဲအရာရှိ ၁၀ ဦး စစ်ဆေးရန် ကျန်

Did you find apk for android? You can find new Free Android Games and apps.
Loading