အမေရိကန် အောက်လွှတ်တော်မှ အမတ်များ ပါဝင်သော နိုင်ငံခြား ဆက်ဆံရေး ကော်မတီက ဥပဒေကြမ်း တရပ် ရေးဆွဲပြီး မြန်မာ့ တပ်မတော်ကို အရေးယူရန် ကြိုးပမ်းမှုသည် နှစ်စဉ် လုပ်ဆောင်နေကျ ဖြစ်ကြောင်း တပ်မတော် တာဝန်ရှိသူ တဦးက ပြောဆိုသည်။
ပြီးခဲ့သည့် အပတ်က မဲခွဲ အတည်ပြု လိုက်သည့် Burma United through Rigorous Military Accountability (BURMA) Act သည် ရခိုင်ပြည်နယ် မွတ်စလင် အကျပ်အတည်း အတွက် တပ်မတော်ကို ဖိအားပေးရန် နိုင်ငံတကာ အသိုင်းအဝိုင်းက အားထုတ်မှု အသစ် တခု ဖြစ်လာကြောင်း သိရသည်။
တပ်မတော်မှ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “သူတို့က နှစ်တိုင်း လုပ်နေကျ အလုပ်မို့လို့ ထူးပြီး မဝေဖန်တော့ဘူး။ သူတို့က ဥပဒေကြမ်း အမျိုးမျိုးကို အောက်လွှတ်တော်က တင်သွင်းလိုက်၊ အထက် လွှတ်တော်က တင်သွင်းလိုက်နဲ့ တနှစ်ပြီး တနှစ် တင်သွင်းနေတာပဲ။ စီးပွားရေး ပိတ်ဆို့မှု၊ ပြည်ဝင်ခွင့် ပိတ်ဖို့တို့ ဆိုတာ နှစ်စဉ်လုပ် နေကျတွေပါ” ဟု ပြောဆိုသည်။
၎င်းက ဆက်လက်၍ “အဲဒီကနေပြီးတော့ တိုက်ရိုက် အကူအညီ ရယူနေတာ မရှိတဲ့ အတွက် တိုက်ရိုက် အကျိုးသက် ရောက်မှုတော့ မရှိဘူး။ ဒါပေမယ့် နိုင်ငံတကာ အမြင်နဲ့ ဂုဏ်သိက္ခာ အပိုင်းမှာတော့ သက်ရောက်မှု ရှိတယ်” ဟု ဧရာ ဝတီ သို့ ပြောသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ARSA အဖွဲ့ က နယ်ခြား လုံခြုံရေး စခန်းများကို အကြမ်းဖက် တိုက်ခိုက်ခံရမှု အပြီး ပြန်လည် တုံ့ပြန်သည့် တပ်မတော်၏ စစ်ဆင်ရေးများကြောင့် ၂၀၁၇ ခုနှစ် အတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းမှ မွတ် စလင် ၇ သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် ဘက်သို့ ထွက်ပြေးခဲ့မှုတွင် တပ်မတော်သည် အဓိက တာဝန်ရှိသည် ဟု ဆိုကာ နိုင်ငံတကာက အပြင်းအထန် စွပ်စွဲ ပြောဆိုလျက် ရှိသည်။
ယခု အမေရိကန် ပြည်ထောင်စု က ကြိုးစားလာသည့် BURMA Act အရ တပ်မတော်သို့ အမေရိကန် စစ်ဘက် အကူ အညီများ တိုးချဲ့မှုကို ပြုပြင်ပြောင်းလဲမှုများ လုပ်သည်အထိ ရပ်တန့်ရန်နှင့် တပ်မတော်က ကျူးလွန်သည်ဟု ကော် မတီက စွပ်စွဲထားသော လူမျိုးသုဉ်း သတ်ဖြတ်မှု အပါအဝင် လူသားမျိုးနွယ် အပေါ် ကျူးလွန်သော ရာဇဝတ်မှုများကို အစီရင်ခံရန် လိုအပ်သည်။
ထို ရာဇဝတ်မှုများ အတွက် တာဝန်ရှိသည်ဟု သတ်မှတ်သူများကို ပြည်ဝင်ခွင့်နှင့် ဘဏ္ဍာရေး ကန့်သတ်ရန် ထိုဥပဒေ က တောင်းဆိုပြီး စစ်ရာဇဝတ်မှုများ စုံစမ်း စစ်ဆေးရေးကို တောင်းဆိုထားသည်။
ထို့အပြင် BURMA Act က ကျောက်မျက်ရတနာ အပါအဝင် မြန်မာ့ စီးပွားရေးကို စစ်ဘက်က ချုပ်ကိုင်ထားခြင်းကို ကန့်သတ်ရန် လည်း အားပေးသည် ဟု သိရသည်။
အမေရိကန် အပါအဝင် အနောက်နိုင်ငံများ၏ တပ်မတော် အပေါ် အဆက်အသွယ် ဖြတ်တောက်မှုကြောင့် တပ်မ တော်မှ သင်တန်းသား အရာရှိများကို ပြန်ခေါ်ခဲ့ရသည့် ဖြစ်စဉ်များ ရှိကြောင်း၊ သို့သော် အမေရိကန်၏ စစ်ဘက်ဆိုင် ရာ အကူအညီ ဖြတ်တောက်မှုသည် တပ်မတော် အတွက် ပြဿနာ မရှိဘဲ လုပ်သင့်လုပ်ထိုက်သည်များကို ပြင်ဆင် ဖွဲ့စည်းပြီး ဖြစ်ကြောင်း တပ်မတော်မှ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဖြစ်သူ ဦးသောင်းအေး က ပြောသည်။
၎င်းက “သူတို့ တဖက်သတ် လုပ်တာကတော့ သူတို့ရဲ့ ရပ်တည်မှု မမှန်ဘူး ဆိုတာ ပြတာပါပဲ။ ကျနော်တို့ နိုင်ငံပေါ်မှာ တကယ် စေတနာ ရှိတယ် ဆိုရင် ဒီကိစ္စတွေက လုပ်စရာ အကြောင်းမရှိတဲ့ ကိစ္စပဲလေ။ အမှန်တရား ဘာဆိုတာ လည်း တကယ်တော့ သိပြီးသားပါပဲ။ သို့သော်လည်း OIC အုပ်စုတွေရဲ့ တွန်းအားပေးမှု အပေါ်မှာ သူတို့လည်း လိုက် ပါပြီးတော့ ဆောင်ရွက်တယ်လို့ပဲ သုံးသပ် ရပါတယ်” ဟု သုံးသပ် ပြောဆိုသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP)မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဦးသောင်း အေးက “အရင်ကလည်း အကြိမ်ကြိမ် အဲဒီလို ပိတ်ဆို့တာတွေ၊ ဖြတ်တောက်တာတွေ လုပ်ခဲ့ဖူးပါတယ်။ ဒီအတွက် လည်း ကျနော့် အမြင်ကတော့ တပ်မတော် အနေနဲ့ ထူးထူးခြားခြား လုပ်စရာ၊ ပြောစရာ ရှိမယ် မထင်ဘူး” ဟု ပြော သည်။
၁၉၈၈ ခုနှစ် နောက်ပိုင်း အမေရိကန်၏ အစိုးရနှင့် တပ်မတော် အပေါ် ပိတ်ဆို့မှုကြောင့် အနောက်နိုင်ငံများနှင့် ကောင်းမွန်သည့် ဆက်ဆံရေး အားနည်းသွားရကြောင်း၊ စစ်လက်နက် ပစ္စည်းနှင့် နည်းပညာ လွှဲပြောင်းရယူမှုလည်း မရရှိတော့သဖြင့် ပိတ်ဆို့ခံရခြင်း၏ အကျိုးဆက်များ ဖြစ်ကြောင်း စစ်ဘက်-အရပ်ဘက် လေ့လာရေး အဖွဲ့ တခုဖြစ် သည့် သေနင်္ဂ အင်စတီကျူ့မှ ဦးသိန်းထွန်းဦးက ပြောသည်။
၎င်းက “ထိခိုက်မှု မရှိဘူးလား ဆိုရင် အနောက်နိုင်ငံနဲ့ ဆက်ဆံရေး၊ စက်လက်နက် ပစ္စည်း၊ နည်းပညာနဲ့ ဆက်သွယ် ရေး ကိစ္စတွေမှာ အကူအညီတွေ မရတော့ဘူးပေါ့။ ဒီလောက်လေးနဲ့တော့ ထိခိုက်မှု ကြီးကြီးမားမား မရှိဘူး။ တဖက် မှာ ရုရှားနဲ့လည်း မဟာဗျူဟာ မြောက် ဆက်ဆံရေး ရှိနေပြီး ဖြစ်တယ်” ဟု ဆိုသည်။
ပြည်တွင်း၌လည်း တပ်မတော် ထိပ်ပိုင်း ခေါင်းဆောင်များကို လူ့အခွင့်အရေး ချိုးဖောက်မှုများဖြင့် အရေးယူပေးရန် ဒီမို ကရေစီ စဉ်ဆက်မပြတ် လှုပ်ရှားမှု အင်အားစု (MDCF) က ရန်ကုန်မြို့တွင် မကြာခဏ ဆန္ဒပြ တောင်းဆိုလျက် ရှိပြီး တပ်မတော် ခေါင်းဆောင်များကို အပြည်ပြည် ဆိုင်ရာ ရာဇဝတ်မှု ခုံရုံးသို့ တင်ပို့ရေး တောင်းဆိုကြသည်။
နိုင်ငံတကာကမူ မွတ်စလင်များကို ပစ်မှတ်ထားခဲ့သည့် လူမျိုးစု သုတ်သင်မှု အပါအဝင် လူနည်းစု အများအပြားကို ရက်စက်သော လူ့အခွင့်အရေး ချိုးဖောက်မှုများ အတွက် တာဝန်ရှိသည် ဟု ဆိုကြကာ ပြီးခဲ့သည့်နှစ် သြဂုတ်လက အမေရိကန် ဘဏ္ဍာရေး ဌာနသည် တပ်မတော်မှ တပ်မှူး ၄ ဦး၊ နယ်ခြားစောင့် တပ်မှူး တဦး၊ အမှတ် ၃၃ နှင့် ၉၉ ခြေ မြန်တပ်မများကို စီးပွားရေး ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။
တပ်မတော်ကမူ နိုင်ငံတကာ စွပ်စွဲချက်များကို အမြဲ ပယ်ချခဲ့ပြီး မြန်မာ အစိုးရကလည်း သက်သေ အထောက်အထား များပေးရန် နိုင်ငံတကာသို့ တောင်းဆိုမှုများ ပြုလုပ်ထားသည်။
တပ်မတော်မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “သူတို့က အဓိကက ပြောချင်တာတော့ ရခိုင်ဘက်နဲ့ ပတ်သက်ပြီး ပြော တာ။ ကျနော်တို့က ဒါတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ရဲ့ လုပ်ဆောင်ချက်တွေလည်း တွေ့နေတာပဲ။ တပ်မတော် အနေနဲ့ စုံစမ်း စစ်ဆေးရေး ခုံရုံးတွေ လုပ်ခဲ့တယ်။ ဒါ့အပြင် အပြစ်ပေးသင့်တဲ့ သူတွေကို အပြစ်ပေးခဲ့တယ်” ဟု ပြော သည်။
ထို့အပြင် တပ်မတော်က ရခိုင် အရေးနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးရေး ခုံရုံး တခု၊ နောက်ပိုင်းတွင် စုံစမ်း စစ်ဆေး ရေး အတွက် အပြီးသတ် စုံစမ်း စစ်ဆေးမည့် ဗိုလ်ချုပ် တဦး ဦးစီးသည့် အဖွဲ့ ၁ ဖွဲ့ ထပ်မံ ဖွဲ့စည်းပြီး အများ၏ အကြံပြု ချက်များ၊ တွေ့ရှိချက်များကို ဖိတ်ခေါ်လျက် ရှိရာ ယခုလိုမျိုး လုပ်ဆောင်ချက်များကိုလည်း မျှမျှတတ သုံးသပ်သင့် ကြောင်း အဆိုပါ ဗိုလ်မှူးချုပ်က ဆိုသည်။
ခေတ်မီ တပ်မတော် ဖြစ်အောင် ဆောင်ရွက်ရေး ကိစ္စများတွင် နိုင်ငံတကာနှင့် ရင်ဘောင် တန်းနိုင်သည့် ဥပဒေပိုင်း ဆိုင်ရာ ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ခြင်း၊ ပြည်သူ့ ဆက်ဆံရေးပိုင်း ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခြင်း၊ မီဒီ ယာ ဆက်ဆံမှု ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်ခြင်း တို့ကို လွန်ခဲ့သည့် ၅ နှစ်နှင့် နှိုင်းယှဉ် ကြည့်ပါက သိသာသည့် အခြေအနေမျိုး ဖြစ်ကြောင်း တပ်မတော် တာဝန်ရှိသူများက ပြောဆိုသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “တပ်မတော်မှာ ကျင့်ဝတ် ၆၀ ရှိတယ်။ ကျင့်ဝတ် ၆၀ ကို ROE ဆိုပြီး လုပ်ထားတာပေါ့။ ကျင့်ဝတ် ၆၀ သည် ထိတွေ့ တိုက်ခိုက်မှု စည်းမျဉ်း ဖြစ်တယ် ဆိုပြီးတော့ ပြည်သူ အပေါ် ပြုကျင့်ရမယ့် ကျင့်ဝတ်၊ ရန် သူ အပေါ် ပြုကျင့်ရမယ့် ကျင့်ဝတ်တွေ၊ အချင်းချင်း ပြုကျင့်ရမယ့် ကျင့်ဝတ်တွေ၊ နောက်ပိုင်းမှာ နိုင်ငံတကာ အဆင့်မီ တပ်မတော်တွေလိုပဲ ထိတွေ့ တိုက်ခိုက်မှု စည်းမျဉ်းတွေကို တပ်မတော်သားတိုင်းကို ဖြန့်ထားတာ ရှိတယ်”ဟု ရှင်းပြ သည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှ မွတ်ဆလင်များကို တပ်မတော်၏ အကြမ်းဖက်မှုသည် ပြင်းထန် ကြီးမား ကျယ်ပြန့်ပြီး ၎င်း တို့ကို ခြိမ်းခြောက် မောင်းထုတ်ခြင်းသို့ ဦးတည်သည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြီးခဲ့သည့် စက်တင် ဘာလက ပြောဆိုထားသော်လည်း လူမျိုးသုဉ်း သုတ်သင်မှု ဟူသည့် စကားလုံးကို မသုံးခဲ့ပေ။
၂၀၁၉ ခုနှစ် ဧပြီလတွင်မူ ဥရောပ သမဂ္ဂ (EU) က မြန်မာနိုင်ငံသို့ လက်နက် ရောင်းချမှု ပိတ်ပင်ခြင်းကို သက်တမ်းတိုး ခဲ့ပြီး ထိုတားမြစ်မှုတွင် လက်နက်နှင့် ကိရိယာ စစ်ဘက် အရပ်ဘက် နှစ်ဖက်သုံး ပစ္စည်းများ၊ ဆက်သွယ်ရေး ကိရိယာ များကို တပ်မတော်နှင့် နယ်ခြားစောင့် တပ်များအား ရောင်းချမှု ပိတ်ပင်ခြင်းနှင့် တပ်မတော်နှင့် စစ်ရေး ပူးပေါင်း ဆောင်ရွက်မှု ကန့်သတ်ခြင်းတို့ ပါဝင်သည်။
You may also like these stories:
တပ်မတော်ကို အရေးယူရေးဥပဒေ အတည်ပြုရေး အမေရိကန် အမတ်များ စတင်လှုပ်ရှား
မူးယစ်ရာဇာကြီးများ၏ သတင်းကိုပါ ပေးပို့ တိုင်ကြားရန် သမ္မတ ပြော
တပ်မတော်၏ပြောဆိုချက်များသည် မီဒီယာများ လုပ်စားရန် မဟုတ်ဟု ဗိုလ်ချုပ် ထွန်းထွန်းညီ ပြော