ရခိုင်ပြည်နယ် အစိုးရ အဖွဲ့တွင် ဝန်ကြီးဌာန အသစ်တခု တိုးချဲ့ ဖွဲ့စည်းလိုကြောင်း နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် အဆိုပြု မှုနှင့် ပတ်သက်၍ ပြည်နယ် လွှတ်တော်က သဘောမတူကြောင်း ဆုံးဖြတ်ခဲ့ကြသည်။
သမ္မတ ဦးဝင်းမြင့် အဆိုပြု ပေးပို့လာသော ဝန်ကြီးဌာန အသစ်မှာ လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီးဌာန ဖြစ်ပြီး ယင်းသို့ အကြောင်းကြား ပေးပို့လာမှုကို ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌက ဇွန်လ၂၄ ရက်၌ ကျင်းပသည့် လွှတ်တော် အစည်းအဝေးတွင် ဖတ်ကြားတင်ပြခဲ့သည်။
ထို့နောက် ဇွန်၂၆ ရက်တွင် ကျင်းပသော ရခိုင်ပြည်နယ် လွှတ်တော် အစည်းအဝေး၌ သမ္မတ အဆိုပြုလာမှု အပေါ် လွှတ် တော်၏ သဘောထားကို ရယူခဲ့ရာ ကန့်ကွက်သူ ရှိသည့် အတွက် မဲခွဲ ဆုံးဖြတ်ခဲ့ရာတွင် ထောက်ခံသူ ၁၃ ဦးနှင့် ကန့် ကွက်သူ၂၂ ဦး ထွက်ပေါ်ခဲ့ပြီး ကန့်ကွက် မဲအရေအတွက်များသဖြင့် လွှတ်တော်က သဘောမတူဟု ဆုံးဖြတ်ခဲ့ခြင်း ဖြစ် သည်။
ဝန်ကြီးဌာန အသစ်တခု တိုးချဲ့ဖွဲ့စည်းရန် သမ္မတ အဆိုပြုမှုကို ကန့်ကွက်သူများမှာ ရခိုင် အမျိုးသားပါတီ (ANP)မှ လွှတ် တော် ကိုယ်စားလှယ် အများစု ပါဝင်ပြီး၊ ထောက်ခံသူများမှာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များနှင့် အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြသည်။
ANP ပါတီ၏ ဘူးသီးတောင် မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက “ဝန်ကြီးဌာ အသစ် တခုကို တိုးချဲ့ပြီး လုပ်စရာ မလိုဘူးလို့ မြင်တယ်။ တခြား ဝန်ကြီးဌာနတွေလည်း ဦးစီးဌာနတွေ အများကြီး ကိုင်ထားတာပဲ။ နောက်တခုက နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကလည်း ပြောထားတာ ရှိတယ်။ ငွေကြေးသုံးစွဲမှုတွေကို ချွေတာတဲ့ အနေနဲ့ ဒုဝန်ကြီး ခန့်အပ်မှုတွေကို လျှော့ချခဲ့တာ ရှိတယ်။ အခုလည်း ရခိုင်ပြည်မှာ မစို့မပို့ ရတဲ့ ဘတ်ဂျက်ထဲမှာမှ ဝန်ကြီးဌာန အသစ် ဖွဲ့လိုက်မယ်ဆိုရင် သူ့အတွက် ကုန်ကျမယ့် အဆောင်အယောင်၊ အသုံံးစရိတ်တွေဟာ ကျေးလက် ဒေသ ဖွံံ့ဖြိုးရေး လုပ်ငန်းတွေ မလုပ်လိုက်ရဘဲ ဆုံးရှုံးသွားနိုင်တဲ့ အတွက် ကန့်ကွက်ရခြင်း ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဘူးသီးတောင် မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဇော်မြင့် ကမူ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဘင်္ဂါ လီ ပြဿနာများ ရှိနေသည့် အတွက် ဝန်ကြီးဌာနအသစ် ဖွဲ့စည်းလိုက်ခြင်းအားဖြင့် ပြဿနာ ပိုမို ရှုပ်ထွေးလာနိုင် သည် ဆို သည့် စိုးရိမ်မှုများကြောင့် ကန့်ကွက်ရခြင်း ဖြစ်ကြောင်း ပြောဆိုသည်။
၎င်းက “ဒီဝန်ကြီးဌာန ဖွဲ့စည်းလိုက်ခြင်းအားဖြင့် လက်ရှိ ရှိနေတဲ့ အခြေအနေများထက် ပိုပြီးတော့ ကျနော်တို့ နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး၊ အမျိုးဘာသာ သာသနာ ရည်ရှည် တည်တံ့ ခိုင်မြဲရေး တစုံတရာ ထိခိုက်လာနိုင် မလား ဆိုပြီးတော့ စိုးရိမ်ပြီးတော့ ကန့်ကွက်ကြတယ်လို့ပဲ ကျနော် အနေနဲ့ မြင်ပါတယ်” ဟု မီဒီယာများသို့ သုံးသပ်ပြော ဆိုသည်။
ဦးဇော်ဇော်မြင့်သည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) မှ ပါတီဝင် တဦးလည်း ဖြစ်သည်။
တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဒု ဗိုလ်မှူးကြီး မင်းသူ က “ဝန်ကြီးဌာရဲ့လိုအပ်ချက် အရ ဒီလို ဝန်ကြီးဌာန အသစ်ဖွဲ့ဖို့ လုပ်တယ်လို့ပဲ မြင်တယ်။ ဒီဝန်ကြီးဌာန ဖွဲ့လိုက်ခြင်းအတွက် အလုပ်တခုကို ပိုပြီးတော့ ထိထိရောက်ရောက် လုပ်နိုင်မယ်။ အဲဒီအတွက်ကြောင့် ဖွဲ့သင့်တယ်လို့ ထောက်ခံတာပါ” ဟု မီဒီယာများသို့ ပြောသည်။
သမ္မတ ဦးဝင်းမြင့်သည် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ အသီးသီး၌ လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်း အမြစ် ဝန်ကြီးဌာန အသစ် တိုးချဲ့ဖွဲ့စည်းရန် လွှတ်တော် အားလုံးသို့ အဆိုပြုလွှာ ပေးပို့ခဲ့ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး တချို့၌ အဆိုပါ ဝန်ကြီးဌာန အသစ်တခုကို ဖွဲ့စည်းကြပြီး ဖြစ်ကြောင်း သိရသည်။
You may also like these stories:
တရားသူကြီးများ ကျမ်းကျိန်ရမည့် ဥပဒေကြမ်း အမျိုးသား လွှတ်တော် အတည်ပြု
တင်ဒါမခေါ်သည့် လမ်းစီမံကိန်းကိစ္စ မွန်ဝန်ကြီးချုပ် စကားပြောမှားခြင်းဟု သမ္မတရုံး ပြန်ရှင်း
လူ့စွမ်းအားရင်းမြစ် ဝန်ကြီးဌာနသစ်တခု ဖွဲ့စည်းရေး ကရင်ပြည်နယ် လွှတ်တော် အတည်ပြု