လုပ်ငန်းခွင်အတွင်း လိင်ဝိသေသ ကွဲပြားမှုကို အဓမ္မဖော်ထုတ် ခံခဲ့ရပြီး နိုင်ထက်စီးနင်း ပြုကျင့်ခံရမှုကြောင့် ကိုယ့် ကိုယ်ကိုယ် အဆုံးစီရင် သွားခဲ့ရသည်ဟု ဆိုသော မောင်ကျော်ဇင်ဝင်း ဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသား လူ့ အခွင့်အရေး ကော်မရှင် (MNHRC) က စုံစမ်း စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ကော်မရှင်၏ စုံစမ်းစစ်ဆေးမှုကို ဇွန်၂၈ ရက်တွင် စတင် သွားမည် ဖြစ်ပြီး သေဆုံးသူ မောင်ကျော်ဇင်ဝင်း၏ မိသားစု ဝင် များနှင့် ၎င်းအလုပ်လုပ်ခဲ့သည့် Myanmar Imperial University (MIU) မှ တာဝန်ရှိသူများ၊ နီးစပ်သည့် ပုဂ္ဂိုလ်များ ကို ကနဦး စစ်မေးသွားမည် ဖြစ်ကြောင်း MNHRC အဖွဲ့ဝင် ဦးယုလွင်အောင်က ဧရာဝတီကို ပြောသည်။
“အန်ကယ်တို့ကလည်း ဒါကို စိတ်ဝင်စားပါတယ်။ LGBT ဖြစ်နေတော့။ LGBTဆိုတာလည်း လူ့အခွင့်အရေးထဲမှာ ပါနေ တာကိုး။ ဒါ လူ့အခွင့်အရေး ချိုးဖောက်ခြင်း ခံရတာ။ ဟုတ်လား မဟုတ်ဘူးလား ဆိုတာကို စစ်ဆေးဖို့ တာဝန်ရှိ တာ ပေါ့။ အဲဒီအချိန်မှာ LGBT အဖွဲ့တွေကလည်း ဒါလေးကို စုံစမ်းစစ်ဆေး ပေးပါဆိုပြီး မနေ့က တိုင်စာလေး ပို့တယ်။ အန်ကယ်တို့က ဒါကို စိစစ်မယ်လို့ ဆုံးဖြတ်တယ်”ဟုလည်း ၎င်းက ပြောပြသည်။
ဆက်လက်၍ ၎င်းက စစ်ဆေးမှုများ ပြုလုပ်နိုင်ရန် ကာယကံရှင်များကိုလည်း စတင် ဆက်သွယ်မှုများ ပြုလုပ်နေပြီ ဖြစ်ပြီး စစ်ဆေးမှုသည် တပတ်ခန့် ကြာမည် ဖြစ်ကြောင်း၊ ကော်မရှင်၏ တွေ့ရှိချက်ကို အကြံပြုချက်များ သက်ဆိုင်ရာ တာဝန်ရှိသူများသို့ ပေးပို့သွားမည် ဖြစ်ကြောင်း ရှင်းပြသည်။
ဦးယုလွင်အောင်က“စုံစမ်းစစ်ဆေးပြီးမှ သူတို့နှစ်ဖွဲ့ကို မေးလို့ရတဲ့အပေါ် မူတည်ပြီးမှ နောက်ထပ် မေးသင့် မေးထိုက် တဲ့လူတွေ ပေါ်လာမှာပေါ့လေ။ အဲဒီ မေးမြန်းချက်တွေ အပေါ် မူတည်ပြီးမှ ကောက်ချက် တခု ဆွဲမှာပေါ့နော်”ဟု ဆို သည်။
ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင် သွားခဲ့သည် အသက် ၂၆ နှစ်အရွယ် မောင်ကျော်ဇင်ဝင်းသည် Myanmar Imperial University (MIU) တွင် စာကြည့်တိုက်မှူး အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။
ဇွန် ၂၄ ရက် နေ့လယ် ၁ နာရီတွင် ဆုံးပါးသွားခဲ့သည့် ၎င်း၏ ဈာပနကို ဇွန် ၂၆ ရက်က ရန်ကုန်မြို့ ကျီစုသုသာန်တွင် ပြုလုပ်ခဲ့ရာ LGBT အသိုင်းအဝိုင်းကလည်း လိုက်ပါ ပို့ဆောင်ပေးခဲ့ကြသည်။
မောင်ကျော်ဇင်ဝင်း အတွက် တရားမျှတမှု ဖော်ဆောင်ပေးရေး၊ လုပ်ငန်းခွင် အကြမ်းဖက်မှု အပါအဝင် LGBT များ အပေါ် အကြမ်းဖက်မှု ပပျောက်ရေး အတွက် ရည်ရွယ်ကာ LGBT အရေး ဆောင်ရွက်နေသည့် Colors Rainbow က ဦးစီးပြီး LGBT များက ဆုတောင်းပွဲတခုကို ဇွန် ၂၈ ရက်တွင် MIU တက္ကသိုလ်ရှေ့၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရ သည်။
မောင်ကျော်ဇင်ဝင်း သေဆုံးသွားမှုနှင့် ပတ်သက်၍ ယခုကဲ့သို့ လူ့အခွင့်အရေး ကော်မရှင်က စစ်ဆေးမည် ဆိုသည့် အပေါ်“တာဝန်ရှိတဲ့သူတွေက တာဝန်သိစွာ လုပ်တဲ့အပေါ် ကြိုဆိုပါတယ်”ဟု LGBT အရေး တက်ကြွလှုပ်ရှားသူ ရှင်းသန့် က ပြောသည်။
အဆိုပါ ဖြစ်ရပ်တွင် သက်ဆိုင်သူများအား တရားဥပဒေအတိုင်း စုံစမ်းစစ်ဆေး အရေးယူ ဆောင်ရွက်နိုင်ရန် MIU အုပ်ချုပ်ရေး အဖွဲ့ကလည်း ဇွန် ၂၆ ရက်တွင် သာကေတမြို့နယ် ရဲစခန်းသို့ အကြောင်းကြားခဲ့ပြီး ဖြစ်ကြောင်း၊ အမှန် တရား ပေါ်ပေါက်စေရန်နှင့် ဥပဒေဘောင် အတွင်းမှ တရားစီရင်မှု ပြုလုပ်နိုင်ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကာ MIU အနေဖြင့်လည်း ပူးပေါင်း ဆောင်ရွက်သွားမည်ဟု MIU က သတင်းထုတ် ပြန်ထား သည်။
မောင်ကျော်ဇင်ဝင်း သေဆုံးမှုအား သာကေတ မြို့နယ် ရဲစခန်းတွင် သေမှုသေခင်းဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရ သည်။
MNHRC အဖွဲ့ဝင် ဦးယုလွင်အောင်က“လိုအပ်ရင်တော့ ရဲတပ်ဖွဲ့ဝင်တွေကို တွေ့ဆုံမှု မေးမြန်းမှု လုပ်ရမှာပေါ့။ ပူးပေါင်း သင့်ရင်လည်း ပူးပေါင်းရမှာပေါ့။ သူတို့တွေ့ရှိတဲ့ Point of view က ဘယ်လိုလဲ။ အန်ကယ်တို့တွေ့ရှိတဲ့ Point of view က ဘယ်လိုလဲ။ ဒါလေးတွေလည်း သတင်းအချက်အလက် ဖလှယ်သင့်ရင်လည်း ဖလှယ်ရမှာပေါ့”ဟု ပြောဆိုသည်။
You may also like these stories:
LGBT တို့ဘဝ အချိန်မတိုင်ခင် ကြွေလွင့်မသွားစေချင်
LGBT များကို လှောင်ပြောင် သရုပ်ဖော်မှုများ ရပ်တန့်ပေးရန် တောင်းဆို
ရှရီးယား ဥပဒေသစ်ကြောင့် ဘရူနိုင်းနိုင်ငံသား LGBT များ ထွက်ပြေးကြ