မန္တလေးခရိုင် ချမ်းမြသာစည်မြို့နယ် အတွင်း ဖြစ်ပွားခဲ့သည့် သေနတ်ပစ်ခတ်မှု ဖြစ်စဉ် ကျုးလွန်သူအား ဇွန်လ ၂၇ ရက် က မန္တလေးခရိုင် တရားရုံးတွင် သေဒဏ်နှင့် ထောင်ဒဏ် ၁၀ နှစ်ကို သီးခြား ကျခံစေရန် အမိန့်ချလိုက်သည်။
သေနတ်ဖြင့် ပစ်ခတ်ခဲ့သူမှာ ပုသိမ်ကြီးမြို့နယ် အုန်းချော ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ပန်းရန်လုပ်ငန်း လုပ်သူ ခွန်ကောလား (ခ) မောင်မျိုး (၃၇)နှစ် ဖြစ်သည်။
ဖြစ်စဉ်မှာ၂၀၁၈ ခုနှစ် သြဂုတ် ၁၃ ရက် နံနက် ၁၁ နာရီခန့်က ချမ်းမြသာစည်မြို့နယ် ၅၅လမ်း၊ မနော်ဟရီလမ်းနှင့် မြတ် လေးလမ်းကြားတွင် ဆိုင်ကယ်စီးလာသော အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးအား အခြား ဆိုင်ကယ် တစီး ပေါ်မှ အမျိုးသား၂ ဦးက သေနတ်ဖြင့် ၃ ချက် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီ အမျိုးသမီး ၁ ဦး သေဆုံးကာ ကျန်အမျိုးသား တဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ပစ်ခတ်သူမှာ ထွက်ပြေးသွားသဖြင့် အနီးဝန်းကျင်မှ ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးပေးသဖြင့် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ် သည်။
ပြစ်မှုကျုးလွန်သူ ခွန်ကောလားက၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၉ ရက် ရုံးချိန်း၌ ကျုးလွန်ကြောင်း ဝန်ခံထွက်ဆိုခဲ့သဖြင့် လက်နက်မှု ၁၉ (စ) အတွက် ချမ်းမြသာစည်မြို့နယ် တရားရုံးမှ ထောင်ဒဏ် ၃ နှစ်ကျခံရန် အမိန့်ချပြီး ဖြစ်သည်။
ကျန်ရှိနေသည့် အမှုများ အတွက် မန္တလေးခရိုင် တရားရုံးတွင် ရာဇသတ်ကြီး ပုဒ်မ ၃၀၂(လူသတ်မှု) /၃၉၂ (လုယက် မှု)/၃၉၇ (အပြင်းအထန် နာကျင်စေသည့် လုယက်မှု၊ ဓားပြမှု) တို့ဖြင့် တရားစွဲတင်ပြီး စစ်ဆေး ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂(၁-ဂ) အတွက် သေဒဏ်၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၉၂/ ၃၉၇ အတွက် အလုပ် ကြမ်း နှင့် ထောင်ဒဏ် ၁၀ နှစ် ချ မှတ်ခဲ့ခြင်း ဖြစ်သည်။
အမှုဖြစ်စဉ်နှင့် ပတ်သက်၍ တရားခံ အနေဖြင့် ရှေ့နေ ငှားရမ်းနိုင်ခြင်း မရှိသည့်အတွက် ဥပဒေအရ ရှေ့နေလိုက်ပါရန် အတွက် ဥပဒေရုံးမှ မန္တလေးတိုင်း ဒေသကြီး ရှေ့နေများ အသင်းသို့ ညွှန်ကြားချက်ကြောင့် နိုင်ငံတော် စရိတ်ဖြင့် တရား လွှတ်တော် ရှေ့နေတဦးက လိုက်ပါဆောင်ရွက်ခဲ့သည်။
ထိုသို့ အမိန့်ချမှုနှင့် ပတ်သက်၍ ၇ ရက် အတွင်း အထက်ရုံးသို့ အယူခံဝင်သွားမည် ဖြစ်ကြောင်း ခွန်ကောလား၏ ရှေ့နေ ဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်မြင့်က သတင်း မီဒီယာသမားများကို ပြောဆိုသွားသည်။
You may also like these stories:
မန္တလေးသေနတ်ပစ်ခတ်မှု တရားခံ ခရိုင်တရားရုံးသို့ တရားစွဲတင်
မန္တလေး၌ ပစ်ခတ်မှုဖြစ်ပွား၍ အမျိုးသမီးတဦး သေဆုံး
မန္တလေး သေနတ် ပစ်ခတ်မှုက လုယက်ရန် အတွက်ဟု ဆို