သတင်း

ငွေကြေးခဝါချမှု ဆိုင်ရာ ပြစ်မှု ၉၀ ရာခိုင်နှုန်းကျော် မူးယစ်မှုများ ဖြစ်ဟု ဆို

Want create site? Find Free WordPress Themes and plugins.

တိုင်းပြည်တွင်း ငွေကြေး ခဝါချမှုနှင့် သက်ဆိုင်သော ပြစ်မှုများ၏ ၉၀ ရာခိုင်နှုန်းကျော်သည် မူးယစ်ဆေးဝါး အမှုများ နှင့် တိုက်ရိုက် ဆက်စပ်မှု ရှိနေကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၊ အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာန (စသုံးလုံး) ညွှန်ကြား ရေးမှူးချုပ် ဦးမောင်မောင်ကျော်က ဧရာဝတီသို့ ပြောသည်။

ဦးမောင်မောင်ကျော်က“ငွေကြေး ခဝါချမှုနဲ့ သက်ဆိုင်တဲ့ ပြစ်မှုတွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာ မူးယစ်ဆေးဝါး အမှု များနဲ့ ဆက်စပ် မှု ရှိပါတယ်”ဟု နေပြည်တော်တွင် ပြောသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူနှင့် ပါဝင်ပတ်သက်သူများသည် ၎င်းတို့၏အမည်များအပြင် မိသားစုဝင်များ၊ ဆွေမျိုးများ၊ လူယုံများ၏ အမည်များကို အသုံးပြုပြီး အိမ်၊ ခြံ၊ မြေ၊ တိုက်တာ အဆောက်အအုံနှင့် ယာဉ်များဝယ်ယူခြင်း၊ ဘဏ်အ ကောင့်များ ဖွင့်လှစ်ခြင်း၊ စီးပွားရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းများ ပြုလုပ်နေကြသည်ကို တွေ့ရကြောင်း စသုံး လုံး အဖွဲ့က သိရသည်။

စသုံးလုံး ညွှန်ချုပ် ဦးမောင်မောင်ကျော်က“စုံစမ်းစစ်ဆေးရာမှာ အဲဒီလို ပါဝင်ပတ်သက်သူတွေ အပိုင်းကိုလည်း စုံစမ်း ဖော်ထုတ်ရတာ ရှိပါတယ်။ ဥပမာအားဖြင့် မလေးရှားဘက်ကို မူးယစ်ဆေးဝါး တင်ပို့ခဲ့တဲ့ အမှုမှာဆိုရင် မိသားစုဝင်၊ ဆွေမျိုး၊ လူယုံတွေရဲ့ အမည်နဲ့ ဘဏ်အကောင့်ဖွင့်တာ၊ အိမ်၊ ခြံ၊ မြေ ဝယ်ယူခြင်းတွေ ပြုလုပ်ထားတာကို တွေ့ ရှိရပါ တယ်”ဟု ပြောသည်။

အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာန (စသုံးလုံး)သည် နိုင်ငံတွင် တရားမဝင် ငွေကြေးသုံးစွဲမှုများ၊ ငွေကြေးခဝါချမှုများ၊ အများနှင့် သက်ဆိုင်သော အဂတိ လိုက်စားမှုများ၊ ဝန်ထမ်း မသမာမှုများကို စုံစမ်းဖော်ထုတ်ရသည့် ဌာနတခု ဖြစ် သည်။

လတ်တလော ငွေကြေး ခဝါချမှု ဖြစ်စဉ်များထဲမှ မလေးရှားသို့ မူးယစ်ဆေးဝါးများ တင်ပို့ခဲ့သည်ဟု စွပ်စွဲခံရသူ ဦးမောင်မောင် ကိစ္စတွင်လည်း ၎င်းသည် ကိုယ်တိုင်၊ ဆွေမျိုးများ၊ လူယုံများထံတွင် ဘဏ်အကောင့်များစွာ ဖွင့်ထားပြီး မြေများစွာကိုလည်း ဆွေမျိုးများ၏ အမည်များဖြင့် ဝယ်ယူထားကြောင်း သိရသည်။
ထို အမှုဖြစ်စဉ်သည် ၂၀၁၈ ခုနှစ်က မြန်မာနိုင်ငံမှ မလေးရှားသို့ တင်ပို့လိုက်သည့် ကုန်များတွင် မူးယစ်ဆေးဝါးများ ပါ ဝင်နေရာ အမှု၏ အဓိက သံယယရှိသူ အဖြစ် ရန်ကုန်မြို့ ဖိုးစိန်လမ်းတွင် နေထိုင်သည့် အသက် ၄၄ နှစ် အရွယ် ဦးမောင်မောင်ခေါ် ဟာဂျီ Yassin ဆိုသူကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဦးမောင်မောင်၏ နေအိမ်ကို ရဲတပ်ဖွဲ့က ဝင်ရောက် ရှာဖွေစဉ် လက်ဝတ်ရတနာနှင့် အခြား တန်ဖိုးရှိ ပစ္စည်းများ၊ ငွေ သား ကျပ်သိန်း ၃ သောင်း နီးပါး တန်ဖိုးရှိ ဘဏ်စာရင်း၊ အမေရိကန် ဒေါ်လာဖြင့် တွက်ချက်ပါက ၂ သန်းကျော်ကို လည်း သိမ်းဆည်းရမိသည်ဟု ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

၂၀၁၈ ခုနှစ် မေလက မလေးရှားနိုင်ငံ၌ ၁ ဒသမ ၂ တန် အလေးချိန် ရှိပြီး အမေရိကန် ဒေါ်လာ ၁၈ သန်း တန်ဖိုးရှိ သည့် မူးယစ် ဆေးဝါးများ တွေ့ရှိမှုတွင် မလေးရှားနိုင်ငံသား ၃ ဦး၊ မြန်မာ နိုင်ငံသား ၃ ဦးတို့ကို ဖမ်းဆီး စစ်ဆေးခဲ့ရ ကြောင်း မလေးရှားနိုင်ငံ ရဲတပ်ဖွဲ့က တရားဝင် သတင်း ထုတ်ပြန်ထားသည်။

ညွှန်ချုပ် ဦးမောင်မောင်ကျော်က“ပြစ်မှုကို ပထမဆုံး စတင်ကျူးလွန်ခဲ့ဖူးတဲ့ ကာလကနေ လက်ရှိ မူလပြစ်မှုနဲ့ အရေး ယူ ခံရတဲ့ ကာလအထိ ပိုင်ဆိုင်ခဲ့တဲ့ ငွေကြေးနဲ့ ပစ္စည်းတွေကို အဓိက စုံစမ်းဖော်ထုတ်ရပါတယ်။ ဝင်ငွေရလမ်း မဖော် ပြနိုင် တဲ့ ငွေကြေးနဲ့ ပစ္စည်းတွေ ထိန်းချုပ်ပြီး မူလပြစ်မှု ပြစ်ဒဏ် ချမှတ်ပြီး နောက်ပိုင်း ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေ နဲ့ တရားစွဲပါတယ်။ ပြစ်မှုကျူးလွန်တဲ့သူကို ပြစ်ဒဏ်ချမှတ်ခြင်းနဲ့ ပိုင်ဆိုင်မှုတွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်း ခြင်း ကိုတော့ တရားရုံးက ဆောင်ရွက်ပါတယ်”ဟု ရှင်းပြသည်။

ငွေကြေး ခဝါချမှုများကို စုံစမ်း စစ်ဆေးရာတွင် အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနက ဦးဆောင်ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ပြည်တွင်း အခွန်များ ဦးစီးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲမှုနှင့် စာရင်းအင်း ဦးစီးဌာန၊ အကောက်ခွန် ဦးစီး ဌာန၊ ငွေကြေးဆိုင်ရာ မှုခင်းတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ စသည့် အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရကြောင်း သိရသည်။

မြန်မာနိုင်ငံက ငွေကြေး ခဝါချမှု တိုက်ဖျက်ရေးတွင် နိုင်ငံတကာနှင့်လည်း လက်တွဲဆောင်ရွက်လျက် ရှိပြီး ထိုင်းနိုင် ငံနှင့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးထားကြောင်း၊ ထို့ကြောင့် ၂ နိုင်ငံ သတင်းဖလှယ်မှု စနစ် တည်ထောင် နိုင်၍ ထိုင်းနိုင်ငံတွင် မူးယစ်မှု၊ ငွေကြေးခဝါချမှုများနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း ဆိုသည်။

မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့က တရားခံ ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ပြီး အထူးစုံစမ်း စစ်ဆေးရေး ဦးစီး ဌာနက တရားခံ၏ ပိုင်ဆိုင်မှုများနောက်သို့ လိုက်ရကြောင်း၊ ဘဏ်အကောင့်ရှိပါက ဗဟိုဘဏ်မှတဆင့် ဘဏ်အသီး သီးထံ ဆက်သွယ်စုံစမ်းရပြီး ဘဏ်များကလည်း ဥပဒေအရ ပူးပေါင်း ဆောင်ရွက်ပေးရကြောင်း သိရသည်။

စသုံးလုံး အရာရှိ ဦးမောင်မောင်ကျော်က“ငွေကြေး လွှဲပြောင်းမှု ပမာဏ နည်းပါးပေမယ့် ခိုင်လုံတဲ့ အကြောင်းပြချက် မရှိဘဲ အကြိမ်ကြိမ် လွှဲပြောင်း ပေးပို့နေခြင်းကိုလည်း သံသယဖြစ်ဖွယ် သတင်းအဖြစ် ပေးပို့ရပါတယ်”ဟု ပြောသည်။

ဘဏ်များနှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများသည် ၎င်းတို့ထံ လာရောက် အပ်နှံလွှဲပြောင်းသော ငွေကြေးများနှင့် ပတ်သက်ပြီး သံသယ ဖြစ်ဖွယ် ငွေသွင်းငွေထုတ်ခြင်း၊ ပမာဏ အများအပြား လွှဲပြောင်းခြင်းများကို စိစစ်တွေ့ရှိရပါက ငွေကြေးဆိုင်ရာ စုံစမ်း ထောက်လှမ်းရေး အဖွဲ့ထံသို့ မဖြစ်မနေ သတင်းပေးပို့ရမည်ဟု ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေတွင် ဖော်ပြထားသည်။

ငွေကြေးခဝါချမှု ကျူးလွန်သူ၊ ပါဝင်ပတ်သက်သူ၊ ကုမ္ပဏီ၊ အဖွဲ့အစည်းများကို ပြစ်မှုထင်ရှားပါက ပြစ်ဒဏ်ပေါ်မူတည် ၍ အနည်းဆုံး ထောင်ဒဏ် ၃ နှစ်၊ ငွေဒဏ် ကျပ်သန်း ၃၀၀ အထိ ချမှတ်နိုင်ကြောင်း ယင်း ဥပဒေ အရ သိရသည်။

ငွေကြေး ခဝါချမှု ဆိုင်ရာ ကိစ္စရပ်များကို ပူးပေါင်း ဆောင်ရွက်ရမည်ဟု ဥပဒေတွင် ဖော်ပြထားသဖြင့် ဘဏ်များ ကလည်း လိုက်နာကြကာ ထိုသို့ ပူးပေါင်းဆောင်ရွက်ရန် ဘဏ်ခွဲများတွင် ကော်မတီများ ဖွဲ့ထားကြောင်း၊ သို့သော် ယခုနောက်ပိုင်းတွင် မူးယစ် ရာဇာများသည် နောက်ကြောင်းလိုက်သဖြင့် ဘဏ်များကို အသုံးချမှု နည်းလာကြောင်း ကမ္ဘောဇဘဏ် အကြံပေး ဦးသန်းလွင်က ပြောသည်။

၎င်းက“မူးယစ်သမားတွေက ဘဏ်ကနေ မသွားနိုင်ဘူးလား ဆိုတော့ သွားနိုင်ပါတယ်။ ဒါပေမယ့် သူတို့က ဘဏ်ကို သိပ်မသုံးချတော့ဘူး။ နောက်ကြောင်းလိုက်မှာ စိုးတယ်လေ။ သူတို့က ဟွန်ဒီနဲ့ လွှဲကြတာ။ ရတဲ့ ပိုက်ဆံတွေကို အဲဒီ လို လွှဲကြတာ။ ဘဏ်တွေကလည်း ပြည်ထဲရေးနဲ့ရော မူးယစ်ဆေးဝါး ဗဟိုနဲ့ရော ပူးပေါင်းလုပ်နေတယ်”ဟုလည်း ပြောပြသည်။

ဇွန်လ ၂၆ ရက်က နေပြည်တော်၌ ပြုလုပ်သည့် မူးယစ်တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် သမ္မတ ဦးဝင်းမြင့်က မူး ယစ်ဆေးဝါး ပြဿနာသည် နိုင်ငံအတွင်း အကြမ်းဖက်မှု၊ ငွေကြေး ခဝါချမှု၊ တရားမဝင်ငွေကြေး စီးဆင်းမှု၊ အဂတိ လိုက်စားမှု၊ အကျင့်ပျက် ခြစားမှုများနှင့် နိုင်ငံဖြတ်ကျော် မှုခင်းများကို ဖြစ်ပေါ်စေသလို တဖက်တွင်လည်း မူးယစ်ဆေး ဝါးမှ ရရှိလာသည့် ငွေကြေးများကြောင့် လက်နက်ကိုင် တော်လှန်မှုနှင့် အကြမ်းဖက် တိုက်ခိုက်မှုကို ဖြစ်ပေါ်စေ ကြောင်း ပြောဆိုခဲ့သည်။

You may also like these stories:

ဖြိုးကိုကိုတင့်ဆန်း အမှု တရားလိုပြ သက်သေ အမှုစစ် ရဲအရာရှိ ၁၀ ဦး စစ်ဆေးရန် ကျန်

မူးယစ်ရာဇာကြီးများ၏ သတင်းကိုပါ ပေးပို့ တိုင်ကြားရန် သမ္မတ ပြော

မြောင်းမြ ထောင်၌ ၂ ရက်အတွင်း မူးယစ်ဆေးဝါး ၂ မှု ဖမ်းဆီးရမိ

Did you find apk for android? You can find new Free Android Games and apps.
Loading