သတင်း

မလေးရှား၌ ဖမ်းမိသည့် စံချိန်တင် မြန်မာမူးယစ်မှု ၁ နှစ်ကျော် အထိ သက်သေ ၉ ဦးသာစစ်ပြီး

Want create site? Find Free WordPress Themes and plugins.

မလေးရှားနိုင်ငံသို့ မြန်မာဘက်မှ တင်ပို့လိုက်သည့် စံချိန်တင် မူးယစ်ဆေးဝါး အမှုတွင် မောင်မောင်(ခ) Hj Yassin အပါ၃ ဦး အား စစ်ဆေးနေသည်မှာ တနှစ်ကျော်ပြီ ဖြစ်သော်လည်း ရဲသက်သေ ၉ ဦးသာ စစ်ရသေးကြောင်း ရန်ကုန် အနောက်ပိုင်း ခရိုင် တရားရုံးက သိရသည်။

မလေးရှား နိုင်ငံ စီမရစ်မြို့ကုန်လှောင်ရုံတွင် လက်ဖက်ခြောက် တံဆိပ်ဖြင့် ထုပ်ပိုးထားသည့် အမေရိကန် ဒေါ်လာ ၁၈ သန်း ခန့် တန်ဖိုးရှိ မက်သာဖက်တမင်း မူးယစ်ဆေး ၁၁၈၇ ကီလိုဂရမ်နှင့် ဘိန်းဖြူ ၇၅၀ ဂရမ်အား မြန်မာနိုင်ငံမှ တင်ပို့သည့် စားသောက်ကုန်များနှင့် အတူ ကွန်တိန်နာအတွင်းမှ ၂၀၁၈ ခုနှစ် မေလ၂၂ ရက်တွင် ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

အနောက်ပိုင်း ခရိုင်တရားရုံး သတင်းပြန်ကြားရေး အရာရှိ ဦးမင်းသန့်က“ဒီအမှုမှာ မူးယစ်တပ်ဖွဲ့စုက ရဲသက်သေ ၉ ဦး စစ်ပြီးပါပြီ။ ယခင် တရားသူကြီးက နေရာပြောင်းသွားတဲ့အတွက် အခု သူ့နေရာ အစားဝင်မယ့်သူက ရောက်နေပါပြီ။ ဇူ လှိုင် ၄ ရက်ကို ရုံးချိန်းထားပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ အမှုတွင် မြန်မာဘက်က ဖမ်းဆီးရမိခဲ့သည့် မောင်မောင်(ခ) Hj Yassin၊ ဦးမင်းနိုင်နှင့် ဇေယျာဟိန်းတို့ ၃ ဦးအား အနောက်ပိုင်းခရိုင် တရားရုံးတွင် စစ်ဆေးလျက်ရှိပြီး ကွင်းဆက်ဖြစ်သည့် ဒေါ်နှင်းဦးလွင်(ခ) ချင်းကျားမူနှင့် မာမက်ဟူစိန် တို့ကို ယနေ့အထိ ဖမ်းဆီးရမိခြင်း မရှိသေးဘဲ တရားခံပြေး အဖြစ် ကြေညာထားသည်။

အမှုနှင့် ဆက်စပ်၍ ထားဝယ်ကြီး(ခ) အောင်လွင် ဆိုသူကိုလည်း တနင်္သာရီတိုင်း ဒေသကြီး မလွဲတောင် စစ်ဆေးရေးဂိတ် တွင် ၂၀၁၈ ခုနှစ် ဇွန်လ၂၀ ရက်တွင် ဖမ်းဆီးခဲ့သော်လည်း သီးခြား စစ်ဆေးနေသည့် အမှု အခြေအနေကို ရှင်းလင်းစွာ မသိရသေးပေ။

ရဲတပ်ဖွဲ့ အနေဖြင့် မလေးရှားနိုင်ငံတွင် ဖမ်းမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့် ပတ်သက်ပြီး မောင်မောင် အပါ ၃ ဦးကို မူး ယစ်ဆေးဝါး ဥပဒေ ပုဒ်မ ၂၀(က)/၂၀(ခ)/၂၁ ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်ပြီး တရားလိုပြ သက်သေ အနေဖြင့် ၆၉ ဦး တင်ပြထားသည်။

ပြီးခဲ့သည့် ရုံးချိန်းများတွင် ရဲသက်သေများအား တရားခွင် စစ်ဆေးစဉ် အတွင်း ရှာဖွေပုံစံ မှတ်တမ်းများအား သက်သေခံ အဖြစ် တင်သွင်းရာတွင် တရားရုံးက လက်ခံခဲ့မှု အပေါ် ဖမ်းဆီးခံထားရသူ ဦးမင်းနိုင်က ကန့်ကွက်ခဲ့ပြီး ရန်ကုန်တိုင်း ဒေ သကြီး တရားလွှတ်တော်သို့ ပြင်ဆင်မှု တင်ပြ လျှောက်ထားမှုလည်း ရှိခဲ့သည်။

ထိုပြင်ဆင်မှု အယူခံအား ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော်မှ မူလ တရားရုံးဖြစ်သည့် အနောက်ပိုင်းခရိုင် တရား ရုံး၏ ဆုံးဖြတ်ချက် အတိုင်းသာ ဖြစ်ကြောင်း အမိန့်ချခဲ့သည်ဟု သတင်း ပြန်ကြားရေးအရာရှိ ဦးမင်းသန့်က ပြောသည်။

ရဲတပ်ဖွဲ့ အနေဖြင့် မောင်မောင်၊ ဦးမင်းနိုင်၊ ဇေယျာဟိန်း၊ အောင်လွင်၊ ဒေါ်နှင်းဦးလွင်နှင့် မာမက်ဟူစိန်တို့ ၆ ဦးထံမှ ကျပ် ငွေ ၁၈ ဘီလီယံခန့် တန်ကြေးရှိ ငွေသား၊ ဘဏ်စာအုပ်၊ ရွှေနှင့်ပစ္စည်းများအား ဖမ်းဆီး သိမ်းဆည်းခဲ့ပြီး အမှုတွင် ပါဝင် ပတ်သက်ကြောင်း ယူဆရသူများ၏ ပိုင်ဆိုင်မှုများအား ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေနှင့်ပါ အရေးယူမည် ဖြစ် ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ကြေညာထားသည်။

၎င်းတို့ အမှုကဲ့သို့ပင် လက်ဖက်ခြောက်ထုပ် တံဆိပ်ဖြင့် ထုပ်ပိုးမှု ပုံစံဆင်တူ ICE မူးယစ်ဆေးဝါး အများအပြားအား ပင် လယ်လမ်းကြောင်းမှ တဆင့် မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံသို့ ပို့ဆောင်ရန် ကြိုးပမ်းသူများအား တနင်္သာရီ ကမ်းရိုးတန်း တွင် တပ်မတော်(ရေ)က ယခုနှစ် မတ်လနှင့် ဧပြီလအတွင်း ဖမ်းမိခဲ့သည်။

ထိုနှစ်ကြိမ် ဖမ်းမိသည့် GUAN YIN WANG နှင့် Refined Chinese Tea တံဆိပ်ပါ ICE မူးယစ်ဆေးဝါး ၂၉၇၅ ကီလိုဂရမ် သည် တန်ဖိုးအားဖြင့် ကျပ်ငွေ ၇၄ ဒသမ ၃၅၇ ဘီလီယံ ရှိကြောင်း သိရသည်။

ယင်းတန်ဖိုးသည် ရဲတပ်ဖွဲ့ အခြေခံ တွက်ချက်နှုန်း ဖြစ်သည့် ICE ၁ ကီလိုဂရမ်လျှင် ကျပ်သိန်း ၂၅၀ ဖြင့် တွက်ချက် ထားခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်ကလည်း တနင်္သာရီတိုင်း ဒေသကြီး ပုလောမြို့နယ် မလိကျွန်း ကမ်းစပ်နှင့် ပင်လယ်ပြင်တွင် မျောပါနေသည့် ICE မူးယစ်ဆေးထုတ်များအား တပ်မတော်(ရေ)က ပိုင်ရှင်မဲ့ ဖမ်းမိခဲ့သေးသည်။

ထိုအမှုများ၌ မူးယစ်ဆေးဝါး သယ်ဆောင်လာသည့် စက်လှေပေါ် လိုက်ပါလာသူများကိုသာ ဖမ်းမိခဲ့ပြီး ၎င်းတို့က ထွက် ဆိုထားသည့် အဓိက ပို့ဆောင်ခိုင်းသူများအား ဖမ်းမိခြင်း မရှိသေးကြောင်း သိရသည်။

You may also like these stories:

ငွေကြေးခဝါချမှု ဆိုင်ရာ ပြစ်မှု ၉၀ ရာခိုင်နှုန်းကျော် မူးယစ်မှုများ ဖြစ်ဟု ဆို

ဖြိုးကိုကိုတင့်ဆန်း အမှု တရားလိုပြ သက်သေ အမှုစစ် ရဲအရာရှိ ၁၀ ဦး စစ်ဆေးရန် ကျန်

ဖမ်းမိထားသည့် ထိုင်း ၈၁ ဦးတွင် မူးယစ်မှုဖြင့် ဆက်နွယ်နေသူ ပိုများဟု UWSA ပြော

သမ္မတရုံးက ဖမ်းခိုင်းသည့် မူးယစ်မှုတချို့ ပြည်ထဲရေးတွင် ကြန့်ကြာနေဟုဆို

Did you find apk for android? You can find new Free Android Games and apps.
Loading