လာမည့်ဘဏ္ဍာနှစ်တွင် ဆေးသုတေသန ဘတ်ဂျက်အတွက် ကျပ်ငွေ ၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၇ သန်း) တိုးမြှင့်ရန် အစိုးရက စီစဉ်နေပြီး နိုင်ငံသမိုင်းတွင် သုတေသန အသုံးစရိတ်အတွက် ယခင်ကထက် အမြင့်ဆုံးပမာဏ စံချိန်တင်လိုက်သည်။
ပြီးခဲ့သည့်အပတ် ဗုဒ္ဓဟူးနေ့က ကျင်းပသည့် ဝန်ကြီးဌာန သုတေသန ကျင့်ဝတ်နှင့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ဆန်းစစ် သုံးသပ်မှု ဘုတ်အဖွဲ့ (Institutional Review Board) အစည်းအဝေးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ထွေးက ၂၀၁၉-၂၀ ဘဏ္ဍာနှစ်အတွက် ဆေးသုတေသန အသုံးစရိတ် ကျပ်ငွေ ၃ ဘီလီယံကို အဆိုပြု ဘတ်ဂျက်အဖြစ် တောင်းခံထားကြောင်း ပြောကြားခဲ့သည်။
၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် သုတေသနအတွက် ကျပ်ငွေ ၁၄ သန်းသာ ရှိခဲ့ကြောင်း ဝန်ကြီးက ဆက်လက် ပြောကြားသည်။
၎င်းဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများ၊ ဆေးရုံများ၊ ဆေးတက္ကသိုလ်၊ ဆေးနှင့် ဆက်စပ် တက္ကသိုလ်များမှ သုတေသီများအတွက် သုတေသန အလေ့အထ မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၇ ခုနှစ်ကတည်းက အသုံးစရိတ် တိုးပေးခဲ့ကြောင်း ဆေးသုတေသန ဦးစီးဌာနမှ အရာရှိတဦးက ပြောသည်။
လက်ရှိအစိုးရ လက်ထက်တွင် ဝန်ကြီးဌာနအနေဖြင့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်၌ ဆေးသုတေသန ဘတ်ဂျက် ၁ ဒသမ ၁ ဘီလီယံ သုံးခွင့်ပေးခဲ့ရာ ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ ၆ လပတ် ဘဏ္ဍာရေးကာလ အတွက် ကျပ်ငွေသန်း ၅၀၀ (၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွက် အောက်တိုဘာ-နိုဝင်ဘာ ဘဏ္ဍာရေးကာလသစ် တခုအဖြစ် အစိုးရသတ်မှတ်) နှင့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ကျပ်ငွေ ၁ ဒသမ ၅ ဘီလီယံရှိခဲ့သည်။
“အများပြည်သူအတွက် တိုက်ရိုက် အကျိုးရှိစေမယ့် အထွေထွေ ကျန်းမာရေး စောင့်ရှောက်မှုပေးတဲ့ သုတေသနပြုချက်တွေကို ဦးစားပေးရွေးချယ်ဖို့ ဝန်ကြီးက လမ်းညွှန်ပါတယ်” ဟု အဆိုပါအရာရှိက ပြောသည်။
ဝန်ကြီးဌာန အနေဖြင့် သုတေသန တွေ့ရှိချက်များကို အသုံးချရန်နှင့် ယင်းတွေ့ရှိချက်များအား သုတေသန စာတမ်းပြုစု၍ ဆန်းစစ်ပြီးနောက် ကျန်းမာရေးမူဝါဒအဖြစ် ချမှတ်ရန် လုပ်ဆောင်နေကြောင်း ၎င်းက ဆက်ပြောသည်။
ဇန်နဝါရီလက ကျင်းပပြီးစီးခဲ့သော မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံတွင် ကျန်းမာရေးဝန်ကြီး ဦးမြင့်ထွေးက ကျန်းမာရေး သုတေသနကဏ္ဍသည် အမျိုးသား ကျန်းမာရေး စောင့်ရှောက်မှု စနစ်အတွက် ထိရောက်မှုရှိရန်နှင့် စွမ်းရည်မြှင့်တင်ရန် အခြေခံအုတ်မြစ် ဖြစ်သည်ဟုလည်း ထည့်သွင်း ပြောကြားခဲ့သည်။
ဆေးနှင့် ဆေးဘက်ဆိုင်ရာကိရိယာ မှာယူခြင်းနှင့်ဖြန့်ချိခြင်း၊ ပြည်နယ်နှင့်တိုင်း ဒေသကြီးများတွင် ရောဂါ ဖြစ်ပွားနှုန်း အကဲဖြတ်ခြင်းအပါအဝင် နိုင်ငံတဝန်း ကူးစက်ရောဂါနှင့် နာဖျားမှုများ၊ ဆေးကုသမှုဆိုင်ရာ လူ့အရင်းအမြစ် လိုအပ်ချက်၊ ဝန်ထမ်း အပြောင်းအရွှေ့နှင့် တာဝန်ချထားခြင်း၊ ဝန်ကြီးဌာနတွင်း စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးစနစ်များ၊ ဆေးရုံများတွင် လူနာများအား ကုသမှုပေးရာ၌ ရောဂါရှာဖွေရေးနှင့် ကုသရေးဆိုင်ရာ လျင်မြန် ချောမွေ့စေရေး၊ အရေးပေါ်ဌာနရှိ လူနာများစီမံခန့်ခွဲရေး၊ ဝန်ကြီးဌာန၏ ဘဏ္ဍာရေးနှင့် လူ့အရင်းအမြစ် စီမံခန့်ခွဲရေးတို့ကို အလေးပေးလုပ်ဆောင်ရန် သုတေသီများအား ဝန်ကြီးက အဆိုပါညီလာခံ၌ မှာကြားခဲ့သည်။
(San Yamin Aung ၏ Govt to Spend Record 3 Billion Kyats on Medical Research Next Fiscal Year ကို ဆီလျော်အောင် ဘာသာပြန်သည်။)
ဆက်စပ်ဖတ်ရှုရန်
H1N1 အတွက် လူတိုင်းလူတိုင်း ကာကွယ်ဆေးထိုးစရာ မလိုဘူး
ကူးစက်ပြန့်ပွားမှုနှုန်း မြင့်မားနေတဲ့ H1N1 ရာသီတုပ်ကွေး အကြောင်း
သွေးလှူဒါန်းမှုနည်းပါးနေကြောင်း ကမ္ဘာ့သွေးလှူရှင်များနေ့တွင် မီးမောင်းထိုးပြ