သတင်း

ကျောက်ဆည် သစ်မှောင်ခိုမှုတွင် တရားခံ ခေါ်ထုတ်သွားသူအား ထောင် ၁၀ နှစ်ချ

Want create site? Find Free WordPress Themes and plugins.

ကျောက်ဆည်စခန်းမှူးများ ထောင်ကျခဲ့သည့် သစ်အမှုတွင် တရားခံ နှစ်ဦးအား ခေါ်ထုတ်သွားသည့် မုံလာ (ခ) အောင်စိုးမိုးအား ကျောက်ဆည်ခရိုင် တရားရုံးက ယမန်နေ့က အများပြည်သူပိုင် ပစ္စည်း ကာကွယ်စောင့်ရှောက် ရေး ဥပဒေပုဒ်မ ၃ (အပက- ၃) ဖြင့် ထောင်ဒဏ် ၁၀နှစ် ချမှတ်လိုက်သည်။

၂၀၁၈ ခုနှစ် ဧပြီ ၂၅ ရက်နေ့ ညက ရဲတပ်သား ထွန်းထွန်းဝင်းနှင့် ဇေယျာမောင်တို့က တရားမဝင်သစ်ခွဲသားများကို ဖမ်းဆီးမိခဲ့ခြင်း ဖြစ်ပြီး၊ သစ်များနှင့် အတူ တရားခံနှစ်ဦးကို မိသော်လည်း အဆိုပါ မုံလာဆိုသူနှင့် ရဲတပ်ဖွဲ့ နယ်ထိန်း ခေါင်းဆောင် တို့ စခန်းသို့ ရောက်ရှိလာပြီး အမှုအား ပိုင်ရှင်မဲ့ ပြုလုပ်ကာ အဆိုပါ တရားခံ နှစ်ဦးကို ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

ယင်းအမှုနှင့် ပတ်သက်၍ မုံလာ(ခ) အောင်စိုးမိုးအား  ထောင်ဒဏ် ၁၀နှစ် ချမှတ်လိုက်ခြင်းဖြစ်သည်။

တရားခွင်သို့ ဝင်ရောက် နားထောင်ခဲ့သည့် ကိုစိုးသီဟ က “တဦးတယောက် ပြစ်ဒဏ်ကျခြင်း၊ မကျခြင်းကိုတော့ မပြောလိုပါဘူး၊ ဒါပေမယ့် ဒီနေ့တရားသူကြီးရဲ့ ဆုံးဖြတ်ချက်ဟာ မျှတတဲ့ စီရင်မှု တခုလို့ပဲ ယုံကြည်ပါတယ်”ဟု ဧရာဝတီ သို့ပြောသည်။

မုံလာ၏ အကျိုးဆောင်ရှေ့နေ ဦးကျော်မြိုင်ကမူ အမှုနှင့် ပတ်သက်ပြီး တရားလိုဘက်က သက်သေထွက်ဆိုချက်များတွင် ကွဲလွဲမှုများ တွေ့ရကြောင်းနှင့် ထောင် ဒဏ် ချမှတ်ခံရခြင်းနှင့် ပတ်သက်၍လည်း တိုင်းတရားလွှတ်တော်ထံ အမြန်ဆုံး အယူခံ လျှောက်ထားမည်ဖြစ် ကြောင်း မုံလာ၏ ရှေ့နေ ဦးကျော်မြိုင်(တရားလွှတ်တော်ရှေ့နေ)က ပြောသည်။

 “သူက သစ်ပိုင်ရှင်လည်း မဟုတ်ဘူးလေ၊ ဖြစ်တဲ့ညက တရားခံတွေကို လာခေါ်တာ သူမဟုတ်ဘူးလို့ မုံလာက ငြင်းတယ်၊ ဒါကို ချစ်စန်းကိုနဲ့ နယ်ထိန်းခေါင်းဆောင် သန်းထိုက်တို့ ကလည်း သူမဟုတ်ပါဘူးလို့ ပြောတယ်၊ ထွန်းထွန်းဝင်းတို့ အုပ်စု ကတော့ သူလို့ပြောတယ်၊ အဲ့ဒီမှာ ကွဲလွဲတာပေါ့၊ တကယ်လို့ တရားခံ ခေါ်ထုတ်သွားတယ်ဆိုရင်တောင် တရားခံ ခေါ်ထုတ် တဲ့ ပြစ်မှုနဲ့ပဲ ဖြစ်သင့်ပါတယ်” ဟု ပြောသည်။

ယင်းအမှုတွင် အခင်းဖြစ်သည့် ညက လွတ်မြောက်သွားသည့် တရားမဝင် သစ်များနှင့် အတူ ဖမ်းမိသူနှစ်ဦးအား ပြန်လည် ဖမ်းဆီးရမိခြင်း မရှိတော့ဘဲ သစ်ပိုင်ရှင်အဖြစ် ဦးနေလင်းအောင်ဆိုသူအား တရားခံပြေး အမှု ဖွင့်ထားကြောင်း သိရသည်။

ရဲတပ်သား ထွန်းထွန်းဝင်းနှင့် ဇေယျာမောင်တို့ အပါအဝင် ရဲတပ်သား ၅ဦးက ၎င်းတို့ ဖမ်းဆီးခဲ့သည့် တရားမဝင် သစ်များကို ပိုင်ရှင်မဲ့ အဖြစ်သာ အမှုဖွင့်ခဲ့သည့်အတွက် တာဝန်ပျက်ကွက်သူများအား အရေးယူပေးရန် ပြည်ထဲရေးဝန်ကြီး ဌာနထံ တိုင်ကြားခဲ့သည်။

ယင်းတိုင်ကြားမှုအား ရဲ စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့ စစ်ဆေးခဲ့ရာ  မြို့နယ်မှူး ရဲမှူး ဝင်းဇော်မှာ ဒုရဲမှူးအဆင့် ရာထူးလျော့ချခံရကာ စခန်းမှူး အသစ် ဖြစ်သည့် ဒုရဲမှူးဝင်းနိုင်သည်လည်း ရဲအုပ်အဆင့်သို့ ရာထူးလျော့ချ ပြစ်ဒဏ်ပေးခံခဲ့ရသည်။

ယင်းအမှုအား ကိုင်တွယ်ခဲ့သည့် စခန်းမှူးဟောင်း ဒုရဲမှူး မြင့်ဦးအား ထောင် ၁ နှစ်၊ နယ်ထိန်းခေါင်းဆောင် သန်းထိုက် အား ထောင်ဒဏ် ၂ နှစ်နှင့် ဒုတပ်ကြပ် ချစ်စန်းကိုအား ထောင်ဒဏ် ၃ နှစ်ကျခံစေရန် ၂၀၁၈ ခုနှစ် သြဂုတ် ၂ ရက်နေ့က ချမှတ်ခဲ့သည်။

မှုအား ဖော်ထုတ်ခဲ့သည့် ရဲတပ်သား ထွန်းထွန်းဝင်း၊ ဇေယျာမောင်၊ ချစ်ကို အပါအဝင် ၅ ဦးအား မန္တလေးတိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကိုယ်တိုင် ဂုဏ်ပြုချီးမြှင့်ခဲ့သည်။

ဂုဏ်ပြုခံ ရဲတပ်သား ထွန်းထွန်းဝင်းနှင့် ချစ်ကို တို့သည့် ယခုနှစ် ဧပြီလ ၆ ရက်နေ့ကလည်း ရဲရမန်းဒေသမှ ထွက်လာသည့် သစ်မှောင်ခိုကား ၄ စီးအား ဒေသခံများနှင့်ပူးပေါင်းကာ ဖမ်းဆီးနိုင်ခဲ့သေးသည်။

ထိုဖမ်းဆီးမှုတွင် တရားမဝင်သစ် ၂၂ တန်ကျော်နှင့် ယာဉ်ပေါ်ပါသူ ၁၀ ဦးအား ထိန်းသိမ်းနိုင်ခဲ့သည့်အပြင် ကွင်းဆက် အနေဖြင့် ရဲရမန်ဒေသအတွင်း နယ်မြေရှင်းလင်းရာတွင် သစ်မျိုးစုံ တန် ၁၃၀ ခန့်အား ပိုင်ရှင်မဲ့ ဖမ်း ဆီးရမိခဲ့သည်။

မှုအား ဖမ်းဆီးမှုအပြီးတွင် ရဲတပ်သား ထွန်းထွန်းဝင်းနှင့် ချစ်ကိုတို့အား နယ်ပြောင်းမိန့်ကျခဲ့သည့် အပြင် အသက် အန္တရာယ် ခြိမ်းခြောက် တိုက်ခိုက်မှုများပါ ရှိလာသည့်အတွက် ၎င်းတို့ နှစ်ဦးလုံး ရဲတပ်ဖွဲ့မှ နှုတ်ထွက်ကြောင်း စာတင်ခဲ့သည်။

၎င်းတို့၏ ရဲတပ်ဖွဲ့မှ နှုတ်ထွက်စာနှင့် ပတ်သက်ပြီး ရဲတပ်သား ချစ်ကိုအား ခွင့်မဲ့ပျက်ရက် ၂၁ ရက်ကျော်လွန် သည်ဟု ဆိုကာ ရဲပြေးအဖြစ် ဖမ်းဆီးရန် မေလ ၆ ရက်နေ့ ရက်စွဲဖြင့် နောင်ချိုမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ကြေညာထားသည်။

တရားခံနှင့်အတူ တရားမဝင် သစ်များ ဖမ်းမိမှုတွင် ပိုင်ရှင်မဲ့ ပြုလုပ်မှုအပေါ် ဖော်ထုတ်နိုင်ခဲ့သည့် ရဲတပ်သား ထွန်း ထွန်းဝင်းပါ ၅ ဦးကို ၎င်းတို့၏ သဘောဆန္ဒ မပါရှိဘဲ နယ် ပြောင်းရွေ့ခြင်းမပြုရန် လွှတ်တော်ကိုယ်စားလှယ်နှင့် ရဲ တပ်ဖွဲ့တာဝန်ရှိသူအချို့က ဂုဏ်ပြုပွဲတွင် ကတိပေးခဲ့ကြသော်လည်း လက်ရှိတွင် ကျောက်ဆည်ရဲစခန်း၌ အဆို ပါ ရဲတပ်သား ၅ ဦးလုံး တာဝန်ထမ်းဆောင်ရခြင်းမရှိတော့ကြောင်း ကျောက်ဆည်ဒေသခံ တဦးက ပြောသည်။

You may also like these stories:

မော်လမြိုင်တွင် ပိတောက်ခွဲသားများ တင်လာသည့် စက်လှေ ၇စီး ပိုင်ရှင်မဲ့မိ

အသက်အန္တရာယ်ရှိလာသဖြင့် သစ်မှောင်ခိုဖမ်းသည့် ရဲနှစ်ဦး ထွက်စာတင်

ကျောက်ဆည် သစ်ခိုးမှုကွင်းဆက် တရားမဝင်သစ် တန် ၁၀၀ ကျော် ပိုင်ရှင်မဲ့ထပ်မိ

ကျောက်ဆည်-စဉ့်ကိုင် တရားမဝင် သစ်အမှု အဓိက တရားခံ မဖော်ထုတ်နိုင်သေး

Did you find apk for android? You can find new Free Android Games and apps.
Loading