မြန်မာနိုင်ငံ၏ ပထမဆုံးသော နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို မကွေးတိုင်း မင်းဘူးမြို့နယ်တွင် စတင် ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
အဆိုပါ စက်ရုံကို GEP Myanmar Co., Ltd ကုမ္ပဏီက ဖွင့်လှစ်ခြင်းဖြစ်ပြီး ပထမ အဆင့် အနေဖြင့် ၄၀ မဂ္ဂါဝပ်ကို ထုတ်လုပ်ကာ မန္တလေး-အမ်း မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက် ပို့လွှတ်ပေးနေပြီ ဖြစ်ကြောင်း နေရောင်ခြည်သုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံ၏ ထုတ်လုပ်ရေး တာဝန်ခံတဦး ဖြစ်သည့် ကိုအောင်သူဟိန်းက ပြောသည်။
ကိုအောင်သူဟိန်းက “အခုမှ စတင် ထုတ်လုပ်တဲ့အတွက် အပြည့်အဝတော့ ချက်ချင်း မရသေးဘူးပေါ့။ ရက်အများကြီး မကြာပါဘူး။ အပြည့်အဝ ထုတ်လုပ်ပေးနိုင်မှာပါ။ အခု ထွက်လာသမျှတွေကို ကျနော်တို့က မဟာဓာတ်အားလိုင်းထဲကို ပေါင်းထည့်ပေးလိုက်တယ်” ဟု ပြောဆိုသည်။
စီမံကိန်း ပထမအဆင့်ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီတွင် စတင် အကောင်အထည်ဖော် တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ပထမ အဆင့်မှ တတိယ အဆင့်အထိ ၄၀ မဂ္ဂါဝပ်စီ အသီးသီး ထုတ်လုပ်မည် ဖြစ်ပြီး စတုတ္တအဆင့်တွင် ၅၀ မဂ္ဂါဝပ် ထုတ်လုပ် သွားမည် ဖြစ်ကြောင်း သိရသည်။
နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံသည် မြေနေရာ လိုအပ်ခြင်း၊ ရာသီဥတုအပေါ် မှီခိုရခြင်း၊ ဓာတ်အားခ ဈေးနှုန်းကြီးမြင့်ခြင်း၊ စွမ်းအင်ကို သိုလှောင်မှု စရိတ် ကြီးမြင့်ခြင်းများ ရှိသော်လည်း လျှပ်စစ်ထုတ်လုပ်ရန် စွမ်းအင်ကို စဉ် ဆက်မပြတ် ရရှိသည့် ပြည့်ဖြိုးမြဲ စွမ်းအင် ဖြစ်ကာ ဒီဇယ်၊ ဓာတ်ငွေ့၊ ကျောက်မီးသွေးသုံး စက်ရုံများလို လောင်စာမလိုကြောင်း အဆိုပါ စက်ရုံကို တက်ရောက် ဖွင့်လှစ်ပေးခဲ့သည့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ထို့အပြင် ပြုပြင်ထိန်းသိမ်း စရိတ်သက်သာကြောင်း၊ ကာဗွန်ထုတ်လုပ်မှု လျော့ချနိုင်ကြောင်း၊ ပတ်ဝန်းကျင် ညစ်ညမ်းမှု နည်းပါးကြောင်း စသည့် အားသာချက်များရှိသည်ဟု ၎င်းက ဆက်လက် ပြောဆိုသွားသည်။
နိုင်ငံတဝှမ်းလုံးတွင်၂၀၁၆ ခုနှစ်မှ၂၀၁၈ ခုနှစ်အတွင်း စွမ်းအင် အရင်းအမြစ် အမျိုးမျိုးမှ ၇၄၆ မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်ရန် စီမံဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ်စမှ ဇွန်လအထိ ၃၉၃ မဂ္ဂါဝပ်ရှိသည့် သဘာဝ ဓာတ်ငွေ့နှင့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ အသစ်များကို ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က “၂၀၂၁ ခုနှစ်မှာ တနိုင်ငံလုံးရဲ့ လျှပ်စစ် သုံးစွဲနိုင်မှု ၅၅ ရာခိုင်နှုန်းကို လည်းကောင်း၊ ၂၀၂၅ – ၂၀၂၆ ခုနှစ်မှာ ၇၅ ရာခိုင်နှုန်းကို လည်းကောင်း၊ ၂၀၃၀ ခုနှစ်မှာ တနိုင်ငံလုံး ရာနှုန်းပြည့် လျှပ်စစ်သုံးစွဲနိုင်ဖို့ စီမံဆောင် ရွက်လျက်ရှိနေပါတယ်။ လာမယ့်နှစ်တွေမှာလည်း လျှပ်စစ် တိုးတက်လာမှာကို ဖြည့်ဆည်းသွားနိုင်ဖို့ ၁၂၀၀ မဂ္ဂါဝပ် ရှိတဲ့ LNG နဲ့ Gas အင်ဂျင်သုံးစက်တွေနဲ့ ကာလတိုအတွင်း အချိန်မီ ဖြည့်ဆည်းပေးနိုင်ဖို့ စီမံဆောင်ရွက်နေပါတယ်” ဟု ဆို သည်။
GEP Myanmar Co., Ltd ကုမ္ပဏီ အနေဖြင့် တနှစ်လျှင် စီမံကိန်းအဆင့် ၁ ဆင့်ပြီးမြောက်ရေး အတွက် ရည်မှန်းထား ကြောင်း၊ မိမိတို့ ရည်မှန်းထားသည့် ၁၇၀ မဂ္ဂါဝပ်ကို စီမံကိန်း အဆင့် ၄ ဆင့်ဖြင့် ၄ နှစ်အတွင်း အကောင်အထည်ဖော်သွား မည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီ၏ Business Development Department မှ မန်နေဂျာဖြစ်သူ ကိုထက်နိုင်အောင် က ပြောသည်။
ကိုထက်နိုင်အောင်က “ကျနော်တို့ အခုစီမံကိန်းက မြန်မာနိုင်ငံအနေနဲ့ အသစ်ပါ။ ပရောဂျက် စတင်တာရော၊ စာရွက် စာတမ်းတွေ အတွက်ရော လမ်းကြောင်း အသစ်ရှာပြီး လုပ်ရတာ။ လိုအပ်တဲ့ ပစ္စည်းတွေ တင်သွင်းတာတောင်မှ နာမည် တွေကအစ အသစ်အဆန်းတွေ ဖြစ်နေတယ်။ အဲ့ဒါတွေကို ရှင်းပြရတာပေါ့။ နောက်ပြီး ဒီပစ္စည်းတွေကို သံုံးစွဲဖို့ သင်တန်း တွေ ဘာတွေက အစ လုပ်ရတာဆိုတော့ နည်းနည်းတော့ အချိန်ကြာတဲ့ သဘောတော့ ဖြစ်သွားတယ်” ဟု ဆိုသည်။
နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ တည်ဆောက်ချိန်သည် ကျောက်မီးသွေးနှင့် ရေအားလျှပ်စစ်ဓာတ် အားပေး စက်ရုံ တည်ဆောက်ချိန်ထက် အချိန်အားဖြင့်များစွာ မြန်ဆန်သလို မြန်မာနိုင်ငံ အနေဖြင့် ရေတိုအတွင်း လိုအပ် သည့် လျှပ်စစ်စွမ်းအင်ကို ရရှိနိုင်ရန်မှာ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံသာ ဖြစ်ကြောင်း World Wide Fund for Nature( WWF) Myanmar မှ လျှပ်စစ်ကဏ္ဍ ကျွမ်းကျင် ပညာရှင်ဖြစ်သည့် ကိုရွှန်းစိုးဦးက သုံးသပ်ပြော ဆိုသည်။
ကိုရွှန်းစိုးဦးက “ကျောက်မီးသွေး၊ နေရောင်ခြည်စွမ်းအင်(ဆိုလာ) ဆိုတာတွေ မေ့ထားလိုက်။ မြန်မာပြည်မှာ အဓိက လို အပ်နေတာက ဈေးနှုန်း အချိုဆုံးနဲ့ အမြန်ဆုံး လျှပ်စစ်စွမ်းအင် ရရှိမယ့်အရာပဲ။ အဲဒါမျိုးဆိုရင် ဆိုလာကလွဲလို့ ရွေးစရာ မရှိဘူး။ အခုဆို ၁ နှစ် အတွင်း စတင် အကောင်ထည် ဖော်နိုင်တာပဲကြည့်။ ကျနော်တို့ လျှပ်စစ်လိုအပ်ချက်ကို ဘယ်လောက် မြန်မြန်နဲ့ ဖြည့်ဆည်းပေးနိုင်သလဲ ဆိုတာ ပေါ်နေပြီ” ဟု ဆိုသည်။
ထို့အပြင် မြန်မာနိုင်ငံ အလယ်ပိုင်း မိတ္ထီလာမြို့နယ် ဝန်းကျင်းတွင်လည်း နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံတည်ဆောက်ရန် စီမံကိန်း တခုကြားသိထားရသော်လည်း ယနေ့အချိန်အထိ အကောင်အထည်ဖောက်နိုင်ခြင်း မရှိသေးသည်ကို လေ့လာတွေ့ရှိရကြောင်း ၎င်းက ဆက်၍ ပြောဆိုသည်။
ထို့အတွက် အစိုးရအနေဖြင့် လိုအပ်သော လုပ်ငန်းစဉ်များ၊ ဥပဒေ၊ နည်းဥပဒေများကို လျှင်မြန်စွာ အကောင်အထည် ဖော်ပေးရန် လိုအပ်ပြီး လျှပ်စစ်ကဏ္ဍ လိုအပ်ချက်ကို ပြည့်မှီရန် အမြန်ဆုံး ဆောင်ရွက်သင့်ကြောင်း ကိုရွှန်းစိုးဦးက သုံးသပ်သည်။
You may also like these stories:
အမြန်ဆုံး ဘယ်လို မီးပေးနိုင်မလဲ (သို့မဟုတ်) မြန်မာ့ ပြည့်မြဲစွမ်းအင် အမြင်
မောင်းနေရင်း အားသွင်းနိုင်မယ့် ဆိုလာကားကို Sono Motors စတင်စမ်းသပ်
စီးပွားရေး တိုးတက်ရန် လျှပ်စစ်ကဏ္ဍ တနှစ် ဒေါ်လာ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံရန်လိုဟု ကမ္ဘာ့ဘဏ် ဆို