ရာသီတုပ်ကွေးကြောင့် သေဆုံးလူနာများတွင် ရန်ကုန်တိုင်းဒေသကြီးမှ အများဆုံးဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီး ဌာန မှသိရသည်။
ဇွန်လ ၂၇ ရက်နေ့ အထိ စာရင်းအရ ရာသီတုပ်ကွေးကြောင့် သေဆုံးသူ ၁၂ ဦးအနက် ၁၀ ဦးမှာ ရန်ကုန် တိုင်းဒေသကြီးက ဖြစ်ကာ ဧရာဝတီတိုင်းဒေသကြီးမှ ၁ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ၁ ဦး ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးမှူး ဒေါက်တာထွန်းမြင့့််က “ရန်ကုန်တိုင်းဟာ လူဦးရေ ထူထပ်တယ်။ လူနေများ တယ်။ ကူးစက်ရောဂါ အများစုကလည်း ရန်ကုန်တိုင်းမှာ ဖြစ်တာများတယ်။ ရန်ကုန်တိုင်းမှာက လူဦးရေ ကျပ်သိပ်နေတာ ကလည်း ကူးစက်ဖို့ ပိုလွယ်တာပေါ့” ဟုဆိုသည်။
အဆိုပါ သေဆုံးသူများသည် နာတာရှည်ရောဂါ အခံများလည်းရှိကြောင်း၊ ထိုသို့သော သူများ ကူးစက်ခံရပါက အပြင်း အထန်ခံစားရကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲက ညွှန်ကြားရေးမှူး ဒေါက်တာဖြူဖြူအေး က ပြောသည်။
“တောက်လျှောက်ကြည့်နေတာတော့ နာတာရှည် ရောဂါအခံရှိနေတာ များတယ်။ ကလေးတွေဆို မွေးရာပါ နှလုံးရောဂါ ရှိတယ်။ လက်ရှိရတဲ့ အချက်အလက်တွေ ကိုကြည့်ပြီး ပြောတာပါ” ဟု ဒေါက်တာဖြူဖြူအေးက ဧရာဝတီသို့ ပြောသည်။
ရာသီတုပ်ကွေး သံသယရှိသည့် လူနာ၂၃၄ ဦးကို ဓာတ်ခွဲခန်းတွင် စစ်ဆေးပြီး A H1N1 pdm 09 တွေ့ရှိသည့် လူနာ ၅၆ ဦး ရှိကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ဆက်လက်ပြီး ဒေါက်တာဖြူဖြူအေးက “ကျမတို့ နိုင်ငံမှာ လူဦးရေ ဘယ်လောက်ရှိလဲ၊ ရန်ကုန်တိုင်းဒေသကြီးမှာ လူဦးရေ ဘယ်လောက်ရှိလဲ၊ အဲဒီထဲကမှ တွေ့ရှိတဲ့ လူနာက တနိုင်လုံးမှာ ၅၆ ယောက်၊ အဲဒါတွေပေါ်မှာ မူတည်ပြီးတော့ ခွဲခြမ်းစိတ်ဖြာပြီး ကြည့်စေချင်ပါတယ်” ဟုဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးမှူး ဒေါက်တာထွန်းမြင့်ကလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း ရာသီတုပ်ကွေး ကြောင့် သေဆုံးသူများသည် နာတာရှည်ရောဂါအခံနှင့် အသက်အရွယ်ကြောင့် ဖြစ်ကြောင်း အတည်ပြုပြောကြားသည်။
၂၀၁၇ ခုနှစ်တွင်မူ ရာသီတုပ်ကွေး စစ်ဆေးသူ ၁၁၆၅ ဦးရှိခဲ့ပြီး ရောဂါပိုး တွေ့ရှိသူ ၄၀၆ ဦး၊ သေဆုံးလူနာ ၃၈ ဦးရှိခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ရာသီတုပ်ကွေး စစ်ဆေးသူ ၃၆၇ ဦးရှိခဲ့ပြီး ရောဂါ ပိုးတွေ့ရှိသူ ၁၃ ဦးတွေ့ရှိခဲ့ကာ သေဆုံးသူ မရှိခဲ့ ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ဇွန် ၂၆ ရက်နေ့မှစတင်ပြီး ရန်ကုန်ကလေးဆေးရုံကြီးတွင် ရာသီတုပ်ကွေးရောဂါ သီးသန့်လူနာဆောင်ဖွင့်လှစ်ကာ ကုသပေးလျက်ရှိကြောင်း သိရသည်။
You may also like these stories:
H1N1 အတွက် လူတိုင်းလူတိုင်း ကာကွယ်ဆေးထိုးစရာ မလိုဘူး
ကူးစက်ပြန့်ပွားမှုနှုန်း မြင့်မားနေတဲ့ H1N1 ရာသီတုပ်ကွေး အကြောင်း
>H1N1 ဖြင့် သေဆုံးသူ ၅ ဦးထိရှိလာပြီး ရောဂါပိုးရှိသူ ၂၂ ဦးတွေ့ထား