သတင်း

မြန်မာနိုင်ငံတွင် ၄ ဦး၌ ၁ ဦး ဆင်းရဲဟု စစ်တမ်းထုတ်ပြန်

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံအတွင်း နေထိုင်သည့် လူဦးရေတွင် ၄ ဦး၌ တဦးမှာ ဆင်းရဲနွမ်းပါးမှု ရှိနေကြောင်း ၂၀၁၇ ခုနှစ် မြန်မာ နေထိုင်မှု အခြေအနေ စစ်တမ်းတွင် ထုတ်ပြန်ထားသည်။

ဗဟို စာရင်းအင်း အဖွဲ့က ကမ္ဘာ့ဘဏ် (WB) နှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP)တို့၏ အကူအညီဖြင့် ကောက် ယူခဲ့သည့် မြန်မာနေထိုင်မှု အခြေအနေ စစ်တမ်း၏ ဆင်းရဲနွမ်းပါးမှု အစီရင်ခံစာ မိတ်ဆက်ပွဲကို နေပြည်တော်ရှိ သင်္ဂဟ ဟိုတယ်တွင် ဇွန် ၂၆ ရက်က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဗဟိုစာရင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့်က“လူ ၄ ဦးမှာ တဦးက ဆင်းရဲ နေတယ်ဆိုတာ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အနည်းဆုံး စားသုံးနိုင်တဲ့ ကယ်လိုရီ အာဟာရရှိတဲ့ အပေါ်မူ တည်ပြီးတော့ တရက်ကို အနည်းဆုံး ဘယ်လောက်စားရမယ် ဆိုတာ  ဒါကို သတ်မှတ်ပြီး တွက်ချက်ပြီး ထုတ် ပြန်တာ ပါ”ဟု ပြောသည်။

အဆိုပါ စစ်တမ်းအရ လူတဦးသည် တရက်လျှင် ငွေကျပ် ၁၅၉၀ မသုံးစွဲနိုင်ပါက ဆင်းရဲနွမ်းပါးသည်ဟု သတ်မှတ် ကြောင်းလည်း ၎င်းက ဆိုသည်။

စစ်တမ်း ကောက်ယူရာတွင် နေပြည်တော် ကောင်စီ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်ပေါင်း ၂၉၆ မြို့နယ်ရှိ အိမ်ထောင်စုပေါင်း၊ စာရင်းကောက်ကွက် ၁၁၄၅ ခုမှ အိမ်ထောင်စုပေါင်း ၁၃၇၃၀ ထံမှ တနှစ်ပတ်လုံး ကောက်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၀၅ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အတွင်း နိုင်ငံ၏ ဆင်းရဲနွမ်းပါး သူဦးရေ ကျဆင်းသွားပြီး နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု မျဉ်းအောက်သို့ ရောက်ရှိနေသည့် လူဦးရေသည် ၂၀၀၅ ခုနှစ်တွင် ၄၈ ဒသမ ၂ ရာခိုင်နှုန်းရှိရာမှ ၂၀၁၇ ခုနှစ်တွင် ၂၄ ဒသမ ၈ ရာ ခိုင်နှုန်းသို့ ကျဆင်းသွားကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

လူဦးရေ တိုးပွားလာသော်လည်း ဆင်းရဲနွမ်းပါးသူ အရေအတွက်သည်  ၂၀၀၅ ခုနှစ်တွင် ၁၈ ဒသမ ၇ သန်းမှ ၂၀၁၇ ခုနှစ် တွင် ၁၁ ဒသမ ၈ သန်းသို့ လျော့ကျသွားခြင်းကိုလည်း ယင်းစစ်တမ်းတွင် ပါရှိသည်။

မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှုနှုန်းသည် နေရာဒေသ ကွဲပြားမှု အပေါ် သက်ရောက်မှု ကြီးမားကာ ချင်းပြည်နယ်ရှိ ဆင်းရဲ နွမ်းပါးမှုနှုန်းသည် ၅၈ ရာခိုင်နှုန်းဖြင့်  အမြင့်မားဆုံး ဖြစ်ပြီး လူ ၁၀ ဦးတွင် ၆ ဦးမှာ ဆင်းရဲနွမ်းပါးကြောင်း၊ ရခိုင် ပြည်နယ် တွင်ဆင်းရဲနွမ်းပါးသူ အချိုး အစား ၄၁ ဒသမ ၆ ရာခိုင်နှုန်းဖြင့်  ဒုတိယ အမြင့်မားဆုံး ဖြစ်ကြောင်း၊ ရန်ကုန် နှင့် မန္တလေး တိုင်းဒေသကြီး၌ လူ ၁၀ ဦးတွင် ၁ ဦးသာ ဆင်းရဲကြောင်း သိရသည်။

ထိုသို့ အစီရင်ခံစာ ထွက်ရှိလာခြင်းကြောင့် မြန်မာနိုင်ငံ၏ အဆင်းရဲဆုံး တိုင်းဒေသများနှင့် နိုင်ငံ၏ အခြေအနေကို သိရှိရသဖြင့် အစိုးရ အတွက် အထောက်အကူများ ရရှိမည် ဖြစ်ကြောင်း၊ ဦးစားပေး ဆောင်ရွက်သင့်သည့် ကိစ္စ ရပ်များကို အစိုးရ အနေဖြင့်ကောင်းစွာ သိရှိနိုင်မည် ဖြစ်ကြောင်း UNDP မှ ဌာနေ ကိုယ်စားလှယ်  Mr. Petet Batchelor က ပြောသည်။

၎င်းက“မြန်မာနိုင်ငံမှာ ရှိတဲ့ အဆင်းရဲဆုံး ပြည်သူတွေ ဘယ်မှာနေထိုင်နေလဲဆိုတာကို သိရှိသွားပါပြီ။ အစိုးရရဲ့ ဘဏ္ဍာ ငွေ အရင်းအမြစ်တွေ ပံ့ပိုးကူညီမှုတွေဟာ ဘယ်ကိုဦးတည်ပြီး သွားရမလဲဆိုတာ အစိုးရ အနေနဲ့ သိနိုင်ပြီ ဖြစ်ပါတယ်” ဟုလည်း ပြောဆိုသည်။

UNDP နှင့် ကမ္ဘာ့ဘဏ်က အဆိုပါ စစ်တမ်းကောက်ယူနိုင်ရန် အတွက် နည်းပညာ အကူပေးခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ တွင် ပထဆုံး အကြိမ် အဖြစ် ကြီးမားသည့် စစ်တမ်းတခု အနေဖြင့် ကောက်ယူခဲ့ခြင်း ဖြစ်ကြောင်း၊ အရှေ့တောင်အာရှ နှင့် အိမ်နီးချင်း နိုင်ငံများထက် မြန်မာနိုင်ငံမှာ နိမ့်ကျနေကြောင်း UNDP မှ ပြောရေးဆိုခွင့် ရှိသူက ဆိုသည်။

ဆင်းရဲနွမ်းပါးသူများမှာ ပြည်နယ်နှင့် တိုင်းဒေသ အလိုက် ကွာခြားချက်များ ရှိကာ ကမ်းရိုးတန်းဒေသတွင် အမြင့်ဆုံး ဖြစ်ပြီး ထို ဒေသတွင် မသန်စွမ်းသူ ဦးစီးသော အိမ်ထောင်စုများကြား ဆင်းရဲနွမ်းပါးမှု နှုန်းသည် မသန်စွမ်းသူ မဟုတ် သော အိမ်ထောင် ဦးစီးများ၏ အိမ်ထောင်စုများထက် ၁၉ ရာခိုင်နှုန်း ဆင်းရဲနွမ်းပါးနေကြောင်း သိရသည်။

ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတွင် ရရှိခဲ့သည့် အောင်မြင်မှုများကြောင့် အိမ်ထောင်စု အများအပြားသည် ဆင်းရဲ နွမ်းပါး မှုမျဉ်း အထက်သို့ ရောက်ရှိသွားကြသော်လည်း မမျှော်လင့်ဘဲ ကျရောက်လာသည့် ဘေးအန္တရာယ် တခုခုနှင့် ရင်ဆိုင် ရ ပါက ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်သို့  ပြန်လည်ရောက်ရှိ သွားနိုင်သည့် ထိခိုက်လွယ်သော အခြေအနေတွင် ရှိနေဆဲ ဖြစ်သည်ဟုလည်း ဆိုသည်။

ကောက်ယူရရှိခဲ့သည့် အချက်အလက်များကိုအခြေခံ၍  စိစစ်ပြုစုထုတ်ပြန်သည့် ဆင်းရဲနွမ်းပါးမှု အစီရင်ခံစာ(Poverty Report) အား နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် အချက်အလက်များကို အခြေခံ၍ မူဝါဒချမှတ်ရာတွင် လည်းကောင်း၊ စာ ရင်းအင်း ကိန်းဂဏန်း အသုံးပြုသူများ အသုံးပြုနိုင်ရန် လည်းကောင်း ရည်ရွယ်၍ ဆင်းရဲနွမ်းပါး မှုအစီရင်ခံစာကို ထုတ် ပြန်ခြင်း ဖြစ်ကြောင်း သိရသည်။

You may also like these stories:

၂၀၁၉ ခုနှစ်အတွက် ကလေးအလုပ်သမား အများဆုံး ၁၀ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံ ပါဝင်

လေးလုပ်သား ၆ သိန်းကျော် အန္တရာယ်ရှိ လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရဟုဆို

ရန်ကုန်တွင် ၂၅ ရာခိုင်နှုန်းသာ အိမ်ရာတိုက်ခန်းများနှင့် နေထိုင်ဟု ကမ္ဘာ့ဘဏ်ဆို

Did you find apk for android? You can find new Free Android Games and apps.
Loading