ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့တွင် ၂၀၁၅ ခုနှစ်က ထိုင်းအမျိုးသမီးတဦးကို သတ်ဖြတ်ခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ထောင်ဒဏ် ၆ နှစ် နှင့် ၈ နှစ် အသီးသီး ချမှတ်ခံခဲ့ရသော မြန်မာရွှေ့ပြောင်း ရေလုပ်သား ၂ ဦး၏ အယူခံကို ရနောင်းခရိုင် တရားရုံး က ဇွန်လ ၂၆ ရက်နေ့တွင် အနိုင်ပေးခဲ့သည်။
ထောင်ဒဏ် ၈ နှစ်နှင့် ၆ နှစ် စီ အသီးသီးချမှတ်ခံခဲ့ရသော စိန်ကတုံးနှင့် ဝေလင်းတို့သည် ထောင်တွင်းတွင် ၃ နှစ်နှင့် ၈ လ ကြာ နေထိုင်ခဲ့ရပြီး၊ ယခု ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။
အသက် ၁၇ အရွယ် ထိုင်းအမျိုးသမီး အိုရာဝီ ဆမ် ပါအိုတန် အသတ်ခံရပြီး တလအကြာ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၂၈ရက်နေ့တွင် မြန်မာနိုင်ငံသားများ ဖြစ်သည့် စိန်ကတုံး၊ ဝေလင်း၊ မိုးဇင်အောင်နှင့် ကျော်စိုးဝင်းတို့ကို ဖမ်းဆီးကာ ပုဒ်မ ၅ ခုဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ထို့နောက် ရနောင်းခရိုင် တရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်ကာ ၂၀၁၈ ခုနှစ် ဧပြီလတွင် စီရင်ချက် ချမှတ်ခဲ့သည်။
အမှုဖြစ်ပွားချိန်က မိုးဇင်အောင်နှင့် ကျော်စိုးဝင်းတို့ နှစ်ဦးမှာ အသက် ၁၈နှစ် မပြည့်သေးသည့်အတွက် ရနောင်း ကလေး သူငယ်တရားရုံးက ထောင်ဒဏ် ၄နှစ် နှင့် ၂ နှစ် အသီးသီး ပြစ်ဒဏ် ချမှတ်ခဲ့သည်၊ ထိုနှစ်ဦးမှာ ယမန်နှစ်က လွတ်ခဲ့ပြီး ဖြစ်သည်။
လေ့လာစောင့်ကြည့်သူများနှင့် မိသားစုဝင်များက စွပ်စွဲခံ မြန်မာ ၄ဦးအား ထိုင်းရဲတပ်ဖွ့ဲက ဖမ်းဆီးစဉ်အတွင်း ညှဉ်းပန်း နှိပ်စက်၍ ဖိအားပေး ဝန်ခံခိုင်းခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။
စွပ်စွဲခံရသည့် ထို ရေလုပ်သားလေးဦးသည် အချိန်အများစုတွင် ငါးဖမ်းလှေများဖြင့် ထိုင်းပင်လယ်ပြင်အတွင်းရှိနေခဲ့ကြပြီး တလတွင် ၅ ရက် သို့မဟုတ် ၆ ရက်သာ ကမ်းကပ်လေ့ ရှိသဖြင့် ထိုင်းမြေပေါ်တွင် ရှိသည့် အချိန်နည်းပါးသည်ဟု မိသားစု များက ပြောခဲ့ကြသည်။
ယင်းအမှုကို ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (Foundation for Education Development) (FED) မှ ရွှေ့ပြောင်းလုပ်သား အခွင့်အရေး လိုက်ပါဆောင်ရွက်နေသူ ဦးမင်းဦးက လွတ်မြောက် လာသူ ၂ ဦးကို လက်ရှိ အချိန်၌ ရနောင်းရှိ ထိုင်းလူဝင်မှု ကြီးကြပ်ရေး တာဝန်ရှိသူများက ထိန်းသိမ်းထားကြောင်း ဧရာဝတီသို့ ဇွန်လ ၂၇ ရက်နေ့တွင် ပြောသည်။ နောက်အပတ်အတွင်းတွင် ၎င်းတို့ မြန်မာနိုင်ငံသို့ တရားဝင် ပြန်လာကြမည် ဖြစ်သည်။
“သူတို့ အယူခံနိုင်တယ်ဆိုတာကို ကြားကြားချင်း ဝေလင်းနဲ့ စိန်ကတုံးကို ကျနော်တို့ သွားတွေ့ခဲ့ပါတယ်။ စိန်ကတုံးက တော့ မြန်မာနိုင်ငံတောင်ပိုင်း မြိတ်မှာ ရှိတဲ့ သူ့အိမ်ကို ပြန်သွားဖို့ စိတ်အားထက်သန်နေတယ်။” ဟု ဦးမင်းဦးက ပြောသည်။
ထိုင်းတာဝန်ရှိသူများက တရားရုံး၏ ဆုံးဖြတ်ချက်ကို တရားခံ ရှေ့နေများထံသို့ အသိပေးအကြောင်းကြားခြင်းမရှိဟု သူက ပြောသည်။ ဝေလင်း နှင့် စိန်ကတုံး တို့၏ ဆွေမျိုးများ ဆက်သွယ်လာမှသာ ၎င်းတို့သတင်းကို ရှေ့နေများ သိရခြင်း ဖြစ်သည်။

“သူတို့ နှစ်ဦးစလုံးက ဒီလောက်ထိ မမျှော်လင့်ထားဘူးလို့ ပြောတယ်” ဟု ဦးမင်းဦးက ဝေလင်း နှင့် စိန်ကတုံး တို့၏ မှတ်ချက်ကို ပြန်လည်ပြောပြသည်။
သို့ သော်လည်း သူတို့ကို ကူညီခဲ့ကြသည့် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ အားလုံးကို ကျေးဇူးတင်ကြောင်း စကားပါးလိုက်သည်ဟု ဆိုသည်။
စိန်ကတုံး၏ မိခင်ဖြစ်သူ ဒေါ်နီတွတ်က သူ၏ သားဖြစ်သူ လွတ်မြောက်မှုကို မျှော်လင့်မထားမိခဲ့ကြောင်း ပြောသည်။
“ဝမ်းသာတယ်။ လွတ်တယ် သတင်းကြားတော့ သူ့ကို ထောင်မှာ သွားတွေ့ခဲ့တယ်။ မမျှော်လင့်ဘဲ လွတ်တာမို့ ဝမ်းသာတယ်” ဟု သူမက ဆိုသည်။
၎င်းတို့ကို ပြန်လွှတ်ပေးခဲ့ပြီး ဖြစ်သော်လည်း တရားဝင် ပြန်လည်ပို့ဆောင်ရေး လုပ်ငန်းစဉ်များဆောင်ရွက်နေစဉ်အတွင်း ထိုင်း လူဝင်မှုကြီးကြပ်ရေးဌာန၏ အချုပ်တွင် ဆက်လက်ရှိနေကြရမည် ဖြစ်သည်။
ထိုင်းနိုင်ငံတွင် ရဲအဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေး အရာရှိများက မြန်မာနိုင်ငံ အပါအဝင် အိမ်နီးချင်းနိုင်ငံများမှ နယ်စပ်ကို ဖြတ် ကျော်၍ တရားမဝင် ဝင်ရောက်လာသူများကို ပုံမှန် ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်လေ့ရှိပြီး၊ ဖမ်းမိသူများကို နယ်စပ် စစ်ဆေးရေး စခန်းများမှ တဆင့် ပုံမှန် ပြန်ပို့ပေးသည်။
ရနောင်းတွင် လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များက ထိန်းသိမ်းထားသည့် မြန်မာနိုင်ငံမှ ရွှေ့ပြောင်း ဝင်ရောက်လာသူများ ကို အပတ်စဉ် အင်္ဂါနေ့ နှင့် ကြာသပတေးနေ့များတွင် ပြန်ပို့ပေးနေသည်။
စိန်ကတုံးနှင့် ဝေလင်းတို့ကို လာမည့် အင်္ဂါနေ့( ဇူလိုင်လ ၂ ရက်နေ့) တွင် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည် ဖြစ်သည်။
၂၀၁၄ ခုနှစ် စက်တင်ဘာလက ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းတွင် ဗြိတိန် ကမ္ဘာလှည့် ခရီးသည် ၂ ဦးကို မတရားကျင့် သတ်ဖြတ်မှု စွပ်စွဲချက်များဖြင့် မြန်မာ ရွှေ့ပြောင်းလုပ်သား ၂ ဦးဖမ်းဆီး တရားစွဲဆိုခံခဲ့ရသည်၊ ယင်းအမှုဖြစ်ပြီး တနှစ်အကြာ ရနောင်း လူသတ်မှုကို ကျူးလွန်သည်ဆိုကာ မြန်မာ ၄ဦး ထပ်မံ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
(လိပ်ကျွန်း) အမှုတွင် အဖမ်းခံခဲ့ရသူ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ ဦးကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် သေဒဏ် ချမှတ်ခဲ့သည်။ ယခုအခါ သူတို့က သူတို့၏ အပြစ်ဒဏ် အတွက် အယူခံစောင့်ဆိုင်းရင်း ထောင်တွင်းတွင် ရှိနေကြဆဲ ဖြစ်သည်။
ထိုရှေ့ဆင့် နောက်ဆင့် ဖြစ်ပေါ်ခဲ့သော အမှု နှစ်ခုကို ကြည့်ပါက မြန်မာရွှေ့ပြောင်းလုပ်သားများသည် ထိုင်းနိုင်ငံတွင် အကြမ်းဖက် ရာဇဝတ်မှုများ၏ အချောင် ဓားစာခံ ဖြစ်ရမှုများ ရှိနေကြောင်း မီးမောင်းထိုးပြနေသည်။
FED အဖွဲ့ပါဝင်သော ဥပဒေ အထောက်အကူပြု အဖွဲ့ကမူ ယင်း အမှု ၂ ခု လုံးတွင် ကူညီပေးပြီး လိပ်ကျွန်း အမှုတွင်လည်း သတင်းကောင်း ကြားရလိမ့်မည်ဟု မျှော်လင့်နေကြောင်း ဦးမင်းဦးက ပြောသည်။
ရနောင်းလူသတ်မှုစွပ်စွဲချက်တွင် DNA အထောက်အထား၊ CCTV မှတ်တမ်းနှင့် ၎င်းတို့ အလုပ်ရှင်၏ ထုချေချက် အပါအဝင် စိန်ကတုံး နှင့် ဝေလင်းတို့ အပြစ်ကင်းမဲ့ခြင်းကို အထောက်အကူ ဖြစ်မည့် အရေးပါသော သက်သေများကို တရားခံ ရှေ့နေများက တင်ပြခဲ့ ကြသည်။
“ရနောင်း လူသတ်မှုမှာ စွပ်စွဲခံရသူတွေ အပြစ်မရှိကြောင်း သက်သေပြဖို့ အထောက်အကူ ဖြစ်စေမယ့် သက်သေတွေ အားလုံး ကျနော်တို့မှာ ရှိခဲ့ပါတယ်။ (ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်စဉ်အတွင်း) မှုခင်း ပြန်လည် သရုပ်ပြ လုပ်ရ တဲ့အချိန် မှာ ကျနော် ကိုယ်တိုင် ရှိနေခဲ့ပါတယ်။ စွပ်စွဲခံရသူတွေနဲ့ (အဲဒီအချိန်က) ကိုယ်တိုင်ကိုယ်ကျ မေးမြန်းနိုင်ခဲ့ ပါတယ်”ဟု ဦးမင်းဦး က ပြောသည်။
လိပ်ကျွန်းအမှုနှင့် ပတ်သက်၍မူ ရခဲ့သည့် သက်သေအထောက်အထား နည်းသည်ဟု သူက ပြောသည်။
ပြီးခဲ့သည့်နှစ် စက်တင်ဘာလအထိ ထိုင်းနိုင်ငံတွင် တရားဝင် မှတ်ပုံတင်ထားသော မြန်မာရွှေ့ပြောင်းလုပ်သား ၂.၂ သန်း ရှိပါသည်။ သို့သော်လည်း နေ့စဉ်ပင် နယ်စပ်ကို ဖြတ်ကျော်၍ ရွှေ့ပြောင်းအလုပ်သမား မြန်မာများ အများအပြား ဝင်ရောက်လာ နေသည်။
အများစုက အထောက် အထားစာရွက်စာတမ်းမဲ့ အဖြစ် ရှိနေကြခြင်းနှင့် အတူ မြန်မာရွှေ့ပြောင်းလုပ်သား အရေအတွက်က တရားဝင် ကိန်းဂဏန်းများထက်များဖွယ်ရာ ရှိသည်ဟု အလုပ်သမား အခွင့်အရေးလှုပ်ရှားသော အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများက ယုံကြည်ကြသည်။
မြန်မာရွှေ့ပြောင်းလုပ်သားများသည် မှားယွင်း စွပ်စွဲခံရခြင်း သို့မဟုတ် လူသတ်မှု၊ မုဒိန်းမှု၊ မူးယစ်ဆေးမှု နှင့် အခြားရာဇ ဝတ်မှုများ အပါအဝင် ထိုင်းနိုင်ငံတွင် သူတို့ ပါဝင် ပတ်သက်ခြင်းမရှိသည့် ရာဇဝတ်အမှုအခင်းများတွင် စွပ်စွဲခံရသူများ အများအပြားရှိသည်ဟု ဦးမင်းဦးကလည်း ပြောသည်။
အကယ်၍ ၎င်းတို့ကို ဥပဒေကြောင်းအရ အကူအညီပေးမှုများ အမြဲမပြတ် ရှိပါက မှားယွင်းစွာ စီရင်ဆုံးဖြတ်ခံရခြင်း အတွက် အယူခံဝင်ရသည့် ဝန်ထုပ်ဝန်ပိုးမှ လွတ်မြောက်နိုင်သည်ဟု သူက ထပ်လောင်းပြောဆိုသည်။
(Nyein Nyein ၏Myanmar Migrants Released as Murder Convictions Overturned in Thailand ကို ဆီလျော်အောင် ဘာသာပြန်သည်။)
You may also like these stories:
ရနောင်း လူသတ်မှုဖြင့် ဖမ်းဆီးခံရသည့် မြန်မာလူငယ်တဦး ထပ်မံ လွတ်မြောက်
တရားမဝင် မြန်မာအလုပ်သမား ၄၀ ကို ရနောင်း၌ ထိုင်းစစ်တပ်ဖမ်းဆီး
ရနောင်းလူသတ်မှုဖြင့် ထိုင်းတရားရုံးက မြန်မာ ၄ ဦးကို ထောင်ဒဏ်များ ချမှတ်
ရနောင်းက ထိုင်းကျောင်းသူ အသတ်ခံရမှု သက်သေ အထောက်အထား တင်ပြရန် ပျက်ကွက်