ကချင်ပြည်နယ်၊မိုးညှင်းခရိုင်၊အင်းတော်ကြီးဒေသခံ ၃ ဦး ဟင်းရှာသွားရာမှ မိုင်းနင်းမိသဖြင့် အမျိုးသမီးတဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သတင်း ရရှိသည်။
မိုးညှင်းခရိုင် အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာမှ မစန်းကြည် အပါအဝင် သူငယ်ချင်း ၃ ဦးသည် ဇွန် ၂၈ ရက် မနက် ၉ နာရီခွဲအချိန်၌ ရွာ၏ အနောက်ဘက် ၁ မိုင်အကွာခန့်၌ ဟင်းရှာစဉ် ၁ ဦးမှာ မြေမြှုပ်မိုင်းနင်းမိသဖြင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဌာနေပြည်သူ့ စစ်မှ စိုင်းနောင်က ဧရာဝတီသို့ ပြောသည်။
ယင်းသို့ မိုင်းပေါက်ကွဲမှုကြောင်း အသက် ၃၃ နှစ် အရွယ် မစန်းကြည်မှာ ညာဘက် ဦးခေါင်းနှင့် ဘယ်ဘက်လက်တွင် ဒဏ်ရာ အပြင်းအထန် ရရှိသွားသည်ဟု ၎င်းက ဆို သည်။
ဌာနေ ပြည်သူ့စစ်မှ စိုင်းနောင် က “ရွာရဲ့ ၁ မိုင်အကွာမှာ ဟင်းသွားရှာတာ။ ရွာအနီးမှာ လှုပ်ရှားနေတဲ့ ကချင်လွတ်လပ်ရေး တပ်မတော်(KIA) စခန်း ရှိတယ်။ သူတို့က စခန်းကို ကာကွယ်တဲ့အနေနဲ့ မိုင်းတွေ ထောင်ထားတာ အများကြီး ရှိတယ်။ အဲဒီမှာ သူက မိုင်းနင်းမိပြီ ပေါက်ကွဲသွားတာ။ အခု ဒဏ်ရာက စိုးရိမ်ရတယ်” ဟု ဆိုသည်။
မိုင်းပေါက်ကွဲမှုတွင် မစန်းကြည် တဦးသာ ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ဒဏ်ရာ ပြင်းထန်သည့် အတွက် မြစ်ကြီးနားဆေးရုံသို့ ပို့ဆောင်နေပြီ ဖြစ်ကြောင်း မိုင်းနောင်ကျေးရွာ ဒေသခံ ကိုစိုင်းထွန်းက ဧရာဝတီသို့ ပြောသည်။
၎င်းက“ ဒဏ်ရာက စိုးရိမ်ရတယ်။ အခု မြစ်ကြီးနား ဆေးရုံကို ပို့နေပြီ။ KIA ထောင်ထားတဲ့ မိုင်းကို သွားနင်းမိတာ။ သူတို့အဖွဲ့ ရွာအနီးမှာ စခန်းချပြီး လှုပ်ရှားနေတာ၊ သူတို့ထောင်ထားတဲ့ မိုင်းတွေ အများကြီးပဲ။ မစန်းကြည်ပဲ ဒဏ်ရာရပြီး ကျန်တဲ့ ၂ ယောက်ကတော့ ဘာမှမဖြစ်ဘူး။ သူတို့ပဲ မစန်းကြည်ကို ပြန်သယ်လာတာ ” ဟု ပြောပြသည်။
အဆိုပါ အခြေအနေများနှင့် ပတ်သက်၍ KIA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကို ဆက်သွယ်မေး မြန်းရန် ကြိုးစားသော်လည်း ဖုန်းကိုင်ဆောင်ဖြေကြားမှု မရှိသည့် အတွက် တစုံတရာ မသိရပေ။
လက်ရှိတွင် မိုင်းနောင်ကျေးရွာ အတွင်း၌ ဌာနေပြည်သူ့စစ်များ အပါအဝင် လူမှုရေး အသင်းအဖွဲ့များ၊ ရွာအနီးရှိ တပ်မတော် တပ်ရင်း တပ်ဖွဲ့များမှ တာဝန်ရှိသူများက လုံခြုံရေးနှင့် ကူညီရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနေကြောင်း သိရသည်။
You may also like these stories:
ပုဏ္ဏားကျွန်းတွင် အရပ်သား ၁ ဦး မြေမြှုပ်မိုင်း နင်းမိ၍ ခြေပြတ်
ကရင်ဒုက္ခသည်များ မိုင်းအန္တရာယ်ကြောင့် အိမ်မပြန်နိုင်ဘဲဖြစ်နေ
မြေမြှုပ်မိုင်းကြောင့် ခြေတုဝန်ဆောင်မှု ပေးရတာ များတယ်
ပုဏ္ဏားကျွန်း ဒေသခံ မြို တိုင်းရင်းသား တဦး မိုင်းထိ