အိန္ဒိယဝန်ကြီးချုပ် နရိန္ဒြာ မိုဒီနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ နှစ်နိုင်ငံစစ်ရေးပူးပေါင်းမှု ပြုလုပ်သွားရန် ဆွေးနွေးခဲ့သော်လည်း ရုရှားထံမှ အိန္ဒိယက S-400 ဒုံးကျည်ကာကွယ်ရေးစနစ် ဝယ်ယူရေး ထည့်သွင်းဆွေးနွေးခဲ့ခြင်း မရှိကြောင်း အိန္ဒိယဘက်မှ သောကြာနေ့တွင် သတင်းထုတ်ပြန် သည်။
အိန္ဒိယနှင့်ရုရှားတို့သည် အမေရိကန်ဒေါ်လာ ၅ ဘီလီယံတန်ဖိုးရှိ ဝေဟင်ကာကွယ်ရေးစနစ်စာချုပ်ကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ပြီး၊ အလွန်အန္တရာယ်များသည့် ဒုံးကျည်စနစ်ရယူရန် သဘောတူ ညီချက်သည် အိန္ဒိယ-အမေရိကန်ကာကွယ်ရေးဆိုင်ရာဆက်ဆံရေးကို ဆိုးဝါးစွာရှုပ်ထွေးစေလိမ့်မည်ဖြစ်ကြောင်း အမေရိကန်အနေဖြင့် ယခင်က သတိပေးခဲ့ဖူးသည်။
ထိုကိစ္စနှင့် ပတ်သ၍ G 20 ထိပ်သီးအစည်းအဝေး တက်ရောက်ရန် လာသည့် ခေါင်းဆောင်နှစ်ဦး ကြား ဆွေးနွေးမှုတွင် ထည့်သွင်းဆွေးနွေးခဲ့ခြင်းမရှိကြောင်း အိန္ဒိယနိုင်ငံရေးအတွင်းဝန် ဗီဂျေဂေါ့ဟေး က ထုတ်ဖော်ပြောခြင်းဖြစ်သည်။
“ဆွေးနွေးတာတွေကတော့ အီရန်၊ 5G ၊ ကုန်သွယ်ရေးနဲ့ ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးတို့နဲ့ ဆက်စပ်ပါတယ်၊ အီရန်အပေါ် စိုးရိမ်မှုနဲ့ ပတ်သက်လို့ကတော့ စွမ်းအင်ပိုင်း စိုးရိမ်မှုအပြင် ဒေသတွင်း ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေး စိုးရိမ်မှုရှိတဲ့ အကြောင်း ဝန်ကြီးချုပ်က အလေးပေး ပြောခဲ့ပါတယ်” ဟု သူကပြောသည်။
ထို့အပြင် အိန္ဒိယသည် စွမ်းအင်လိုအပ်ချက်အတွက် အီရန်မှ ရေနံတင်သွင်းမှု ၁၁ ရာခိုင်နှုန်း ရှိသော် လည်း ယခုအခါ လျော့ချနေကြောင်း၊ ထိုလျော့ချမှုသည် အိန္ဒိယ စီးပွားရေး အပေါ် သက်ရောက်မှု ရှိသော်လည်း ဒေသတွင်းငြိမ်းချမ်း ရေးနှင့် တည်ငြိမ်ရေး ကို ထိန်းသိမ်းရန် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း လည်း ဆိုသည်။
ပင်လယ်ကွေ့ဖြတ်သန်းသွားလာသော အိန္ဒိယသင်္ဘောများကို ကာကွယ်ဖို့ အိန္ဒိယရေတပ်သင်္ဘောတချို့ ဖြန့်ချထားသည့် အကြောင်း ဝန်ကြီးချုပ် မိုဒီက ထပ်လောင်းပြောကြားခဲ့သည်ဟု ဂေါ့ဟေးက ဆိုသည်။
သမ္မတ ထရမ့်အနေဖြင့်လည်း ရေနံဈေး ဆက်လက် တည်ငြိမ်မည်ဟု မျှော်လင့်ပြီး ပင်လယ်ကွေ့ ရေနံဈေး တည်ငြိမ်ရေး အတွက် ဒေသတွင်းတည်ငြိမ်ရေး အမေရိကန်ဆောင်ရွက်ချက်များကို ရှင်းပြခဲ့ကြောင်း အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်က ဆက်လက်ပြောကြားခဲ့သည်။
အီရန်အရေးကိစ္စ ထိတွေ့မှုတွင် ၎င်းနှစ်နိုင်ငံ ဆက်ရှိနေရန်နှင့် ဒေသတွင်း တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ရန် နှစ်ဘက်သဘောတူခဲ့ကြကြောင်း အတွင်းဝန်က ဖြည့်စွက်ပြောကြားခဲ့သည်။
G20 အစည်းအဝေးတက်ရန် ဂျပန်နိုင်ငံ အိုဆာကာသို့ ရောက်ရှိနေသော ဝန်ကြီးချုပ်မိုဒီသည် ဂျပန်-အမေရိကန်-အိန္ဒိယသုံးပွင့်ဆိုင် အစည်းအဝေးအပြီးတွင် ထရမ့်နှင့်တွေ့ဆုံခဲ့ရာ အုပ်စုဖွဲ့မှုများတွင် အိန္ဒိယပါဝင်ရေး အရေးပါမှုကို အလေးပေးဆွေးနွေးခဲ့သည်။
ပါလီမန်ရွေးကောက်ပွဲတွင် BJP ပါတီက မဲအပြတ်အသတ်ဖြင့် နိုင်ခဲ့ပြီးနောက် ယခု သမ္မတ ထရမ့်နှင့်တွေ့ဆုံမှုမှာ ဝန်ကြီးချုပ် မိုဒီ၏ ပထမဆုံးတွေ့ဆုံမှုဖြစ်သည်။
အဆိုပါ တွေ့ဆုံမှုသည် “အမေရိကန်သည်သာ ပထမ” ဟူသောမူဝါဒစွဲကိုင်ထားသည့် အမေရိကန် သမ္မတထရမ့်အတွက် အရေးပါသော တွေ့ဆုံမှုအဖြစ် ယူဆရပြီး ထရမ့်က အမေရိကန်ကုန်စည်များ အပေါ် အိန္ဒိယအခွန်စည်းကြပ်မှု အလွန်မြင့်မားနေကြောင်း ကျယ်ကျယ်လောင်လောင် ဝေဖန်ထားခဲ့သည်။
S-400 ကို ရုရှား၏ အဆင့်မြင့်ဆုံး မြေပြင်မှဝေဟင်သို့ တာဝေးဒုံးကျည်ကာကွယ်ရေးစနစ်အဖြစ် သိရှိထားကြသည်။ အဆိုပါစနစ်ကို ၂၀၁၄ ခုနှစ်က တရုတ်က ရုရှားနှင့် အစိုးရချင်း သဘောတူစာချုပ် ချုပ်၍ ပထမဆုံးပြည်ပဝယ်ယူသူ ဖြစ်လာသည်။
အလားတူ တူရကီကလည်း ရုရှား၏ S-400 လေကြောင်း ကာကွယ်ရေး စနစ်ကို ဝယ်ယူရန် ပြုလုပ်နေရာ အမေရိကန်က ကန့်ကွက်ထားသည်။
You may also like these stories:
ကုန်သွယ်ရေး တင်းမာမှုများ အဓိကအာရုံစိုက်လျက် G20 အစည်းအဝေးစတင်
ပို့ကုန် လက်မှတ် အတုများဖြင့် အသားတင်ပို့ခြင်း ရပ်ရန် ကနေဒါကို တရုတ်ပြော
အီရန်ခေါင်းဆောင်ကို အမေရိကန် ပိတ်ဆို့အရေးယူမှု ချမှတ်
တပ်မတော်ကို အရေးယူရေးဥပဒေ အတည်ပြုရေး အမေရိကန် အမတ်များ စတင်လှုပ်ရှား