ထိုင်းတွင် လူကုန်ကူးခံရသည့် မြန်မာနိုင်ငံသား ၆၂ ဦးကို ထိုင်းနိုင်ငံမှ မြန်မာအစိုးရထံသို့ ဇွန် ၂၇ က တရားဝင် လွှဲပြောင်းပေးအပ်ကာ ၂၈ ရက်နေ့က ပြန်ပို့လိုက်ကြောင်း သိရသည်။
မြန်မာနိုင်ငံသား ၆၂ ဦးသည် နှစ်နိုင်ငံသဘောတူ MoU များအရ သွားရောက်ခဲ့သော်လည်း ပွဲစားများ ၏ လူကုန်ကူးခံခဲ့ရသူများ ဖြစ်ကြသည်။
၎င်း ၆၂ ဦးအနက်၂၃ ဦးကို ရနောင်းနှင့် ကော့သောင်းသို့ ပြန်လွှတ်ပေးခဲ့ပြီး ကျန်သည့် ၃၉ ဦးကို မြဝတီနှင့် မဲဆောက်သို့ ပြန်လွှတ်ပေးခဲ့သည်။
“ပြန်ပို့တဲ့အထဲမှာ ၆၂ ဦး ရှိတယ်။ ၂၃ ဦးကို ကျနော်တို့ ကော့သောင်းဘက်အခြမ်းမှာ သက်ဆိုင်ရာ လဝကတို့၊ လူကယ်ပြန်တို့ အကုန်လုံးက မြန်မာဘက်ခြမ်းက စောင့်ကြိုတယ်”ဟု အလုပ်သမားရေး နှင့် မှတ်တမ်းတာဝန်ခံ၊ ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) မှ ဦးမင်းဦးက ဧရာဝတီသို့ ပြောသည်။
ပြန်ပို့ခဲ့သည့် ၆၂ ဦး အနက် ၂၃ ဦးသည် မြန်မာလူမျိုး ပွဲစားဇနီးမောင်နှံက မလေးရှားနိုင်ငံပို့ပေး မည်ဟု သွေးဆောင်ကာ ထိုင်း- မလေးရှားနယ်စပ်မှ တဆင့် ထိုင်းသို့ပို့ဆောင်စဉ်လမ်းတွင် ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့သည်။
၎င်းတို့နှင့် ကားတစီးတည်း အတူ လိုက်ပါလာသူ ၄ ဦး သေဆုံးခဲ့ပြီး ကျန်လူများက ဒဏ်ရာရခဲ့ သည်။
ထိုကားမောင်းနှင်သူ ထိုင်းနိုင်ငံသားကို ဖမ်းမိခဲ့ပြီးနောက် မြန်မာနိုင်ငံဘက်ခြမ်းတွင်လည်း ထိုအမှုနှင့် ဆက်စပ်ပြီး ကော့သောင်းခရိုင် လူကုန်တားရဲအဖွဲ့နှင့် (FED)အဖွဲ့တို့ပူးပေါင်းဆောင်ရွက်မှုကြောင့် ပွဲစားဇနီးမောင်နှံနှင့် စီစဉ်ပေးသူတို့ကို ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
“ကော့သောင်းကနေ ဒီနေ့ သူတို့နေရပ်ကို ပြန်ပို့ပြီ။ ၂၃ဦးထဲမှာ ကော့သောင်းမှာနေတဲ့သူ ၅ယောက် ပါတယ်။ ကျန်တာက ရန်ကုန်ကို ဒီနေ့စပို့ပြီ” ဟု ကော့သောင်း ရဲအုပ် အောင်ဇော်မိုးက ဧရာဝတီသို့ မနေ့က ပြောကြားသည်။
၎င်းတို့ ၂၃ဦးတွင် မိန်းကလေး ၃ ဦး ပါဝင်ပြီး ၎င်းတို့ဖြစ်ရပ်သည် လူကုန်ကူးမှုမြောက်သည့်အတွက် အမျိုးသမီး ၃ ဦးကို ထိုင်းနိုင်ငံရှိ အမျိုးသမီးစောင့်ရှောက်ရေးဂေဟာသို့ လည်းကောင်း၊ အမျိုးသား များ အား ရနောင်းလူကုန်ကူးမှုဓားစာခံများ ထိန်းသိမ်းစောင့်ရှောက်ရေး ဂေဟာတွင် ထားခဲ့ကြောင်း သိရသည်။
အကြောင်းအမျိုးမျိုးကြောင့် လူကုန်ကူးခံထားရသူများကို ဖမ်းဆီးမိပါက တရားရုံးရင်ဆိုင်သည့် အချိန်ကာလ၌ ရနောင်းလူကုန်ကူးမှု ဓားစာခံများ ထိန်းသိမ်းစောင့်ရှောက်ရေး ဂေဟာတွင် ၎င်းတို့က သက်သေအဖြစ် နေထိုင်ကြရသည်။
တရားရင်ဆိုင်နေရစဉ်ကာလအတွင်း ထိုင်းအစိုးရက သတ်မှတ်သည့်စည်းဘောင်အတွင်းဝင်သူများကို ထိုင်းအစိုးရက နစ်နာကြေးအဖြစ် တဦးလျှင် ဘတ် ၂၇၀၀၀ ကျော်အထိ ပေးအပ်ကြောင်း သိရသည်။
ထိုင်းမှ မြန်မာသို့ ပြန်ပို့သည့် ၂၃ဦးအနက် ၂၀ ဦးက ထိုဘောင်အတွင်းဝင်သည့်အတွက် လျော်ကြေး ရရှိသည်ဟု သိရသည်။
ထိုင်းနိုင်ငံတွင် လူကုန်ကူးခံရသည့် မြန်မာများကို ၂၀၁၆ ခုနှစ်အတွင်း ၈၆ ဦး၊ ၂၀၁၇ တွင် ၈၇ ဦး၊ ၂၀၁၈ ခုနှစ်တွင် ၁၀၆ဦးနှင့် ၂၀၁၉ ခုနှစ်၊ နှစ်စမှ ယခု ဇွန်လ ၂၀ ရက် အထိ ၄၅ဦး ကို မြန်မာပြည် ဘက်ခြမ်းသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း ထိုင်းနိုင်ငံဘက်မှ တာ့ခ်ခရိုင် လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ ဥက္ကဌ Mr.Chutadech meejan ထံမှ သိရသည်။
လူကုန်ကူးရခြင်းအကြောင်းအရင်းက မြန်မာနိုင်ငံတွင် အလုပ်အကိုင်လွန်စွာရှားပါးခြင်းကြောင့် ရသည့်အလုပ်ကို ထွက်လုပ်ရာမှ လူကုန်ကူးခံရခြင်းက များပြားသည်ဟု ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့(MAT)မှ ဒါရိုက်တာ ဦးကျော်သောင်းက သုံးသပ်သည်။
မြန်မာ-ထိုင်း နယ်စပ်တလျှောက် လူကုန်ကူးမှုလျော့နည်း လာစေရေးအတွက် ၇ ကြိမ်မြောက် လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အစည်းအဝေးကို ဇွန် ၂၀ရက်နေ့က မြဝတီမြို့တွင် ကျင်းပပြု လုပ်ခဲ့သည်။
ထိုအစည်းအဝေးတွင် မြန်မာဘက်မှ မြဝတီခရိုင် လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ ဥက္ကဌ ခရိုင်ရဲ တပ်ဖွဲမှူး ဒုတိယရဲမှူးကြီးမျိုးသန့်၊ မြဝတီခရိုင် လူကုန်ုကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ ဒုရဲမှူး ရဲနေဝင်းအောင်တို့ ဦးဆောင်သည့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ထိုင်းနိုင်ငံဘက်မှ တာ့ခ်ခရိုင် လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ ဥက္ကဌ Mr.Chutadech meejan တို့ ဦးဆောင်သည့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါအစည်းအဝေးတွင် လူကုန်ကူးပွဲစားများနှင့် ပတ်စပို့ဗီဇာအတု လုပ်ပေးသူများအား ထိုင်းနှင့် မြန်မာနိုင်ငံ နှစ်နိုင်ငံ ပူးပေါင်းပြီး ဖမ်းဆီးအရေးယူမှု ဆောင်ရွက်သွားဖြစ်ကြောင်း မြဝတီခရိုင် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့ ဒုရဲမှူး ရဲနေဝင်းအောင်က ပြောကြားခဲ့သည်။
You may also like these stories:
သန်လျင်က လူကုန်ကူးခံရသည့် အမျိုးသမီး အမှုဖွင့်ရန်ပြင်ဆင်
ထိုင်းမြန်မာပူးပေါင်းပြီးဗီဇာအတုပြုလုပ်သူများကို အရေးယူမည်
မြန်မာ မိန်းကလေးများကို တရုတ်ဇနီးအဖြစ် ရောင်းစားသူ ၂ ဦး ဖမ်းမိ
ထိုင်းရဲ အချုပ်မှ မြန်မာတဦး ထွက်ပြေးလွတ်မြောက်