သတင်း

မိုင်းလားရှိ တရုတ်ဆေးလိပ်ကုမ္ပဏီမှ မြန်မာ လုပ်သားများ လုပ်ခလစာ ပြဿနာတက်နေ

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့(NDAA) ၏ အုပ်ချုပ်မှုနယ်မြေအတွင်းရှိ နမ့်ပန်း ဒေသတွင် လာရောက် ရင်းနှီးမြှုပ်နှံထားသည့် တရုတ်ဆေးလိပ် ကုမ္ပဏီတခု၌ ဝင်ရောက်လုပ်ကိုင်နေသည့် အလုပ်သမားများမှာ လုပ်ခလစာ မရသည့်ပြဿနာနှင့် ရင်ဆိုင်နေရသည်။

အဆိုပါ စက်ရုံတွင် ဒေသခံ ရှမ်းတိုင်းရင်းသားများ အပါအဝင် မြန်မာနိုင်ငံ ဒေသအချို့မှ လာရောက်လုပ်ကိုင် ကြသည့် အလုပ်သမားဝန်ထမ်း စုစုပေါင်း ဦးရေ ၁၀၀ ခန့် ရှိပြီး ယခုနှစ် မတ်လမှ စတင်ကာ ၎င်းတို့၏ လုပ်ခလစာများကို ရှင်းမပေးတော့ခြင်းဖြစ်ကြောင်း အဆိုပါ စက်ရုံ၏ ပါကင်ဌာနတွင် ဝင်ရောက်လုပ်ကိုင်နေသည့် မန္တလေးတိုင်းဒေသကြီး ပုဂံမြို့နယ်မှ ကိုစိုးမိုးအောင်က ပြောသည်။

အသက် ၂၅ နှစ်အရွယ် ကိုစိုးမိုးအောင် က “ကျနော်တို့က ဒီကိုလာရတာ လမ်းစရိတ်တောင် အမေက သူများဆီကနေ အတိုးနဲ့ ယူပြီးပေးလိုက်တာ။ အခု လစာက မရတာ ၃ လရှိပြီ။ အခုဆို ၄ လထဲ ရောက်တော့မယ်။ ပိုက်ဆံ မပို့နိုင်တော့ အိမ်မှာလည်း အတိုးနဲ့ ယူစားနေရတယ်။ အဆင်မပြေဘူး။ ရောက်တာ နှစ်နှစ်လောက် ရှိပြီ။ မပေးနိုင်ဘူးဆိုရင်လည်း ပြောပေါ့ တခြားအဆင်ပြေတဲ့ဆီ ပြောင်းလုပ်မှာပေါ့။ အခုက ဘာမှလည်း မပြောဘူး။ ဘယ်ကို သွားတိုင်ရမယ်မှန်းလည်း မသိဘူး။ ဒီမှာက တခုခုဆို တရုတ်လူမျိုးကို ကြောက်နေရတာ။ ကိုယ်က မှားမှားမှန်မှန် အချုပ်ခံရမယ့် ပုံစံဖြစ်နေတယ်” ဟု ပြောသည်။

လက်ရှိတွင် အဆိုပါစက်ရုံ၏ အလုပ်လုပ်ချိန်ကို မနက် ၇ ခွဲမှ ညနေ ၇ နာရီထိ၊ တရက်လျှင် အလုပ်ချိန် ၁၂ နာရီခန့် သတ်မှတ်လုပ်ကိုင်နေရပြီး လစာအနေဖြင့် အလုပ်စတင် ဝင်ရောက်ချိန်တွင် တရုတ်ယွမ်ငွေ ၁၅၀၀ (မြန်မာငွေ ကျပ် ၃ သိန်းကျော်) ခန့် ရရှိပြီး လုပ်ငန်းကျွမ်းကျင်မှုအလိုက် လစာတိုးမြှင့်ပေးကြောင်း သိရသည်။

NDAA ၏ လယ်ယာနှင့် သစ်တောရေးရာ တာဝန်ခံ ဦးလော်စန်း က “တကယ်လို့ အရေးပေါ် အခြေအနေ ဖြစ်လာပြီဆိုရင် ဒီဒေသမှာ လုပ်နေတဲ့ အလုပ်သမားတွေရဲ့ အခွင့်အရေးကို အပြည့်အ၀ အကာကွယ် ပေးထားပါတယ်။ အဲ့ဒီမှာဆိုရင် ရဲ ၁၀ ယောက်လည်း အချိန်ပြည့် ရှိပါတယ်။ တကယ် လို့ သူဌေးက မပေးဘူးဆိုရင် ဒါက တိုင်ပိုင်ခွင့် ရှိပါတယ်။ သူ့နေရာနဲ့သူ တရားရေးကို တိုင်ပိုင်ခွင့် ရှိပါတယ်။ ကျနော်တို့ အထဲကနေ အားလုံး ဖြေရှင်းပေးမှာပါ” ဟု ပြောသည်။

၎င်းကဆက်၍ “အကယ်၍ သူဌေးက ခဏစောင့်ပါ ဒီလ မပေးသေးဘူးဆို ရင်တော့ တလ၊ နှစ်လ စောင့်တာက ဒါက ပုံမှန်ပဲပေါ့။ တကယ်လို့ မပေးဘူးဆိုရင်တော့ ကျနော်တို့ ဒေသခံ လူကြီးပိုင်းနဲ့ အားလုံးပြင်ဆင်ထားပါတယ်။ ဒီလိုစက်ရုံတွေက တလ၊ နှစ်လလောက်တော့ လစာမပေးနိုင်တာလည်း ရှိပါတယ်” ဟု ဆိုသည်။

NDAA ၏ အုပ်ချုပ်မှု နယ်မြေအတွင်း၌ လာရောက်ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နေသည့် လုပ်ငန်းရှင်အများစုမှာ တရုတ်နိုင်ငံသားများ ဖြစ်ကြပြီး ဆေးလိပ်အပါအဝင် အခြားစားသောက်ကုန်၊ အသုံးအဆောင် ပစ္စည်းများကိုလည်း ထုတ်လုပ်ကြသည်။

သို့သော် အဆိုပါ ထုတ်ကုန်များ၏ အရည်အသွေးစံနှုန်း စစ်ဆေးမှုများနှင့် ဖြန့်ချီရောင်းချခွင့် နယ်မြေသတ် မှတ်ချက်များကို စစ်ဆေးလုပ်ဆောင်နိုင်ခြင်း မရှိသေးကြောင်း NDAA က ဆိုသည်။

ဦးလော်စန်း က “နဲနဲပါးပါး ထုတ်တာပါ။ အပေါစားဆေးလိပ်ပေါ့။ အဲ့ဒီ စက်ရုံကထုတ်တဲ့ ဆေးလိပ်တွေကို ဘယ်မှာရောင်း တယ်ဆိုတာတော့ ကျနော်တို့ မသိပါဘူး” ဟု ဦးလော်စန်း က ဆက်ပြောသည်။

NDAA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခမ်းမောင် ကတော့ အဆိုပါ ဆေးလိပ်စက်ရုံဖြစ်စဉ်ကိစ္စမှာ ၎င်းတို့နှင့် ပက်သက်မှု မရှိကြောင်း ကုမ္ပဏီနှင့် အလုပ်သမား အကြား ဖြေရှင်းရမည့် ပြဿနာသာ ဖြစ်ကြောင်း ဧရာဝတီနှင့် သီးသန့် အင်တာဗျူး တွင် ပြောဆိုသည်။

ကနဦးဖြေဆိုမှုတွင် အဆိုပါ စက်ရုံ ရှိမရှိကိုမူ သိရှိခြင်း မရှိကြောင်း ပြောသေးသည်။

အဆိုပါ ဆေးလိပ်စက်ရုံမှ တရက်လျှင် ဆေးလိပ်ဗူးရေ ခုနှစ်သောင်းခွဲခန့် ထုတ်လုပ်နေပြီး ၎င်းဆေးလိပ်များကို တံဆိပ် အမျိုးမျိုး ရိုက်နှိပ်ကာ ရှမ်းပြည်နယ်၊ မိုင်းလားဒေသ အပါအဝင် မန္တလေးတိုင်း ဒေသကြီးအထိပါ ဖြန့်ချီနေခြင်း ဖြစ်ကြောင်း အဆိုပါ စက်ရုံမှ အလုပ်သမားများက ဧရာဝတီသို့ ပြောဆိုသည်။

ဆက်စပ်ဖတ်ရှုရန်

https://burma.irrawaddy.com/article/2019/05/18/191669.html မိုင်းလား နောက်ကွယ်က စီးပွားရေးလုပ်ငန်းများ

https://burma.irrawaddy.com/news/2019/02/22/184177.html ဒစ်ဂျစ်တယ်စီးပွားရေးဇုန် တည်ထောင်ရန် ခွင့်ပြုထားခြင်း မရှိဟု မိုင်းလားခေါင်းဆောင်များပြော

Did you find apk for android? You can find new Free Android Games and apps.
Loading