ပြည်တွင်း၌ အလုပ်အကိုင် အခွင့်လမ်းပေါင်း ၇ သောင်းခွဲခန့် ဖန်တီးပေးမည့် စက်မှုဥယျာဉ် စီမံကိန်း ကို လှည်းကူးမြို့တွင် စင်ကာပူနှင့် မြန်မာကုမ္ပဏီတို့ ဖက်စပ်လုပ်ဆောင်သွားရန် ရှိကြောင်း ရန်ကုန် တိုင်း ဒေသကြီး အစိုးရအဖွဲ့က သိရသည်။
ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ကျနော်တို့ အသေးစိတ် အချက်အလက်တွေ ကတော့ ပြင်ဆင်နေ ဆဲပဲ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ မျှော်မှန်းချက်က စည်ပင်သာယာ ပြင်ပမှာ ရှိတဲ့ မြို့နယ် ၁၁ မြို့နယ် က လူတွေကို သူတို့ မြို့နယ်မှာပဲ သူတို့ အလုပ် လုပ်နိုင်မယ့် အခြေအနေလေးကို ဖန်တီးပေးနိုင်ဖို့ အတွက် ပြင်ဆင်တာ ဖြစ်ပါတယ်။ စင်ကာပူ အစိုးရရဲ့ ရင်းနှီးမြှုပ်နှံမှုလည်း ပါဝင်နေ တဲ့ အတွက်ကြောင့် အာမခံချက် ရှိနိုင်လိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်” ဟု ဧရာဝတီ၏ မေးမြန်း ချက်ကို ဖြေကြားခဲ့သည်။
စက်မှုဥယျာဉ် စီမံကိန်း၏ အခြေခံအဆောက်အအုံများ တည်ဆောက်ပြီးစီးလျှင် နိုင်ငံခြား ရင်းနှီးမြှုပ် နှံမှု အမေရိကန်ဒေါ် လာ ၂ ဒသမ ၅ ဘီလီယံခန့် ဝင်ရောက်မည်ဟု တိုင်းအစိုးရက မျှော်မှန်းထား သည်။
အဆိုပါ စီမံကိန်းအား လွှတ်တော်ကိုယ်စားများကို ရှင်းလင်းတင်ပြရာတွင် ပါဝင်ခဲ့သူတဦးဖြစ်သည့် ပန်းဘဲတန်းမြို့နယ် ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက “စင်ကာပူ အစိုးရပါဝင်တဲ့ Sembcorp ကုမ္ပဏီ၊ ရှယ်ယာ ၆၇ ရာခိုင်နှုန်းနဲ့ ကျန် ၃၃ ရာခိုင် နှုန်းကို City mart ကုမ္ပဏီနဲ့ MAPCO ကုမ္ပဏီတို့ ပူးပေါင်း လုပ်ဆောင်သွားမှာ ဖြစ်တယ်။ အားလုံးပေါင်း ရင်းနှီးမြှုပ်နှံမှုက အမေရိကန် ဒေါ်လာ သန်းပေါင်း ၂၂၅ သန်းကျော်လောက် သုံးစွဲဖို့ရှိတယ်။ ဒီစီမံကိန်းမှာဆိုရင် အလုပ်အကိုင် ရှာဖွေပေး နိုင်မှုက လူ ဦးရေ ၇ သောင်းခွဲလောက်ကို အလုပ်ပေးနိုင်မယ်”ဟု ဧရာဝတီသို့ ပြောသည်။
ယင်းစီမံကိန်းကို Phase 1၊ 2 နှင့် 3 ဟူ၍ အပိုင်း အလိုက် လုပ်ဆောင်ရန် လျာထားပြီး ၉ နှစ် အတွင်း၌ ရင်းနှီးမြှုပ်နှံမှု ပမာဏကို ဆက်တိုက် တိုး၍ လုပ်ဆောင်သွားမည်ဟု ၎င်းက ဆိုသည်။
အဆိုပါ စီမံကိန်းမှာ ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ပိုက်ကြီးဝဲကျေးရွာ၊ တံခွန်ကျေးရွာ၊ အုန်းလှဲ ကျေးရွာအုပ်စု ၊ ညောင် ချမ်းကျေးရွာ အုပ်စုနှင့် ကျွန်းကုန်းကျေးရွာအုပ်စုတို့မှ စုစုပေါင်း လယ်သမား ၁၈၂ ဦးထံမှ ပိုင်ဆိုင်သော လယ်ယာမြေဧက ၁၃၀၀ ဧကကျော်တွင် တည်ဆောက်မည်ဖြစ်ပြီး လယ်သမားများနှင့် သဘောတူညီမှု ရရှိထားကြောင်းလည်း ဦးသန်းနိုင် ဦးက ပြောသည်။
ယင်းစီမံကိန်းတွင် အထွေထွေ စက်မှုလုပ်ငန်းများ၊ လူနေအိမ်များ၊ အသီးအနှံများ စိုက်ပျိုး ထုတ်လုပ် သည့် စက်ရုံ၊ အလုပ် ရုံများ၊ သီးနှံများကို ထုတ်ပိုးသည့် စက်ရုံများနှင့် စိုက်ပျိုးရေး လုပ်ငန်းများနှင့် အဓိက သက်ဆိုင်သော စက်မှုဥယျာဉ် စီမံ ကိန်းများ ပါဝင်မည် ဖြစ်သည်။
လှည်းကူးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းတန် က“ဝန်ကြီးချုပ်က ကရင်တိုင်းရင်း သားရေးရာ ဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုးကို တာဝန်ပေးထားတယ်။ ဝန်ကြီးက လှည်းကူးကို ၂ ခေါက်၊ ၃ ခေါက် ဆင်းပြီးတော့ နေရာကို ရွေး ချယ်ပြီးပါပြီ။ ဘယ်နှစ်ဧကဆိုပြီးတော့ အကြမ်းဖျင်း နေရာလေးကို ဝိုက်ထားပြီးပြီ။ ဒါပေမယ့်လို့ မြေယာဒီကိစ္စ ဝယ်ယူမှု တွေ၊ ပေးချေမှုတွေ အဲဒါတွေကို ပြည့်စုံအောင် မလုပ်ရသေးဘူး”ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် စီမံကိန်း မြေနေရာမှာ စပါးစိုက်ထားသည့် လယ်ကွင်းများသာ ရှိနေပြီး ယင်းနေသည် ၁ ဧကလျှင် ကာလ ပေါက်ဈေး အများဆုံး ကျပ်သိန်း ၁၀၀ ဝန်းကျင်ရှိနေကြောင်း သိရသည်။
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဗဟိုအလုပ်မှု ဆောင် ဦးမြတ်သင်း အောင်က “ပြည်တွင်း စက်မှုဇုန်တွေက နိုင်ငံတော်အစိုးရလည်း ငွေမရှိတော့ ကိုယ်ထူကိုယ်ထပဲ လုပ်တာပဲ။ အထူး စီးပွား ရေးဇုန်ဆိုရင်တော့ အခြေခံလိုအပ်ချက် အားလုံးကို တည်ဆောက်ရေးကို တာဝန်ရှိသူက လုပ်ပေးတယ်။ ဝန်ဆောင်ခတော့ ပေးရတာပေါ့။ ဒီလုပ်တဲ့ နေရာမှာ ဝန်ဆောင်ခကို ပြည်တွင်းလုပ်ငန်းရှင်က ပေးနိုင်မလားပေါ့” ဧရာဝတီသို့ ပြောသည်။
လှည်းကူးမြို့နယ်တွင်နေထိုင်၍ တောင်ဒဂုံ စက်မှုဇုန်တွင် အလုပ်လာရောက်လုပ်ကိုင်သူ မနီလာက “ ကျမတို့ဆိုရင် ကိုယ့်မြို့နယ်မှာ အလုပ်အကိုင်ရှားတဲ့အတွက် အိမ်နဲ့ ဝေးတဲ့နေရာမှာ အိမ်ခန်းလေး ငှားပြီး အလုပ်လာလုပ်ကြရတယ်။ အိမ်ငှားခနဲ့ စားသောက်စရိတ်နဲ့ အိမ်ကိုပြန်ရ၊ ပြန်လာရ စရိတ် တွေနဲ့ဆို ရတဲ့လစာက မကျန်ဘူး ဆိုတော့ အလုပ်လုပ်တာ က အဖတ်မတင်ဘူးဖြစ်နေတယ်။ ဖြစ်နိုင် ရင်တော့ ကိုယ့်အိမ်ကနေပဲ အလုပ်ဆင်းရရင်တော့ ငွေကုန်ကျစရိတ်တွေ လျော့ ကျသွားနိုင်တာပေါ့” ဟု ပြောဆိုသည်။
ယခုအချိန်တွင် ပြည်တွင်းစက်မှုဇုန်များ အနေနှင့် မိမိတို့ဇုန်အတွင်း လိုအပ်သော ရေစီးရေလာ ကောင်းမွန်ရေး၊ ထရန်ဖော် မာ၊ လုံခြုံရေး အစရှိသည့် ကိစ္စရပ်များကို စက်မှုဇုန် စီမံခန့်ခွဲမှု ကော်မတီမှ ဦးဆောင်ပြီး တလလျှင် ၃ သောင်းကျပ်ဖြင့် ကောက်ယူပြီး လုပ်ဆောင်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံက သိရသည်။
ဆက်စပ်ဖတ်ရှု့ရန်
တန်ဖိုးမြှင့် စိုက်ပျိုးရေး ထွက်ကုန်များ ထုတ်လုပ်မည့် စက်မှုဇုန် ဖော်ဆောင်မည်