ရှမ်းအရှေ့၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA) ဥက္ကဋ္ဌ ဦးစိုင်းလင်း က ၎င်းတို့အနေဖြင့် ထာဝရ ငြိမ်းချမ်းရေးလမ်းစဉ်ကို လျှောက်လှမ်းသွားမည်ဖြစ်ကြောင်း ကတိပြု ပြောဆိုလိုက်သည်။
မိုင်းလားမြို့ ငြိမ်းချမ်းရေးရင်ပြင်တွင် ယနေ့မနက်ပိုင်းကပြုလုပ်ခဲ့သော အထူးဒေသ ၄၊ နှစ် ၃၀ ပြည့် ငြိမ်းချမ်းရေးအထိမ်းအမှတ် အခမ်းအနား မိန့်ခွန်းတွင် ယင်းသို့ ထည့်သွင်း ပြောကြားသွားခြင်း ဖြစ်သည်။
ဦးစိုင်းလင်း က “ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်မှာ ၂၁ ရာစု ပင်လုံညီလာခံ စိတ်ဓာတ်ဖြင့် NCA သဘောတူညီချက်ကို စောလျှင်စွာရရှိပြီး နိုင်ငံရေး ဆွေးနွေးပွဲဖြင့် ထာဝရ ငြိမ်းချမ်းရေး လမ်းစဉ်ကို လျှောက်လှမ်းသွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
၎င်းကဆက်၍ “အဖွဲ့အစည်း အသီးသီးမှ အခြေအနေများကို ထည့်သွင်းစဉ်းစား၍ အဖက်ဖက်၌ ပြေည်စွာဆွေးနွေးခြင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် တက်ကြွစွာပါဝင်ခြင်းဖြင့် ကျနော်တို့ ဒေသ ငြိမ်းချမ်းရေး ရေရှည် တည်တံ့ခိုင်မြဲရေး အတွက် အာမခံချက်ရရှိအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ယနေ့ကျင်းပခဲ့သော နှစ် ၃၀ ပြည့် ငြိမ်းချမ်းရေးပွဲတော်တွင် မြန်မာနိုင်ငံတော် အလံကို လွှင့်ထူခဲ့ပြီး မြန်မာနိုင်ငံတော် သီချင်းကိုလည်း သံပြိုင်ဟစ်ကြွေးသီဆိုခဲ့ကြသည်။
ယနေ့ အခမ်းအနားကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း သဝဏ်လွှာပေးပို့ခဲ့ပြီး အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင် (PC) မှ ကိုယ်စားလှယ်များနှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့လည်း တက်ရောက်ခဲ့ကြသည်။
အလားတူ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ အပစ်မရပ်ရသေးသော အဖွဲ့ အစည်းများမှ ထိပ်သီးကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီအချို့နှင့် လူထုပရိတ်သတ် ထောင်နှင့် ချီ တက်ရောက်သည်ကိုလည်း တွေ့ရသည်။
နိုင်ငံတော် အတိုင်ပင်ခံ၏ သဝဏ်လွှာထဲတွင် မိုင်းလားအဖွဲ့ကို NCA ရေးထိုးပြီး နိုင်ငံရေး ဆွေးနွေးပွဲ ရလဒ်များနှင့် အညီ ဖက်ဒရယ်ပြည်ထောင်စုကို အတူတကွ ဖော်ဆောင်ရန် တိုက်တွန်းသွားသည်။
ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ အာမခံချက်များ အပြည့် အဝ ရှိသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရာတွင် ရရှိထားသည့် တည်ငြိမ်အေးချမ်းမှုကို ရေရှည်ခိုင်ခိုင်မာမာ ထိန်းသိမ်းထားနိုင်ပြီး တိုင်းရင်းသားများ၏ အခွင့် အရေးများ၊ လိုလားချက်များကို ဖော်ဆောင်ပေးနိုင်မည့် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြသည်။
“ထိုသို့သော အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲများအား NCA ပါ ပြဌာန်းချက်များနှင့် အညီ ကျင်းပလျက် ရှိသဖြင့် အထူးဒေသ (၄) မိုင်းလား အနေဖြင့် NCA တွင် ပါဝင် လက်မှတ်ရေးထိုးပြီး နိုင်ငံရေး ဆွေးနွေးပွဲ ရလဒ်များနှင့် အညီ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို အတူတကွ ဖော်ဆောင်ရန် ဖိတ်ခေါ်ပါသည်” ဟု သဝဏ်လွှာထဲတွင် ပါရှိသည်။
မိုင်းလားဒေသခံ တိုင်းရင်းသား ပြည်သူများ၏ ရင်တွင်းစကားသံများ၊ သဘောထား အမြင်များကို အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲများမှ တဆင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ အစည်းအဝေးများသို့ ဖက်ဒရယ် အခြေခံ မူများအဖြစ် ရရှိရန်၊ ကျိုးပမ်းရန် အချိန် ရောက်ပြီ ဟုလည်း ဆိုသည်။
ထို့ကြောင့် မိုင်းလား အပါအဝင် ကျန်ရှိနေသည့် တိုင်းရင်းသားလက်နက်ကိုင် ဖွဲ့အစည်းများ အားလုံး ငြိမ်းချမ်းရေး ညီလာခံစာပွဲဝိုင်းတွင် ပါဝင်လာရန် နိုင်ငံတော် အစိုးရက တံခါး အမြဲဖွင့်လှစ် ထားကြောင်း နိုင်ငံတော် အတိုင်ပင်ခံက ဆိုထားသည်။
မိုင်းလား အဖွဲ့အနေဖြင့် အပစ်အခတ် ရပ်စဲရေး စာချုပ်ကို ၁၉၈၉ ခုနှစ်တွင် ရေးထိုးထားပြီး ဖြစ်သော်လည်း NCA ထိုးမှ ပြည်စုံမည် ဆိုလာသဖြင့် ပိုမိုပြည့်စုံစေရန် ပြည်တွင်း၊ ပြည်ပ သက်သေများရှေ့မှောက် လက်နက်ကိုင် အဖွဲ့အစည်းအားလုံးက လက်မှတ်ရေးထိုးမည် ဆိုလျှင် ၎င်းတို့ အနေဖြင့် ရေးထိုးရန်ရှိ ကြောင်း မိုင်းလားအဖွဲ့က ပြောသည်။
မိုင်းလားအဖွဲ့ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ (PSC) အမြဲတမ်းကော်မတီဝင် ဦးကြည်မြင့် က “နိုင်ငံခြားက လူကြီးတွေ သက်သေအနေနဲ့ လာလုပ်ပေးမယ်။ ကျနော်တို့ နိုင်ငံတော် လူကြီးတွေ၊ လွှတ်တော်တွေ အားလုံးရှေ့မှာ အဲလိုထိုးမယ်ဆိုရင် ကျနော်တို့လည်း ထိုးမယ်လေ” ဟု သတင်းထောက်များကို ပြောသည်။
မိုင်းလား အထူးဒေသ (၄) ကို မိုင်းလား၊ ဆီလူး၊ နမ့်ပန်း စသည့် ဒေသ ၃ ခုဖြင့် ဖွဲ့စည်းထားပြီး မြေဧရိယာ အကျယ်အဝန်းအားဖြင့် စုစုပေါင်း ၄၉၅၂ မီတာ ရှိကာ ၂၀၁၄ ခုနှစ် အစိုးရ၏ သန်းခေါင် စာရင်းအရ လူဦးရေ ၁၁၆၈၈၇၊ အိမ်ခြေ ၂၀၅၉၇ ရှိကြောင်း သိရသည်။
မိုင်းလား အဖွဲ့သည် ၁၉၈၉ ခုနှစ်တွင် ဗမာပြည် ကွန်မြူနစ်ပါတီ (CPB) မှ ခွဲထွက်ခဲ့ပြီး NDAA ကို ထူထောင်ခဲ့သည်။ ထိုနှစ် ဇွန် ၃၀ ရက်နေ့မှာပင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ (နဝတ) အစိုးရ လက်ထက်တွင် တပ်မတော်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုးခဲ့သည်။
သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၁ ခုနှစ်ထဲတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ (UPWC) နှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး သဘောတူညီချက် စာချုပ်ကို လက်မှတ်ရေးထိုးထားသည်။
ယခုအခါ အစိုးရက ဖိတ်ခေါ်ထားသော တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို ရေးထိုးနိုင်ရန်အတွက် “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ဦးဆောင်သော မြောက်ပိုင်း မဟာမိတ် ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးရေးကော်မတီ (FPNCC) နှင့် အတူ ပါဝင်လျှက်ရှိသည်။
ဆက်စပ်ဖတ်ရှုရန်
မိုင်းလားရှိ တရုတ်ဆေးလိပ်ကုမ္ပဏီမှ မြန်မာ လုပ်သားများ လုပ်ခလစာ ပြဿနာတက်နေ
မြန်မာ့မြေအား တရုတ်ကုမ္ပဏီထံ ရောင်းထားခြင်း မရှိကြောင်း မိုင်းလားအဖွဲ့ ပြသ