ငြိမ်းချမ်းရေး ရရှိမည်ဟု တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပြည်သူလူထုတို့ထံတွင် မျှော်လင့်ချက် ရှိသဖြင့် တပ်မ တော် အနေဖြင့် နိုင်ငံ အရှေ့ပိုင်း စစ်တိုင်း ၅ တိုင်းတွင် စစ်ရေးလှုပ်ရှားမှုများ ရပ်ဆိုင်းထားခြင်းကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့အထိ ၂ လ တိတိ သက်တမ်း တိုးပေးလိုက်ကြောင်း တပ်မတော် ပြောရေးဆိုခွင့်ရသူ တဦးက ပြောသည်။
တပ်မတော်က စစ်ရေးလှုပ်ရှားမှုများ ရပ်ဆိုင်းပေးသည့် ကာလကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၃၁ ရက်နေ့အထိ တကြိမ်၊ ၂၀၁၉ ခုနှစ်၊ မေလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ ၁ကြိမ် စုစုပေါင်း ၂ ကြိမ် ရပ်ဆိုင်းပေးထားခဲ့ပြီး ဖြစ်သည်။
ယခု ထပ်မံ သက်တမ်း တိုးမြင့်လိုက်သည့် အပစ်ရပ်နယ်မြေ ၅ ခုမှာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အရှေ့ မြောက်တိုင်း စစ်ဌာနချုပ်၊ အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ တြိဂံတိုင်း စစ်ဌာနချုပ်တို့ ဖြစ်သည်။
“ထိတွေ့ တိုက်ခိုက်မှုတွေက အရင်ကထက် စာရင်တော့ အများကြီးကို လျော့နည်းသွားတာ ရှိတယ်။ ကျန်တဲ့ တိုင်းစစ်ဌာနချုပ် နယ် မြေတွေမှာလည်း အဲဒီအတိုင်းပဲ ဖြစ်ပါတယ်။ အဲဒါတွေကတော့ ဒေသခံ ပြည်သူတွေ လက်တွေ့ အကျိုးကျေးဇူး ခံစားရတယ်။ သူတို့ မှာလည်း ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်တွေ မြင့်တက်နေမယ်လို့ ယုံကြည်တယ်။ အဲဒီလို သတင်းတွေလည်း ရတယ်။ ဒါတွေပေါ် မူတည်ပြီး တိုးမြင့်ပေးလိုက်တာ ဖြစ်ပါတယ်”ဟု တပ်မတော်မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ထို့ပြင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ၂၀၂၀ တွင် ထာဝရ ငြိမ်းချမ်းရေးကို ပြည်သူ့ လက်ဝယ်သို့ အပ်မည်ဟု ပြောဆိုထားခြင်းနှင့် ယင်းသံဓိဌာန်ကြောင့် ယခုလို ဆုံးဖြတ်ရခြင်း ဖြစ်ကြောင်းလည်း ဆိုသည်။
“မြန်မာ့သမိုင်းမှာ တခါမှ မရှိဘူးသေးတဲ့ တပ်မတော်က တဖက်သတ် အပစ်အခတ် ရပ်ရေးကို ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ ဒီအပေါ်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များ အနေနဲ့ ဒီအခွင့်အလမ်းကောင်းပေါ်မှာ မူတည်ပြီးတော့ ထာဝရငြိမ်းချမ်းရေး ရရှိအောင် ဆက်လက် ဆောင်ရွက်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆက်လက် ပြောကြားသည်။
ပဏာမ အပစ်ရပ် စာချုပ် (Bilateral Agreement )နှင့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ဆောင်ရွက်နိုင်ရန် အပစ်ရပ် ကာလအဖြစ် တပ်မတော်က သက်တမ်းတိုးပေးနေခြင်း ဖြစ်သည်။
သို့သော် တနိုင်ငံလုံးတွင် အပစ်ရပ်ပေးရန် လိုအပ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်း အဖွဲ့များက တောင်းဆိုလျက်ရှိသည်။
နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနှင့် တွေ့ ဆုံဆွေးနွေး အဖြေရှာနိုင်ရေး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို သက်ဆိုင်ရာ အဖွဲ့ အစည်းအားလုံးက ကနဦး ကြိုးပမ်းရဖြစ်ကြောင်း၊ ABSDF အပါအဝင် အဖွဲ့ များက တောင်းဆိုနေသည်မှာ တနိုင်ငံလုံးတွင် အစိုးရ၊ တပ်မတော်တို့က အပစ်အခတ် ရပ်စဲရေး ကြေညာပေးရေး ဖြစ်ကြောင်း ABCDF မှ ဗဟိုကော်မတီဝင် ရဲဘော်မျိုးဝင်းက ပြောသည်။
“တပ်မတော်က အခုလို နယ်မြေသတ်မှတ်ပြီး အပစ်ရပ်နယ်မြေ ကြေညာလာတာဟာ ဘာပဲ ပြောပြော အပြုသဘောဆောင်တဲ့ တိုးတက်မှုလို့ မြင်လို့ ရတာပေါ့။ ပိုမိုကောင်းမွန်စေချင်တာကတော့ ကျနော်တို့ တောင်းဆိုထားတဲ့အတိုင်း တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးကို အစိုးရ၊ တပ်မတော်ဘက်က ကြေညာပေးစေချင်တယ်”ဟု ၎င်းက ပြောသည်။
လက်ရှိ အကျပ်အတည်းမှာ ရက္ခိုင့် တပ်မတော် (AA) နှင့် တပ်မတော်တို့ကြား ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိပြီး ယခု အကြိမ် အပစ်ရပ် သက်တမ်းတိုးပါက ရခိုင်ဒေသကိုပါ ထည့်သွင်းကြေညာရန် AA ဘက်က အလိုရှိနေသော်လည်း တပ်မတော်က ယင်းနေရာကို ထပ်မံ ချန်လှပ်ထားခဲ့သည်။
အာဆာ အကြမ်းဖက်အဖွဲ့ကြောင့် အနောက်ပိုင်းတိုင်းကို အပစ်ရပ်ဒေသအဖြစ် မကြေညာဟု တပ်မတော်က ကနဦးတွင် အကြောင်းပြခဲ့သည်။
သို့သော် ယနေ့ မိုင်းလားဒေသတွင် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့ဖြစ်သည့် KIA/KIO၊ TNLA ၊ MNDAA နှင့် AA တို့နှင့် အစိုးရအဖွဲ့ ကိုယ်စားလှယ်များကြား ဆွေးနွေးမှုများ ရှိခဲ့ပြီး မျှော်လင့်ထားသည်ထက် အခြေအနေ ပိုကောင်းခဲ့သည်ဟု အစိုးရအဖွဲ့ ကိုယ်စား လှယ် ဦးခင်ဇော်ဦးက မီဒီယာများသို့ ပြောဆိုခဲ့ကြောင်း သိရသည်။
ယင်း ၄ ဖွဲ့ နှင့် အစိုးရ၊ တပ်မတော်တို့ကြား Bilateral စာချုပ် လက်မှတ်ထိုးနိုင်ရေး အတွက် တွေ့ဆုံ ဆွေးနွေးနိုင်ရန် စီစဉ်ထားသော်လည်း ဆွေးနွေးမည့် နေရာ ညှိနှိုင်းမှု အဆင်မပြေ၍ တရားဝင် တွေ့ဆုံ ဆွေးနွေးနိုင်ခြင်း မရှိသေးပေ။
လက်ရှိတွင် တပ်မတော်က အပစ်ရပ်ထားသော တိုင်း ၅ တိုင်း၌ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက အင်အား တည်ဆောက်ခြင်း၊ နယ်မြေ တည်ဆောက်ခြင်း၊ ဆက်ကြေး ကောက်ခံခြင်း၊ ပြည်သူလူထု အပေါ် အနိုင်ကျင့်ခြင်းများ မပြုလုပ်ရန် အမြဲ စောင့်ကြည့် သတိပေးခြင်း၊ ယင်းအဖွဲ့များ၏ စည်းကမ်း ချိုးဖောက် လုပ်ဆောင်မှုများနှင့် ပတ်သက်၍ သတင်း ထုတ်ပြန် ခြင်းများ ပြုလုပ်နေသည်ဟု တပ်မတော်က ဇွန်လအတွင်း ထုတ်ပြန်ပြောဆိုထားသည်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်မှ ၂၀၁၉ခုနှစ် ဇွန်လ ၁၅ ရက် အထိ အပစ်ရပ်ထားသည့် တိုင်း ၅ ခုတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက စည်းကမ်းဖောက်ဖျက်မှု အဖြစ် အစိုးရ တပ်မတော်နှင့် ထိတွေ့မှု ၆၁ ကြိမ်၊ လက်နက်ကိုင် အဖွဲ့ အချင်းချင်း ထိတွေ့မှု ၄၅ ကြိမ်၊ နယ်မြေ ကျော်လွန်လှုပ်ရှားမှု ၅၂၈ ကြိမ်၊ ဆက်ကြေး ကောက်ခံမှု ၅၇ ကြိမ်၊ လူသစ် စုဆောင်းမှု ၇၁ ကြိမ် ရှိခဲ့ကြောင်း တပ်မတော်မှ ဗိုလ်ချုပ် စိုးနိုင်ဦးက မီဒီယာများသို့ ပြောဆိုထားသည်။
ယင်းထုတ်ပြန်မှုတွင် တပ်မတော်နှင့် KIA ထိတွေ့မှု ၁၉ ကြိမ်၊ လက်နက်ကိုင် အချင်းချင်း ထိတွေ့မှုအဖြစ် RCSS/SSA နှင့် TNLA ၊ SSA (ဝမ်ဟိုင်း) ပူးပေါင်းအဖွဲ့ တို့က ၄၂ ကြိမ်ဖြစ်ပွားပြီး အများဆုံး ဖြစ်ခဲ့ကြောင်း၊ နယ်မြေကျော်လွန် လှုပ်ရှား မှုတွင် TNLA သည် အများဆုံး ဖြစ်ပြီး ၁၈၉ ကြိမ် ရှိခဲ့ကြောင်း၊ ဆက်ကြေး ကောက်ခံမှု အနေဖြင့် RCSS/SSA အဖွဲ့က အများဆုံး ဖြစ်ပြီး ၃၀ ကြိမ် ရှိကြောင်း၊ လူသစ်စု ဆောင်းမှုတွင်လည်း RCSS/SSA အဖွဲ့သည် အများဆုံးဖြစ်ပြီး ၂၂ ကြိမ် ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တပ်မတော်၏ စစ်ရေးလှုပ်ရှားမှုများ ရပ်ဆိုင်းရန် ထပ်မံ သက်တမ်းတိုးရခြင်းမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ဆွေးနွေးနိုင်ခဲ့ခြင်း၊ ဒေသခံ ပြည်သူများ၏ ငြိမ်းချမ်းရေး အပေါ် မျှော်လင့်ချက်ကို သိရှိခြင်းနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်နေသည့် အဖွဲ့ အစည်း အားလုံး၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ယုံကြည်ချက် အပြည့်နှင့် ဆက်လက် ဆောင်ရွက်သွားနိုင်ရေး ရည်ရွယ်၍ ဖြစ်ကြောင်း သိရသည်။
“အကျိုးကျေးဇူးကတော့ ဒီမြောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေမှာဆိုရင် တိုက်ပွဲ မဖြစ်သလောက်ပဲ။ IDPs တွေနဲ့ ပတ်သက်ပြီး တော့ နေရပ်ပြန်နိုင်ရေးတွေ ဆောင်ရွက်ပေးနိုင်ခဲ့တာ ရှိတယ်။ အရှေ့နောက်တိုင်း စစ်ဌာနချုပ် နယ်မြေမှာ ဆိုရင် ပထမပိုင်းမှာ တော့ RCSS/SSA နဲ့ SSPP/SSA အဖွဲ့ နဲ့ အချင်းချင်း တိုက်ပွဲ ဖြစ်ပွားတာ ရှိတယ်။ နောက်ပိုင်း ၂ လတာ ကာလအတွင်းမှာ သူတို့ အချင်းချင်းလည်း မဖြစ်တော့ဘဲနဲ့ လျော့နည်းသွားတာ ရှိတယ်”ဟု တပ်မတော်မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ပြီးခဲ့သည့် အပစ်ရပ်ကာလများအတွင်း ကချင် လွတ်လပ်ရေး တပ်မတော် (KIA/KIO)၊ ရက္ခိုင် စစ်တပ် (AA) ၊ ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA)၊ SSA (ဝမ်ဟိုင်း) RCSS/SSA တပ်ဖွဲ့များသည် အစိုးရတပ်နှင့် ထိတွေ့မှု၊ တိုင်းရင်းသား လက်နက် ကိုင် အချင်း ချင်း ထိတွေ့မှု၊ ဆက်ကြေး ကောက်ခံမှု ၊ လူသစ် စုဆောင်းမှု၊ နယ်မြေ ကျော်လွန် လှုပ်ရှားမှုများ အသီးသီး ရှိခဲ့ကြောင်း တပ်မတော်က သတင်း ထုတ်ပြန်ထားသည်။
ဆက်စပ်ဖတ်ရှုရန်
ရခိုင် တိုက်ပွဲတွေကြားက မြေစာပင်များ
မြန်မာ့ တပ်မတော် အပေါ် အမေရိကန် အရေးယူရန် ကြိုးပမ်းမှုမှာ နှစ်စဉ် လုပ်နေကြဟုဆို
မဘသ အမည်ပြောင်း အဖွဲ့ကို ငွေလှူရခြင်းမှာ အားပေးရမည့် အဖွဲ့ ဖြစ်၍ဟု တပ်မတော် ပြော