အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင် (Peace Commission) နှင့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့သည် ရှမ်းအရှေ့၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA) ရုံးစိုက်ရာ မိုင်းလားမြို့ပေါ်တွင် ဇွန် ၃၀ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
နှစ်ဘက်တွေ့ဆုံရေး နေရာ ညှိနှိုင်း မရသဖြင့် ဆွေးနွေးပွဲ ကြန့်ကြာနေရာမှ NDAA နှစ် ၃၀ မြောက် ငြိမ်းချမ်းရေး အခမ်းအနား ခရီးစဉ်တွင် NDAA ၏ ကြားဝင်စေ့စပ်ပေးမှုမှတဆင့် နှစ်ဘက်တွေ့ဆုံဖြစ်ခဲ့ကြခြင်း ဖြစ်သည်။
ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) ဦးခင်ဇော်ဦး က “ဒီနေ့ဆွေးနွေးပွဲကတော့ ခြုံပြီးပြောရရင် ကောင်းပါတယ်။ ကျနော်တို့ ရေးထားတဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်ဆဲရေး မူကြမ်း သူတို့ကို ပေးဖို့ ဖြစ်ပါတယ်။ သာမန်အား ဖြင့်တော့ ဒီလောက်ပါပဲ။ တရားဝင် ပေးတာပေါ့” ဟု သတင်းထောက်များကို ရှင်းပြသည်။
မူကြမ်းထဲတွင် ပါဝင်သည့် အချက်အလက်များကိုတော့ သတင်းမီဒီယာထံထုတ်ပြော၍ မရသေးကြောင်း ဦးခင်ဇော်ဦး က ပြောသည်။
ဦးခင်ဇော်ဦး က “အဲ့ဒီထဲမှာ ပါတာတွေက မူကြမ်းအဆင့်သာ ရှိသေးတာကြောင့် ဘယ်သူ့၊ ဘယ်သူကိုမှ မပြောသေးပါဘူး။ ဘယ်သူ့ကိုမှ မပြောဖို့ကိုလည်း သူတို့ကို မေတ္တာရပ်ခံထားပါတယ်။ ကျနော်တို့လည်း ဘယ်သူကိုမှ မပြောပါဘူး။ ဒါတွေက မညှိရသေးတဲ့အတွက် မူကြမ်းထဲမှာ ဘယ်အချက်တွေပါတယ်ဆိုပြီး ပြောလို့ မသင့်သေးပါဘူး” ဟု ဆိုသည်။
ယနေ့ဆွေးနွေးပွဲတွင် မြောက်ပိုင်း မဟာမိတ်အဖွဲ့များဘက်က ၎င်းတို့ ကြုံတွေ့နေရသည့် အခက်အခဲများကို ရင်ဖွင့် ပြောဆိုခဲ့ကြပြီး ငြိမ်းချမ်းရေး ကော်မရှင်ကလည်း အပစ်ရပ်ကာလ ထပ်တိုးနိုင်ရေး အကြံပြု ဆွေးနွေးခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် ရက္ခိုင်စစ်တပ် (AA) ကလည်း အပစ်ရပ်နယ်မြေကြေညာရာတွင် ရခိုင်ပြည်နယ်ကိုလည်း ထည့်သွင်းပေးရေး တင်ပြခဲ့ကြောင်း သိရသည်။
အစည်းအဝေး အပြီးတွင် AA ဒုစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင် က “အစည်းအဝေး ဆုံးဖြတ်ချက်ကို အစိုးရဘက်ကိုသာ မေးကြည့်ပါ။ ကျနော်ပြောစရာ မရှိပါဘူး” ဟု ပြောသည်။
သို့သော်လည်း မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ကိုးကန့်အဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် ဒုတိယဗိုလ်မှူးကြီး ဖုန်းဝင်းနိုင် က “အဆင်ပြေပါတယ်။ အဓိကကတော့ ကျနော်တို့ အရင်တုန်းက ဆွေးနွေးတဲ့ ကိစ္စကို ဆက်ပြီး ရှေ့တိုးလာသွားတာပေါ့နော်၊ အခြေအနေက တဖြည်းဖြည်းကောင်းပါတယ်” ဟု ပြောသည်။
တပ်မတော်က စစ်တိုင်း ၅ တိုင်းတွင် အပစ်အခတ် ရပ်စဲပေးထားသည်မှာလည်း ဇွန် ၃၀ ရက်နေ့တွင် ပြည့်သွားခဲ့ပြီး နောက်ထပ်သက်တမ်းတိုးရန်အတွက်မှာ ယခုဆွေးနွေးပွဲက အရေးပါခဲ့သည်။
မြောက်ပိုင်း မဟာမိတ်အဖွဲ့နှင့် အစိုးရ ငြိမ်းချမ်းရေးကော်မရှင်တို့ အကြား နေရာညှိနှိုင်း မရသဖြင့် ဆွေးနွေးပွဲကို အကြိမ်ကြိမ်ရွှေ့ဆိုင်းခဲ့ရသည်။
ယခုဆွေးနွေးပွဲဖြစ်မြောက်ရန် အတွက် အိမ်ရှင် မိုင်းလား အဖွဲ့က ကြားဝင် ညှိနှိုင်းပေးမှုများ ရှိခဲ့ကြောင်း မိုင်းလား အဖွဲ့၏ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေး ကော်မတီ (PSC) ၏ အမြဲတမ်း ကော်မတီဝင် ဦးကြည်မြင့် က ပြောသည်။
You may also like these stories:
မြောက်ပိုင်း မဟာမိတ်နှင့် အစိုးရတို့ တွေ့ဆုံနိုင်ရေး နေရာညှိမရ၍ ကြန့်ကြာနေ
မြောက်ပိုင်းမဟာမိတ်နှင့် Bilateral ချုပ်ဆိုရေးကို ဦးတည် ဆွေးနွေးရန် အစိုးရလက်ခံ
အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် Bilateral ထိုးနိုင်ရေး ညှိနှိုင်းမည်
မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ အတူတွဲတွေ့ရန် အဆိုပြုချက် အစိုးရလက်ခံ
မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့ အကောင့်များ Facebook ပိတ်